ရွှေ၊ဘတ်နှင့် စက်သုံးဆီဈေးကွက် သုံးသပ်ချက်

0
1232

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ တရွေ့ရွေ့ တက်ရိပ်ပြနေသည်။

ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဆက်တိုက်ကျခဲ့သည့် ရွှေဈေးသည် ယခုအပတ်တွင် တရွေ့ရွေ့ဖြင့် တက်ရိပ်ပြလာခဲ့သည်။

ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင်မှ ၃၅ သိန်း ဝန်းကျင်အထိ ဈေးတက်လာ ခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အတက်ဘက်ရောက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၀ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်စွန်းစွန်းပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၇  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၅၀ ကျပ် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ဆက်ပြီးတက်ရိပ်ပြလာနိုင်သည်ဟု ခန့်မှန်းရသည်။

စစ်ရိပ်စစ်ငွေ့သမ်းနေသည့် ကမ္ဘာ့အခင်းအကျင်းကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးက အတက်ဘက်ရောက် လာသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၉၃ ဒေါ်လာဝန်းကျင် ဈေးပေါက်နေသည်။ဒေါ်လာငွေလဲနှုန်းကလည်း တစ်ဒေါ်လာလျှင် ငွေကျပ်၃၃၀၀ ဝန်းကျင်ပေါက်ဈေးရှိနေသည်။

ပြည်တွင်းတွင်လည်း ရှမ်းမြောက်ဒေသအပါအဝင် အရှိန်မြင့်လာသည့် စစ်ရေးအခြေအနေများက ရွှေဈေးကို အတက်ဘက်ရောက်အောင် တွန်းပို့နေသည်။

ထို့အပြင် မီးလောင်ရာလေပင့်ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သွားခဲ့သည်။

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြား ဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့လိုက်သည်။

နိုင်ငံခြားပိုင် ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အကျိုးသက်မည်ဖြစ်သည်။

ထိုအခင်းအကျင်းများကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သည့် ကာလဖြစ်ကြောင်း သုံးသပ်ရသည်။

သို့ရာတွင် ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးခြင်းကြောင့် ကြီးမားသည့်အပြောင်းအလဲ မရှိနိုင်ပေ။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးလည်း တက်လာနိုင်သည်။