ကံပေါက်ရွာဒေသခံများကို စစ်ကောင်စီဖမ်းဆီး

0
1152
ပုံစာ - သစ်တောလမ်းဆုံဂိတ်နေရာအား ၂၀၂၀ ခုနှစ်က ကိုဗစ်စစ်ဆေးရေးဂိတ် အဖြစ်မြင်တွေ့ရစဥ်(ပုံအဟောင်း)

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ တွင် နိုဝင်ဘာလ ၄ ရက် ညပိုင်းက ရွာအဝင်သစ်တောလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီက သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

သစ်တောလမ်းဆုံအနီးရှိ မဂ္ဂင်ရပ်ကွက်၊ ရဲရင့်ချောင်း၊ ဆင်ရံတံတားအနီးတွင် အရက်ထိုင်သောက် နေသူတစ်စုကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆင်ရံတံတားအနီးရှိ အရက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဆင်ရံတံတားအနီး နေထိုင်သူများကဆိုသည်။

“ သေနတ်နဲ့လှန့်ပစ်တော့ အရက်သောက်နေတဲ့လူတွေက အရက်ဆိုင်ထဲဝင်ပြေးသွားတာကို စစ်တပ်က ကားတွေနဲ့ အရက်ဆိုင်ကိုလာဝိုင်းပြီး ဖမ်းသွားတယ်။ လာဝိုင်းတာ ကားတွေတော်တော်များများပါတယ် အိမ်စီးကားတွေရော၊ စစ်ကားတွေရောပါတယ်“ ဟု မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

အဖမ်းခံရသူများ၏ အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်ကားများ ကံပေါက်ရွာအတွင်း ကင်းပတ်နေပြီး ခေါ်ယူစစ်ဆေးခံရသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။ 

ယနေ့မနက်(နိုဝင်ဘာ ၅)တွင်မူ ကံပေါက်ရွာသစ်တောရုံးလမ်းဆုံ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် ပုံမှန်အတိုင်းဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကျေးရွာအတွင်းတွင်လည်း ပုံမှန်အတိုင်း သွားလာနေကြကြောင်း ယာဥ်မောင်းများနှင့်ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ကံပေါက်ရွာအဝင် သစ်တောရုံးလမ်းဆုံ စစ်ဆေးရေးဂိတ်ကို နေ့တစ်ဝက် လမ်းပိတ်ခဲ့ပြီး လမ်းပိတ်သည့်အကြောင်းအရင်းကိုမူ တိတိကျကျမသိရပေ။

ယခုနှစ် ဇူလိုင်လက အဆိုပါသစ်တောရုံးလမ်းဆုံတွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၂ လုံးတွေ့ရှိခဲ့ပြီးနောက်တွင် မောရဝတီရေတပ်က လာရောက်တပ်စွဲကာ စစ်ဆေးရေးဂိတ်ဖွင့်ထားခြင်းဖြစ်သည်။

စက်တင်ဘာလ နောက်ဆုံးအပတ်က ယင်းစစ်ဆေးရေးဂိတ် ဗုံးချတိုက်ခိုက်ခံရသေးသည်။