ရေဖြူတွင် စစ်တပ်ဆေးမှုထမ်းဟောင်းတစ်ဦး ၁၄ ရက်ကြာအထိ ဆက်သွယ်မရဘဲ ပျောက်နေဟုဆို

0
974

ရေဖြူမူးဒူးရွာ တွင် အသက် ၇၄ နှစ်အရွယ်ရှိ စစ်တပ်ဆေးမှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ဦးတင်လတ်(ခ)ဆရာမောင်လတ် ဆိုသူမှာ မိသားစု နှင့် ဆက်သွယ်မရသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင် များထံမှသိရ သည်။

ဦးမောင်လတ်သည် ထားဝယ်မြို့ ရှိ နေအိမ်မှ ရေဖြူမြို့နယ် မူးဒူးရွာသို့ အောက်တိုဘာ ၁၈ ရက်နေ့က ဆင်းသွားသည်ဟု ဆိုသည်။

ယင်းနောက် ‌အောင်တိုဘာလ ၂၀ ရက်နေ့ တွင် မိသားစုနှင့် နောက်ဆုံး ဆက်သွယ်ရပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ဆက်သွယ်မရဖြစ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဟု မိသားစုဝင် တစ်ဦးကပြောသည်။

“ဗေဒင်သွား‌ မေးတာတော့ ရှိတယ်လို့ပဲပြောတယ်” ဟု မိသားစုဝင်တစ်ဦးက လူပျောက်သဖြင့် ဗေဒင်ဆရာထံသွားမေးခဲ့သည်ကို ပြန်လည်ပြောပြသည်။

ဦးမောင်လတ်သည် မွန်ပြည် အခြေစိုက် ခလရ ၉၆ တပ်ရင်းတွင် အမှုထမ်းခဲ့ဖူးသည့် ဆေးတပ်သားဟောင်း တစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

ဦးမောင်လတ်သည် သရက်ချောင်းမြို့နယ် ဆင်ကူးရွာ ဇာတိဖြစ်ပြီး ၁၉၇၅ ခုနှစ် တွင် စစ်တပ်မှာ အနားယူပြီး နောက် နှစ်ပေါင်းလေးဆယ်အတွင်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ကျေးရွာတွင်လည်း နေထိုင်ခဲ့ဖူး ကြောင်းသိရသည်။

ယင်းနောက် ရေဖြူမြို့နယ်ရှိ မူးဒူးရွာတွင် ယခုလက်ရှိ နေထိုင်ကာ နဘုလယ်ဒေသတစ်ခွင် တွင်လည်း ဆေးဆရာမောင်လတ်ဟု လူသိများသူတစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်း ဝင်လာသဖြင့် ‌မူးဒူးရွာတွင် နေအိမ် ၁၉ ဆောင်မီးရှို့ခံလိုက်ရပြီး မူးဒူးရွာသား သုံးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ထိုရွာသား သုံးဦးမှာဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် ပြန်လွတ်လာကြောင်း မူးဒူး ရွာသားများထံမှသိရသည်။

စစ်ကြောင်းဝင်လာပြီးနောက် ဦး‌မောင်လတ်ကဲ့သို့ ပျောက်ဆုံးသွားမှုမှာ အခြားဒေသများတွင်လည်း ဖြစ်နေပြီး လောင်းလုံးမြို့ ပန်းတင်အင်းရွာအနီး တွင် ဆေးကုသနေသည့် စစ်ဆေးတပ်သား တစ်ဦးနှင့် အရက်လှည့်ရောင်းသည့် ပန်းတင်အင်းရွာသား တစ်ဦးလည်း အလားတူဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။