တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
818

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ

ရှမ်းမြောက်မှာ မြို့လေးမြို့နဲ့ စခန်းတစ်ရာကျော်ကို သိမ်းထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေပြော

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့လေးမြို့ကို လုံးဝထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကိုလည်း သိမ်းယူထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေက နိုဝင်ဘာလ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်နယ်စပ်ဂိတ်ရှိတဲ့ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် သုံးမြို့ကို လက်လွှတ် လိုက်ရပြီလို့ နိုဝင်ဘာလ ၁ရက်နေ့မှာ ဝန်ခံထားပါတယ်။

တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိထားပြီး သံချပ်ကာခြောက်စီးကိုလည်း သိမ်းယူထားနိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်တွေ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ ဖမ်းမိသလို လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တွေလည်း ရာနှင့်ချီရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်တော့ ရှမ်းမြောက်မှာ လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ကူတွေကို အဓိက အားပြုလာပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ လားရှိုးကနေ မူဆယ်၊ လားရှိုးကနေ ချင်းရွှေဟော်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး အထူးသဖြင့် ကိုးကန့်ခရိုင်မှာ ပြင်းထန်နေပါတယ်။

ပြင်ဦးလွင်ကနေ လာရှိုးဘက်ကို စစ်ကောင်စီတပ်က အင်အားဖြည့်ဖို့ တက်လာတဲ့အတွက် ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာလည်း ဖော်ဆောင်နေပါတယ်။ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်းနဲ့ ချင်းတို့မှာလည်း စစ်ကောင်စီကို တိုက်ခိုက်နေကြပါတယ်။

……………………………………

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန် ပိတ်ဆို့အရေးယူ

ပုံစာ – MOGE ကို အမေရိကန်က အရေးယူပေးရန် ဂျပန်ရောက် မြန်မာများတောင်းဆိုစဉ်။

စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ပါတယ်။

MOGE ဟာ စစ်ကောင်စီအတွက် နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီ‌ ထောက်ပံ့ပေးနေတာပါ။

ဒါကြောင့် နိုင်ငံခြားပိုင်ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်ပြီး ဒီအရေးယူမှုဟာ လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာစတင် အကျိုးသက်ရောက်မယ်လို့ အမေရိကန်ပြည်ထောင်စုက အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အရေးယူပိတ်ဆို့ရာမှာ ငွေချေးတာ၊ ဘဏ်စာရင်းဖွင့်တာ၊ အာမခံပေးတာ၊ ရင်းနှီးမြှုပ်နှံတာနဲ့ တခြားဘဏ္ဍာရေး ဝန်ဆောင်မှုများဆိုင်ရာ ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုနဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအပါအဝင် လူပုဂ္ဂိုလ် ၅ ဦးကိုပါ အရေးယူခဲ့ပါသေးတယ်။

လူပုဂ္ဂိုလ် စာရင်းတွင် စစ်ကောင်စီဝန်ကြီး ဦးချာလီသန်းနှင့် ဒေါက်တာကံဇော်၊ ဥပဒေရေးရာညွှန်ချုပ် ဒေါက်တာဆွေဆွေအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးဇော်မင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးပေးနေသူနဲ့ ငွေကြေးထောက်ပံ့ပေးနေသူ ၅ ဦးနဲ့ ကုမ္ပဏီတစ်ခုကိုလည်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါနိုင်ငံတို့ ပူးပေါင်းပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက် ပါတယ်။

……………………………………

ရှမ်းမြောက်မှာ အရပ်သားကိုးဦးထက်မနည်းသေဆုံးပြီး စစ်ဘေးရှောင်သောင်းနဲ့ချီတိုးလာ

ပုံစာ – လားရှိုးမြို့က စစ်ဘေးရှောင်များ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ကိုးဦးထက်မနည်း သေဆုံးပြီး စစ်ဘေးရှောင်လည်း နှစ်သောင်းကျော် တိုးမြှင့်လာတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

လတ်တလောမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၂၃၀၀၀ ကျော် တိုးလာပြီး ရှမ်းမြောက်မှာ စစ်ဘေးရှောင်စုစုပေါင်း ၃၇၀၀၀ ကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ မြို့နယ် ၂၂ခုရှိတဲ့အနက် ကိုးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေက လုံခြုံရေး တင်းကျပ်ထားတာကြောင့် အချိန်မီဆေးကုသခွင့်မရလို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားသလို ကိုးကန့်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပြတ်တောက်နေပါတယ်။ ကွတ်ခိုင်မှာဆိုရင် လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်တွေဟာ ဘာသာရေးအဆောက်အအုံတွေနဲ့ တောတောင်ထဲမှာ ခိုလှုံနေကြရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေလည်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

……………………………………

ရှမ်းမြောက်မှာ စစ်ရေးပြင်းထန်နေချိန် တရုတ်ဝန်ကြီး နေပြည်တော်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ် ပြည်သူ့လုံခြုံရေးဝန်ကြီး လည်းဖြစ်တဲ့ မစ္စတာ ဝမ်ရှောက်ဟုန် နေပြည်တော်သို့ ရောက်လာပြီး စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ ဝန်ကြီးဌာနချင်း ပူးပေါင်းကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်း အဝေးကို တက်ရောက်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က ရောက်ရှိလာတာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ မှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဝမ်ရဲ့ခရီးစဉ်ဟာ ရှမ်းမြောက်တိုက်ပွဲ မတိုင်ခင်ကတည်း စီစဉ်ထားတာဖြစ်ပေမယ့် ရှမ်းမြောက်အရေး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာ ရှမ်းမြောက်အရေး ဆွေးနွေးခဲ့တယ်လို့ဆိုပြီး တရုတ်သံရုံးက သတင်းထုတ်ပြန် ရာမှာတော့ ရှမ်းမြောက်အရေးဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကို ကြားဝင်ညှိနှိုင်းပေးတာ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။

……………………………………

ဝန်ကြီးဟောင်းဦးရဲထွဋ် အဖမ်းခံရ

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုပြီး ရန်ကုန်က နေအိမ်မှာ အောက်တိုဘာလ ၂၈ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရတာပါ။

ဦးရဲထွဋ်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဦးရဲထွဋ်ဟာ စစ်ကောင်စီကို တိုက်ရိုက်၊ သွယ်ဝိုက်နည်းလမ်းတွေနဲ့ ဝေဖန်ရေးသားနေသူဖြစ်လို့ ဖမ်းဆီးခံရတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဖမ်းဆီးခံရမှု မတိုင်ခင် ဦးရဲထွဋ်ကို ဖမ်းဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေ လှုံ့ဆော်ရေးသားခဲ့ကြပါတယ်။

……………………………………

ရခိုင်အခြေစိုက် DMG သတင်းဌာနဝင်စီးခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး သတင်းထောက်တစ်ဦးနဲ့ ရုံးစောင့်တစ်ဦးတို့ကို ဖမ်းဆီးသွားပါတယ်။

အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စသုံးလုံး၊ သတင်းရဲတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်္ဟာ ကားသုံးစီးနဲ့ ဝင်ရောက်စီးနင်းတာဖြစ်ပါတယ်။ ရုံးပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာနဲ့ ကင်မရာတွေ သိမ်းဆည်းသွားပြီး ရုံးကိုလည်း ချိပ်ပိတ်ထားခဲ့တယ်လို့ DMG က ထုတ်ပြန်ပါတယ်။

သတင်းထောက် ကိုထက်အောင်နဲ့ ရုံးစောင့်တို့ကို စစ်တွေ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ အမှုဖွင့် ထားတယ်လို့ဆိုပါတယ်။ DMG ဟာ လုပ်ငန်းလိုင်စင်မရှိတဲ့ လုပ်ကိုင်နေတဲ့အတွက် အခုလို အမှုဖွင့်ခံရတာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ DMG အယ်ဒီတာချုပ်ကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) နဲ့ တရားစွဲခဲ့တာကြောင့် အယ်ဒီတာချုပ်မှာ တိမ်းရှောင်နေရပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း DMG ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခဲ့ပါသေးတယ်။

……………………………………

ဦးပိန်တံတားကျိုးကျ

နှစ်သက်တမ်း ၁၇၀ကျော်ရှိတဲ့ ဦးပိန်တံတားဟာ လာရောက်လည်ပတ်သူများတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျိုးကျသွားပါတယ်။

အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းမှာ လည်ပတ်သူများနေချိန် တံးတားရဲ့ ၈ ပေ အခန်း နှစ်ခန်း ကျိုးကျတာဖြစ်ပြီး ပြုတ်ကျတဲ့ လူတွေကိုတော့ ငှက်လှေသမားတွေက ကယ်ဆယ်ခဲ့ပါတယ်။

တံတားကို အခါကြီးနေ့ကြီးတွေမှာ လာရောက်လည်ပတ်သူ အလွန်များပြီး တံတားရဲ့ ကြံ့ခိုင်မှုအားနည်းတာကြောင့် အခုလို ကျိုးကျတာလို့ ဆိုပါတယ်။ တံတားကိုပြုပြင်လိုက်ပြီ ဖြစ်တာကြောင့် နိုဝင်ဘာလ ၁ရက်နေ့မှာ ပုံမှန်အတိုင်း သွားလာနိုင်ပြီလို့ စစ်ကောင်စီသတင်းစာတွေက ထုတ်ပြန်ပါတယ်။

သစ်သားအသစ်တွေနဲ့ မြန်မြန်ဆန်ဆန် အစားထိုးပြင်ဆင်လိုက်တာဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနစ် ထိန်းသိမ်းရေးစံနှုန်းများနှင့် ကိုက်ညီပါရဲ့လားလို့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

တံတားခံနိုင်အားနဲ့ လာရောက်လည်ပတ်သူ အရေအတွက်ကို မသတ်မှတ်ထားတာ၊ တံတားကို စောင့်ကြည့်မှု အားနည်းတာတွေကြောင့် အခုလိုကျိုးကျရတာလို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

……………………………………