ကူရာမဲ့နေသည့် အိမ်မီးရှို့ခံရသူများ

0
1683

ရွာအလယ်မှ ထွက်ပေါ်လာသည့် မီးခိုးလုံးများကို ကြည့်နေရင်း မိမိတို့အိမ်လေး မီးရှို့ခံရပြီလားဟု စိုးရိမ်နေသူများထဲတွင် ကိုခိုင်စိုး(အမည်လွှဲ)လည်းပါသည်။

ငြိမ်းချမ်းသာယာခဲ့သည့် ပင်လယ်ကမ်းခြေ တံငါရွာလေး။ ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်စပြုနေသည့် ဖိုးဖိုးကျောက်ကမ်းခြေ တည်ရှိရာ ညောပြင်ကျေးရွာလေးမှာ ယခုတော့ မီးခိုးလုံးကြီးများ တလူလူထွက်နေသည်။

ယခုနှစ် မတ်လ ၂၁ ရက် နွေမွန်းတည့်အချိန်တွင် စစ်ကောင်စီတပ်က ရွာထဲရောက်လာသဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရသည်။

လူသူကင်းမဲ့နေသည့် ကျေးရွာအတွင်း စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့‌ခဲ့သည်။
နေ့လယ် ၁၂ နာရီလောက်ကတည်းက လောင်ကျွမ်းနေသည့် မီးတောက်ကြီးမှာ ညနေမိုးချုပ်အချိန်တွင် အရှိန်သေစပြုလာသည်။

ကိုခိုင်စိုးအပါအဝင် ယောက်ျားသားအချို့ ရွာထဲချဉ်းကပ်ဝင်လာကြသည်။ အခြေအနေအကဲခတ်ကြည့်သည်။

မီးတိုက်ခဲ့သည့် စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့များကမူ ရွာထဲတွင်မရှိတော့။

တစ်ချို့အိမ်တွေကို မီးတောက်ကြီးက ဝါးမျိုနေဆဲ။ မီးလောင်ထားသော သစ်တိုင်များထိုးထိုးထောင် နေကြသလို အချို့ဓနိမိုး၊ ဝါးထရံကာ အိမ်‌များကမူ ပြာပုံအတိ။

မီးလောင်ပြာကျသွားသည့်အထဲ ကိုခိုင်စိုးတို့မိသားစုပိုင် တိုက်တစ်ပိုင်းအိမ်လည်းပါဝင်သည်။

“သူတို့က( စစ်ကောင်စီက) အကြောက်တရားရိုက်သွင်းလိုက်တာ။ PDF တွေကို မထောက်ပံ့နိုင်အောင် အိမ်တွေကို မီးရှို့ပစ်လိုက်တာ” ဟု ကိုခိုင်စိုးကဆိုသည်။

သာမန်ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်းဖြင့် တော်လှန်ရေးအဖွဲ့များကို ပြည်သူ့ထောက်ခံမှု ကျစေရေး စစ်ကောင်စီက ကျင့်သုံးသည့် ဗျူဟာ တစ်နည်းအားဖြင့် ကြွက်မနိုင်ကျီမီးရှို့ ဗျူဟာကြောင့် ပြည်သူများမှာ နေ့ချင်းညချင်းပင် အိုးအိမ်မဲ့သွားကြရသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း နေအိမ် ၇၀၀ ထက်မနည်း မီးရှို့ခံခဲ့ရကြောင်း တနင်္သာရီတိုင်းအခြေစိုက် လွတ်လပ်သည့် သုတေသန အဖွဲ့အစည်းဖြစ်သော FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ပင် သုတေသန အဖွဲ့တစ်ခုဖြစ်သည့် ISP-Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ၁၈ လအတွင်း တနင်္သာရီတိုင်းတွင် မီးရှို့ခံရသည့်နေအိမ် ရှစ်ရာကျော်(၈၄၆) ရှိကြောင်းဆိုသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အာဏာသိမ်းကာလ ၁၈ လအတွင်း နေအိမ် ခြောက်သောင်းကျော်( ၆၂၂၉၄) မီးရှို့ဖျက်‌ဆီးခံထားရကြောင်း ISP မြန်မာ၏ စက်တင်ဘာလ ၂၉ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

အများဆုံးမီးရှို့ခံရသည်မှာ စစ်ကိုင်းတိုင်းဖြစ်ပြီး မကွေးတိုင်းက ဒုတိအများဆုံးဖြစ်သည်။
ယင်းမီးရှို့မှုများကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်တွင်လည်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးသည်။

တနင်္သာရီတိုင်းတွင် မီးရှို့ခံမှုအများဆုံးမှာ မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ဖြစ်ပြီး ထားဝယ်ခရိုင်တွင်မူ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်နှင့် အောက်ဖက်ကျေးရွာများ၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိကျေးရွာများနှင့် လောင်းလုံးမြို့နယ်တို့ဖြစ်သည်။

မီးလောင်သွားသည့် ဘဝများ

“ကိုယ့်အိမ်မီးရှို့ခံရပြီဆိုတာသိတဲ့အချိန် စိတ်ထဲ အခဲမကြေသလိုခံစားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးလေ” ဟု ကိုခိုင်စိုးကဆိုသည်။

ဝမ်းနည်းပူဆွေးနေသည့် အသက် ၆၀ ကျော် မိဘနှစ်ပါးကို နှစ်သိမ့်အားပေးနေသော်လည်း ၎င်းကိုယ်တိုင်ကမူ အိုးအိမ်မဲ့ဘဝကျရောက်‌မည့် အရေးကိုတွေးပြီး စိတ်သောက ရောက်နေခဲ့သည်ဟု ကိုခိုင်စိုးကဆိုသည်။

ထိုအချိန်က မီးရှို့ခံရသည့်အထဲတွင် ညောပြင်ရွာအပြင် ကပ်လျက်ရှိ အောက်ကျောက်ဝပ် ရွာလည်းပါဝင်သေးသည်။

ထိုရွာနှစ်ခုပေါင်း နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် ဒေသခံအချို့လည်း ပစ်သတ်ခံခဲ့ရသေးသည်။

နေအိမ်များမီးရှို့မခံရမီ မတ်လ ၂ ရက်က အောက်ကျောက်ဝပ် ကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တို့ တစ်နေ့လုံးနီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ထုတ်ပြန်ချက်အရ ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီးတို့ ထိခိုက်သေဆုံးမှုရှိခဲ့ဟုသိရသည်။

မတ်လ ၄ ရက်တွင် ထားဝယ်ဖက်မှ စစ်အကူများထပ်ရောက်လာပြီး အောက်ကျောက်ဝပ် ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ရှာ‌ဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

ထို့နောက် နေအိမ်ငါးဆောင်၊ ကားတစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီးကို မီးရှို့ခဲ့သည်။

ယင်းအပြင် အသက် ၁၈ နှစ်မှ အသက် ၄၀ ကြား ဒေသခံအမျိုးသား အနည်းဆုံးလေးဦးကိုလည်း ပစ်သတ်ပြီး ရွာမှထွက်ခွာသွားကြောင်းဒေသခံအချို့ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် အနီးနားရှိ ဒေသခံများမှာ ရွာထဲတွင်မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်‌ နေကြရသည်။

မတ်လ ၂၁ ရက်တွင်မူ စစ်ကောင်စီတပ်က ထားဝယ်မြစ်အတိုင်း ရေလမ်းဖြင့် ‌နောက်တစ်ကြိမ်စစ်ကြောင်းထိုးလာပြီး ညောပြင်ရွာရှိ နေအိမ်များကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။

ညောပြင်တွင် မီးရှို့ပြီးနောက် အောက်ကျောက်ဝပ်ရွာသို့ ထွက်ခွာသွားပြီး ယင်းကျေးရွာတွင် ထပ်မံမီးရှို့ပြန်သည်။

တစ်ရက်တည်း ရွာနှစ်ရွာပေါင်း နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည့်အချိန် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ပြင်ဆိုင်၊ ဖုန်းပြင်ဆိုင်ဖွင့်ထားသည့် ကိုခိုင်စိုးတွင် နေအိမ်တစ်ဆောင်၊ ဂိုထောင်တစ်လုံး၊ ပြုပြင်ရန်လာအပ်ထားသည့် ဆိုင်ကယ် ၁၂ စီး၊ ဖုန်းပြင်ဆိုင်နှင့် အိမ်ထောင်ပရိဘောဂများအားလုံး မီးလောင်ပြာကျသည့်အထဲပါဝင်သွားခဲ့သဖြင့် ကိုခိုင်စိုးတို့ မိသားစုတွင်ဘာမှမရှိတော့ပြီ။ အားလုံးသုညဖြစ်သွားခဲ့ပြီ။

ထိုအချိန်မှစပြီး ကိုခိုင်စိုး မိဘနှစ်ပါးနှင့်အတူ ပင်လယ်ရနံ့သင်းသည့် မွေးရပ်မြေကို ကျောခိုင်းပြီး တစ်နယ်တစ်ကျေးသို့ ထွက်ခွာခဲ့တော့သည်။

အိမ်ပိုင်ဘဝမှ အိမ်ငှားဘဝ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသမားမှ သူများအထောက်အပံ့ မှီခိုရသူဘဝကို ကိုခိုင်စိုးနေ့ချင်း၊ ညချင်း ကျရောက်သွားခဲ့တော့သည်။

“ကျွန်တော်တို့ဆိုလည်း ကိုယ့်အိမ်ကိုယ့်ရာနဲ့ ကိုယ့်စီးပွားနဲ့နေရတဲ့ဘဝကနေ အခုဆိုရင် ရိုင်းရိုင်းပြောရမယ်ဆိုရင် လမ်းမှာ ခွက်ဆွဲပြီးမတောင်းစာရုံတမယ်ပဲ ကျန်တော့တယ်။ ဘာမှမကျန်တော့ဘူးဆိုတော့။ ဘဝက လုံးဝကို သုညဖြစ်သွားပြီ” ဟု ကိုခိုင်စိုးကဆိုသည်။

အိမ်ပြန်မဆောက်ရဲ

ထားဝယ်ဒေသခံများမှာ နေအိမ်ကိုတန်ဖိုးကြသူများဖြစ်သည်။

‌ငွေကြေးပြေလည်ပါက ပထမဦးစားပေးမှာ အိမ်အသစ်တစ်လုံးဆောက်နိုင်ရန်ဖြစ်သည်။ တဲဖြစ်ဖြစ်၊ တိုက်ဖြစ်ဖြစ် နေအိမ်ကို ဦးစားပေးကြသည်။

ထိုင်း၊ မလေးရှားနိုင်ငံမှ အလုပ်လုပ်နေသည့် မိသားစုဝင်များပို့လိုက်သည့်ငွေကြေးကို ပထမဆုံးအိမ်ဆောက်လေ့ရှိကြသည်။ ပိုလျှံမှ ရွှေတို၊ ရွှေစများ ဝယ်ယူစုဆောင်းကြသည်။ စီးပွားရေးလုပ်ငန်းများထူထောင်ကြသည်။

အိမ်ကအရင် စီးပွားရေးလုပ်ငန်းက ဒုတိယဦးစားပေးကြသည်မှာ တမူထူးသည့် ထားဝယ်ဒေသခံများ၏ အလေ့အထ ဟုဆိုနိုင်သည်။

ယခုမူ ထိုသို့မဟုတ်တော့။ အိမ်အသစ်ဆောက်ရန် လက်တွန့်လာကြသည်။

“အိမ်ဆောက်ပြီးရင် သူတို့( စစ်ကောင်စီတပ်) က ထပ်ပြီးမီးလာရှို့နေရင် ကိုယ့်ဟာပဲဆုံးရှုံးမှာလေ။ ထပ်ပြီးလာမရှို့ဘူးလို့ မပြောနိုင်ဘူးလေ” ဟု ဆိုလာသူမှာ ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာသူ ဒေါ်မီးဘု(အမည်လွှဲ) ဖြစ်သည်။

ကလေးတစ်ယောက်မိခင် ဒေါ်မီးဘု၏ ‌မိသားစုနေအိမ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကိုခံခဲ့ရသည်။

ဒေါ်မီးဘုနေအိမ်အပါအဝင် ဝကုန်းရွာက နေအိမ် ၁၃ ဆောင် တစ်နေ့တည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ၎င်းကဆိုသည်။

သီတင်းကျွတ်မီးထွန်းပွဲကာလ အခြားသူများ နေအိမ်တွင် ဆီးမီးထွန်းနေချိန် ‌ဒေါ်မီးဘုခမှာ မီးထွန်းစရာနေအိမ်မရှိတော့သဖြင့် ဝမ်းနည်းနေကြောင်းပြောဆိုသည်။

“ အခုဆို ပိုပြီးတောင် ဝမ်းနည်းသေးတယ်။ သီတင်းကျွတ်မှာ ကိုယ့်အိမ်မှာကိုယ် မီးထွန်းနေကြတာ။ ငါတို့မှာကျတော့ မီးထွန်းဖို့အိမ်မရှိတော့ပါလားဆိုပြီး” ဟု ဒေါ်မီးဘုကဆိုသည်။

ပြေးစရာမြေမရှိသူများ

နေအိမ်မီးရှို့ရခံရသူများတွင် တစ်နယ်တစ်ကျေးရှိ ဆွေမျိုးများရှိရာသို့ ပြောင်းသွားသူများရှိသလို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး ဘဝသစ်ပြန်စရန် တရားမဝင်လမ်းကြောင်းမှ သွားရောက်ကြသူများလည်း ရှိသည်။

‌တစ်နယ်တစ်ကျေးတွင် ဆွေမျိုးလည်းမရှိ၊ ရွေ့ပြောင်းဖို့အတွက် ငွေကြေးလည်း မတတ်နိုင်သည့်သူများမှာမူ ဥယျာဉ်ခြံများထဲတွင် တဲထိုးနေထိုင်ကြသည်။

ရာရအလုပ်ကို လုပ်ကိုင်စားသောက်နေထိုင်ကြရင်း ငတ်တစ်ခါ ပြတ်တလှည့်ဖြစ်နေကြရဟု ဆိုသည်။

“လက်လုပ်လက်စားတွေကျတော့ ကြုံရာကျပန်းမျိုးလုပ်စားပြီး ရုန်းကန်နေကြရတာပေါ့” ဟု ၎င်းတို့ရွာတွင် ကျန်ခဲ့သည့် ဘဝတူအိမ်မီးရှို့ခံရသူများအ‌ခြေအနေကို ညောပြင်ရွာသား ကိုခိုင်စိုးက ရှင်းပြသည်။

အချို့က ‌မီးလောင်သွားသည့်နေအိမ်ကို လူနေရအောင်အထိ ယာယီပြင်ဆင်ပြီး ပြန်နေထိုင်ကြသည်။

ထိုအထဲတွင် လောင်းလုံးမြို့နယ်ကျေးရွာတစ်ရွာက ဒေါ်ထားထား(အမည်လွှဲ)လည်း အပါအဝင်ဖြစ်သည်။

ထိုင်းနိုင်ငံမှ သမီးဖြစ်သူပို့လိုက်သည့် ငွေကြေးကို လေးနှစ်ကြာ ခြစ်ခြုပ်စုဆောင်းပြီး ဆောက်ထားသည့် တစ်ထပ်တိုက်အိမ်ကလေး ‌အိမ်ဆောက်ပြီး ခုနစ်လခန့်အကြာတွင်ပင် မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

“ကျွန်မတို့အိမ်မီးရှို့ခံရတယ်လို့ သူများတွေလာပြောတုန်းက ယုံတောင်မယုံဘူး။ မဖြစ်နိုင်ဘူးပေါ့။ တကယ်သွားကြည့်တော့မှ အမယ်လေး ရင်ပွင့်ထွက်မတတ်ပဲခံစားရတာ” ဟု ‌ဒေါ်ထားထားကဆိုသည်။

အိမ်မီးလောင်ပြီးနောက် ဆွေမျိုးများရှိရာ အနီးနားကျေးရွာများတွင် လှည့်ပတ်နေထိုင်သေးသည်။

ကြာကြာနေရန်အတွက်မူ ကိုယ့်အိမ်မှတစ်ပါး အခြားမရှိ၊ ကိုယ့်အိမ်၊ ကိုယ့်ရာလောက် အဆင်မပြေလှသဖြင့် ရွာပြန်လာပြီး မီးလောင်သွားသည့်အိမ်ကို ပြန်ပြုပြင်ပြီး နေထိုင်ရကြောင်း ဒေါ်ထားထားကဆိုသည်။

ထားဝယ်ခရိုင်ရှိ ဒေသခံအချို့မှာ မီးလောင်သွားသည့်နေအိမ်တွင်မနေအပ် ခိုက်တတ်သည်ဟုအယူရှိကြသည်။

မီးလောင်ခြင်းသည် ကံနိမ့်ခြင်းကြောင့်ဖြစ်သည် ထိုအိမ်တွင် ဆက်နေပါက စီးပွားရေး၊ လူမူရေး အခက်အခဲများနှင့်ရင်ဆိုင်ရခြင်း၊ ကျန်းမာရေးထိခိုက်ကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ကြောင်း စွဲလမ်းယုံကြည်ကြသည်။

သို့သော်သူတို့တွင် အခြားရွေးချယ်စရာမရှိ။

“တစ်ချို့တွေကတော့ပြောတယ် မီးလောင်တဲ့အိမ်မှာ ပြန်နေလို့မကောင်းဘူး ခိုက်တတ်တယ် ဆိုပြီးတော့လေ။ နေစရာမှမရှိတာ” ဟု ဒေါ်ထားထားကဆိုလေသည်။

နေရေးထက် စားရေးခက်

အိမ်မီးရှို့ခံရသူတို့အတွက်မူ ပထမဦးစားပေးမှာ ကျောချဖို့ရာ “နေစရာအိမ်” မဟုတ်ကြတော့။ အသက်ရှင်သန်ရေးအတွက် စားနပ်ရိက္ခာပင်ဖြစ်သည်။

ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်၊ အလုပ်ကိုင်ရှားပါးသည့်ဒဏ်များက အိမ်မီးရှို့ခံရသူများကို မီးလောင်ရာလေပင့် ဒုက္ခထဲ ဒုက္ခပိုဖြစ်စေခဲ့သည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ခဲယင်းသည့်လုပ်ငန်းဖြင့် အသက်မွေးနေရသည့် ဒေါ်မီးဘုတို့မိသားစုမှာ ၎င်းတို့ခြံထွက် ကွမ်းသီး၊ ခဲများ အရင်လိုဝယ်မည့်သူ မရှိသဖြင့် စား‌ရေးပင်ခက်ခဲလာကြောင်း ပြောဆိုသည်။

“အခုချိန်မှာက စားဖို့၊ သောက်ဖို့ပဲအဓိကဖြစ်နေတာ” ဟု ဒေါ်မီးဘုကဆိုသည်။

အိမ်မီးရှို့ခံရသူအားလုံးနီးပါးမှာ နေစရာ“အိမ်”ထက် စားစရာ “ရိက္ခာ”ပိုလိုအပ်ကြောင်း ဖွင့်ဟကြသည်။

တစ်နယ်တစ်ကျေးကို ပြောင်းရွေ့သွားရသည့် ကိုခိုင်စိုးတွင်လည်း အိမ်ခန်းငှားခ၊ စားသောက်စရိတ်အတွက် နေ့စဉ်သောကရောက်နေခဲ့ရသည်ဟု ဆိုသည်။

ကူရာမဲ့ဘဝများ

တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့သူများ နည်းပါးလာကြောင်း စစ်‌ဘေးရှောင်ကူညီရေးအဖွဲ့များက ဆိုကြသည်။

နေအိမ်မီးရှို့ခံရသူများမှာလည်း ဆုံးရှုံးမှုကြီးမားသလောက် အထောက်အပံ့မယ်မယ်ရရ မရကြပေ။

Dawei Watch က ဆက်သွယ်မေးမြန်းရသမျှ အိမ်မီးရှို့ခံရသူများမှာ ငွေကျပ်ငါးသိန်းမှ အများဆုံး ဆယ်သိန်းကျပ်အထိသာ အထောက်အပံ့ရဖူးကြသည်ကို တွေ့ရသည်။

ယခုကုန်ဈေးနှုန်းအရ ‌ငွေကျပ်ဆယ်သိန်းဆိုသည့် ပမာဏမှာ မိသားစုတစ်စုအတွက် လပိုင်းမျှသာအသုံးခံမည်ဖြစ်သည်။

အိမ်မီးရှို့ခံရသည့်အချိန်ကသာ အထောက်အပံ့ရကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ ထောက်ပံ့သူမရှိတော့ဟုဆိုသည်။

၎င်းတို့အတွက် အရေးတကြီးလိုအပ်နေသည်က စားဝတ်နေရေးအတွက် အထောက်အပံ့များ၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် အကူအညီများဟု ပြောဆိုကြသည်။

“တစ်ချို့ဆို ရေလုပ်သားတွေရှိတယ်။ သူတို့မှာ ပင်လယ်ထွက်(ငါးဖမ်း) ဖို့လှေမရှိဘူးဆိုရင် လှေဖြစ်ဖြစ်၊ (ငါးဖမ်း) ပိုက်မရှိဘူးဆိုရင် ပိုက်အဲလိုမျိုးဝယ်ပေးနိုင်မယ်ဆိုရင်တော့ ရေရှည်မှာ သူတို့အတွက် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်သွားမယ်လို့မြင်တယ်” ဟု လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကဆိုသည်။

လက်ရှိတွင်မူ နေအိမ်မီးရှို့ခံရသူများအပါအဝင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုအပိုင်း အားနည်း‌လာနေ‌ကြောင်း စစ်ဘေးရှောင်းကူညီနေသူအချို့ကဆိုသည်။

ညောပြင်ရွာရဲ့ ကောင်းကင်မှာ မီးခိုးလုံးကြီးတွေနဲ့ နေအိမ်များ မီးလောင်တိုက်သွင်းခံနေရသည့် မြင်ကွင်းကို မြင်ရချိန်ကမူ Facebook စာမျက်နှာပေါ်တွင် ဝိုင်းပြီးသနားကြ၊ စာနာကြ၊ ကရုဏာသက်ခဲ့ကြ၊ ဆုတောင်းပေးသူများစွာရှိခဲ့ကြသည်။

သို့သော် ပဋိပက္ခများအကြားတွင် မီးရှို့ခံရသော ဖြစ်စဉ်အသစ်များနှင့်အတူ အကူအညီလိုနေသူများသာ ပိုများလာနေသည်။

ကူညီမည့်သူများကတော့ နည်းသထက်နည်းလာနေသည်။

နေအိမ်မီးရှို့ခံရသူများအပါအဝင် စစ်ဘေးရှောင်များမှာ များစွာသော ကူညီထောက်ပံ့မှူများ လိုအပ်နေပြီဖြစ်သည်။

အကူအညီလိုသူများကတော့ မျှော်လင့်ချက်များစွာဖြင့် အကူအညီ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေဆဲဟု ကိုခိုင်စိုးက အခုလိုပြောဆိုသည်။

“တစ်ချို့တွေကတော့ အကူအညီတွေရမလားဆိုပြီး မျှော်နေကြတယ်”