သီတင်းကျွတ်မှာ မီးထွန်းစရာ ‘အိမ်’ မရှိတော့ဘူး

0
1206

စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံ တစ်ဝန်းရှိဒေသများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို တနင်္သာရီတိုင်းတွင်လည်း နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယခုလ (အောက်တိုဘာ) အထိ ၁၀ လခန့်ကာလအတွင်း နေအိမ် ၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု တနင်္သာရီတိုင်းအခြေစိုက် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သော FE5 Tanintharyi က ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

ယခုနှစ်အတွင်း ပုလောမြို့နယ်မှာ နေအိမ်မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး နေအိမ် ၃၈၀ ကျော် မီးရှို့ခံထားရသည်။

နေအိမ်မီးရှို့ခံရမှုကြောင့် ဒေသခံများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပြီး ကူညီသူကင်းမဲ့သည့် အနေအထားသို့ ရောက်လာနေကြောင်း တွေ့မြင်ရသည်။

ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ကျင်းပလေ့ရှိသော သီတင်းကျွတ် မီးထွန်းပွဲတော်တွင် နေအိမ်များ၌ ဆီမီးအပြိုင်အဆိုင် ထွန်းနေကြသော်လည်း အိမ်မီးရှို့ခံထားရသူများကတော့ ပြာပုံအတိဖြစ်နေသည့် နေအိမ်များကိုသာ မြင်ယောင်ရင်း စိတ်မကောင်းဖြစ်ယုံသာ တတ်နိုင်ကြတော့သည်။

နေအိမ်တစ်လုံးဖြစ်လာရေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော်လည်း အကြောင်းမဲ့ မီးရှို့မှုကြောင့် ယခုအခါတွင်တော့ နေစရာအိမ်မရှိ ကြုံရာမှာ အဆင်ပြေသလို နေနေကြရသည်။ နေရေး အဆင်ပြေဖို့ထက် စားရေးတောင် မပြေလည်တော့သည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းမှ နေအိမ်မီးရှို့ခံရသော ဒေသခံများနှင့် ဆက်သွယ်မေးမြန်၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“သီတင်းကျွတ်မှာ ကိုယ့်အိမ်မှာကိုယ် မီးထွန်းနေကြတာ။ ငါတို့မှာကျတော့ မီးထွန်းဖို့အိမ် မရှိတော့ပါလားဆိုပြီး”

အိမ်မီးရှို့ခံရသူ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး (ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာ)

DW ။ အိမ်မီးရှို့ခံရတဲ့နေ့က အဖြစ်အပျက်ကို ပြန်ပြောပြပေးပါ။

ဖြေ ။ ကျွန်မတို့အိမ်ဖြစ်တာက တစ်နှစ်လောက်ရှိပြီရှင့်။ နေ့တွေ၊ လတွေ မမှတ်မိတော့ဘူး။ (၂၀၂၃ ခုနှစ် ဇန်နဝါရီလ) ။ အဲဒီနေ့က ကျွန်မတို့ ရွာထဲမှာမရှိဘူး။ စစ်ကြောင်းထိုးလာနေပြီသတင်းကြားလို့ တောထဲထွက်ပြေးသွားကြတာ။ သူများတွေ လာပြောမှသိတယ်။ အိမ်မီးရှို့ခံလိုက်ရပြီဆိုပြီး။

DW ။ ဘယ်လိုအမျိုးအစားလဲ။ ဘာတွေဆုံးရှုံးသွားလဲ။

ဖြေ ။ အိမ်ကတော့ တိုက်တစ်ပိုင်း၊ အိမ်တစ်ပိုင်းရှင့်။ မီးလောင်သွားတာဆိုတော့ အကုန်လုံးပဲ ပါသွားတယ်။ ဘာမှကို မကျန်တော့ဘူး။

DW ။ ကိုယ့်အိမ်မီးရှို့ခံလိုက်ရပြီဆိုတာကို သိတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ဒေါသဖြစ်တာပဲသိတယ်။ ဖြစ်နိုင်ရင် လက်နက်ပဲကိုင်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ချမလို့ပေါ့။ သူတို့ (စစ်ကောင်စီတပ်) မှာ လက်နက်ရှိလို့ အနိုင်ကျင့်လို့ရနေတာ။

DW ။ အိမ်မီးရှို့ခံရပြီးနောက်ပိုင်း ဘယ်လိုနေထိုင်စားသောက်နေရလဲ။

ဖြေ ။ မီးရှို့ခံရပြီးမှာတော့ သူများဥယျာဉ်ခြံထဲမှာ တဲထိုးပြီးနေတယ်။ အခုတော့ ရွာကိုပြောင်းလာပြီး ဆွေမျိုးအိမ်တွေမှာ လိုက်နေတယ်။ မိသားစုသုံးယောက်ရှိတာ တစ်ယောက်တစ်နေရာစီမှာ ကွဲပြီးနေနေရတယ်။ သူ (ခင်ပွန်းဖြစ်သူ) ကလည်း သူ့ဆွေမျိုးတွေအိမ်မှာနေ၊ ကျွန်မကလည်း ကျွန်မဆွေမျိုးအိမ်မှာနေ။ မိသားစုတွေ အတူတူမနေရတော့ဘူး။

DW ။ အကူအညီ အထောက်အပံ့တွေရလား။

ဖြေ ။ စဖြစ်ဖြစ်ချင်းတုန်းကတော့ ရတယ်။ ဟိုလူက တစ်သိန်းပေး၊ ဒီအဖွဲ့ကနှစ်သိန်းပေး ပေးကြတယ်။ အားလုံးဆိုရင်တော့ ဆယ်သိန်း (ကျပ်) လောက်ရတယ်။ နောက်ပိုင်းတော့ မရတော့ဘူးပေါ့။

DW ။ အိမ်မီးရှို့ခံရတဲ့သူတွေကို ဘယ်လိုအကူအညီ အထောက်အပံ့မျိုးတွေ လိုအပ်နေလဲ။

ဖြေ ။ ကျွန်မထင်တာကတော့ ပိုက်ဆံထောက်ပံ့တာပဲကောင်းမယ်ထင်တယ်။ အခုချိန်မှာက စားဖို့၊ သောက်ဖို့ပဲ အဓိကဖြစ်နေတာ။ လုပ်စားကိုင်စားလို့လည်း မရဘူး။ ဘာပစ္စည်းမှလည်း ရောင်းလို့ဝယ်တဲ့သူမရှိဘူး။ ခဲလည်း ဝယ်တဲ့သူမရှိဘူး။ ကွမ်းသီးလည်း (ဝယ်တဲ့သူ) မရှိဘူး။

DW ။ မိသားစုအတူတူနေလို့ရမယ့် အိမ်တစ်လုံးဆောက်ပေးမယ့်သူရှိရင် လိုချင်လား။

ဖြေ ။ အဲဒီလိုမျိုးတော့မလိုချင်ဘူး။ ကျွန်မတို့မှာ မြေရှိရက်သားနဲ့တောင် မဆောက်ဘဲ ဒီအတိုင်းထားထားတာသာကြည့်။ အိမ်ဆောက်ပြီးရင် သူတို့ (စစ်ကောင်စီတပ်) က ထပ်ပြီး မီးလာရှို့နေရင် ကိုယ့်ဟာပဲဆုံးရှုံးမှာလေ။ ထပ်ပြီးလာမရှို့ဘူးလို့ မပြောနိုင်ဘူးလေ။ ကျွန်မကတော့ ပိုက်ဆံထောက်ပံ့တာပဲ ကောင်းမယ်လို့ထင်တယ်။

DW ။ ရွာမှာ မီးရှို့ခံရတဲ့အိမ်ဘယ်လောက်ရှိလဲ။

ဖြေ ။ ကျွန်မတို့ရွာမှာတော့ ၁၅ ဆောင်ရှိတယ်။ ကျွန်မနဲ့တစ်နေ့တည်းရှို့ခံရတာက ၁၃ ဆောင်။ ကျွန်မတို့အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် ထိနေတာ။ တစ်အိမ်လောင်ရင် အကုန်လောင်ပဲ။ စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ရွာထဲမှာရှိသမျှ တောထဲပြေးကြတာဆိုတော့ သူတို့ (စစ်ကောင်စီတပ်က) ကြိုက်သလိုမီးရှို့လို့ရသွားတာပေါ့။ ဒီနားမှာဆိုရင်တော့ (မီးရှို့) ခံရဆုံးနှစ်ရွာရှိတယ်။ ကျွန်မတို့ရွာနဲ့ သင်္ကန်းတောရွာပေါ့။ သင်္ကန်းတောမှာကတော့ ရွာပျက်သွားပြီ။ ရွာထဲမှာ လူမရှိကြတော့ဘူး။ အဲဒီရွာမှာလည်း မီးရှို့ခံရတဲ့အိမ်တော်တော်များတယ်။ တချို့အိမ်တွေက အပြင်ကကြည့်ရင် မီးမလောင်တဲ့ပုံစံမျိုးပဲ။ အထဲမှာအကုန်လောင်နေတာ။

DW ။ အခုကိုယ့်မှာအိမ်ပိုင်မရှိတော့ဘူးဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ဝမ်းနည်းတာပေါ့။ ပြောပြကို မတတ်တော့ဘူး။ အခုဆိုပိုပြီးတောင်ဝမ်းနည်းသေးတယ်။ သီတင်းကျွတ်မှာ ကိုယ့်အိမ်မှာကိုယ်မီးထွန်းနေကြတာ။ ငါတို့မှာကျတော့ မီးထွန်းဖို့အိမ်မရှိတော့ပါလားဆိုပြီး။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ မရှိတော့ဘူးရှင့်။

DW ။ ‌‌အခုလို‌ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“လမ်းမှာ ခွက်ဆွဲပြီးတောင်းမစားရုံတမယ်ပဲ ကျန်တော့တယ်”

အိမ်မီးရှို့ခံရသူတစ်ဦး (လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာ)

DW ။ အိမ်မီးရှို့ခံရတဲ့နေ့က ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြပေးပါလား။

ဖြေ ။ သူတို့ (စစ်ကောင်စီတပ်က) (ထားဝယ်မြို့မှ လောင်းလုံးမြို့နယ် အောက်ပိုင်းသို့) ရေလမ်းကနေရောက်လာပြီးတော့ အဲဒီကနေတစ်ဆင့် ကုန်းလမ်းကနေ ရောက်လာတာပေါ့။ ရွာထဲကမှာကလည်း သူတို့ကိုကြောက်လို့ ထွက်ပြေးနေရတာ ဆိုတော့ ရွာထဲမှာလည်းလူတွေမရှိဘူး။ အဲဒီမှာ သူတို့သွားချင်တဲ့နေရာသွား၊ ယူချင်တာတွေယူပြီး ရွာလယ်ကနေစပြီး အိမ်တွေကို မီးစရှို့လိုက်တာပေါ့။ တချို့တိုက်အိမ်တွေကျတော့ အထဲမှာပဲ ပစ္စည်းတွေအကုန်မီးလောင်သွားပြီး အိမ်နံရံကြီးပဲ ကျန်ရစ်တော့တာပေါ့။ သစ်သားအိမ်ဆိုရင်တော့ ပြာကျသွားတာပေါ့။

(ယင်းဖြစ်စဉ်မှာ မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောပြင်ရွာတွင် နေအိမ် ၉၀ ကျော်၊ ‌ကပ်လျက် အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၄၀ ဝန်းကျင် အားလုံးပေါင်း ၁၃၀ ထက် မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။)

DW ။ ဘာတွေဆုံးရှုံးပျက်စီးသွားလဲ။

ဖြေ ။ အိမ်ကတစ်ဆောင်‌ပေါ့။ တိုက်တစ်ပိုင်း၊ အိမ်တစ်ပိုင်းပေါ့။ အဲဒါကတော့ အုတ်တံတိုင်းတွေပဲကျန်ခဲ့တယ်။ ကျန်တာအားလုံးမီးလောင်သွားတာပေါ့။ ဆိုင်ကယ်က အားလုံး ၁၂ စီးပါသွားတယ်။ ကျွန်တော်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတာဆိုတော့ လာအပ်ထားတဲ့ ဆိုင်ကယ်တွေ‌ပေါ့။ ဖုန်းပြင်ဆိုင်ခန်းတွေရော အကုန်ပါသွားတာပေါ့။ အိမ်အနောက်ဖက်က ဂိုဒေါင်ကတစ်လုံးပေါ့။ အိမ်ထောင်ပရိဘောဂတွေ ဆိုင်ထဲမှာရှိတာတွေအားလုံး ပြာကျသွားတယ်။ အရင်တစ်ခေါက်ကလည်း သူတို့ (စစ်ကောင်စီတပ်) စစ်ကြောင်းထိုးလာတုန်းက ပိုက်ဆံသိန်းတစ်‌ရာကျော် ပါသွားသေးတယ်။ အခုတစ်ခေါက်ကတော့ အားလုံးပြာကျသွားတာပေါ့။

DW ။ ကိုယ်နေတဲ့အိမ် မီးရှို့ခံလိုက်ရပြီဆိုတာသိတဲ့အချိန် ဘယ်လိုခံစားရလဲ။

ဖြေ ။ ကိုယ့်အိမ်မီးရှို့ခံရပြီဆိုတာသိတဲ့အချိန် စိတ်ထဲ အခဲမကြေသလိုခံစားရတယ်။ ဒါပေမဲ့ ကျွန်တို့ဘာမှ မလုပ်နိုင်ဘူးလေ။ ကိုယ်တစ်ယောက်တည်းဖြစ်တာ မဟုတ်ဘူး။ အများနဲ့ဖြစ်တာဆိုတော့လေ။ ကျွန်တော်မိဘတွေကတော့ အခုချိန်အထိ ‌ကျန်းမာရေး မကောင်းကြသေးဘူး။ ဆုံးရှုံးမှုအားကြီးလို့ စိတ်ထိခိုက်သွားတာပေါ့လေ။

DW ။ အခုလက်ရှိဘယ်လိုနေထိုင်ကြလဲ။

ဖြေ ။ ကျွန်တော်တို့က အဲဒီလိုဖြစ်ပြီးကတည်းက ရွာကနေထွက်လာလိုက်တယ်။ အခုအခြားမှာ အိမ်ငှားပြီးနေရတာပေါ့။ အခုဆို ကျွန်တော်တို့ရွာမှာ အိမ်ခြေငါးရာရှိမယ်ဆိုရင် တစ်ရာလောက်ပဲကျန်ပြီ။ ကျန်တဲ့သူတွေ (နေအိမ်မီးရှို့ခံရသူများအပါအဝင်) ကတော့ လွတ်ရာကျွတ်ရာကိုရှောင်ပြီး ပြောင်းကုန်ကြပြီ။ ကျွန်တော်တို့ဆိုလည်း ကိုယ့်အိမ်ကိုယ့်ရာနဲ့ ကိုယ့်စီးပွားနဲ့နေရတဲ့ဘဝကနေ အခုဆိုရင် ရိုင်းရိုင်းပြောရမယ်ဆိုရင် လမ်းမှာ ခွက်ဆွဲပြီးတောင်းမစားရုံတမယ်ပဲကျန်တော့တယ်။ ဘာမှမကျန်တော့ဘူးဆိုတော့။ ဘဝက လုံးဝကို သုညဖြစ်သွားပြီ။ အခုဆိုရင် (ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့) ညီငယ်ရဲ့ လုပ်စာနဲ့ပဲ စားနေသောက်နေရတယ်။

DW ။ အထောက်အပံ့တွေရောရလား။ ဘာတွေ ဘယ်လောက်ရတာရှိလဲ။

ဖြေ ။ စစ်ဘေးရှောင်တွေကို ထောက်ပံ့တာတွေတော့ စဖြစ်တုန်းကတော့ နည်းနည်းပါးပါးရတယ်။ နောက်ပိုင်းတော့ အထောက်အပံ့တွေ မရှိတော့ဘူးပေါ့။ အိမ်မီးရှို့ခံရတာနဲ့ပတ်သက်ပြီးတော့ကတော့ ငါးသိန်း (ကျပ်) ဒီလောက်ပဲရတယ်။ ကျန်တာကတော့ အိမ်မိုးဓနိဖက်တို့ရတာတွေရှိတယ်။ တောထဲမှာရှောင်နေတုန်းက တာလပတ်အမိုးအကာတွေ ရတာရှိတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေရတယ်။ အိမ်မီးရှို့ခံရလို့ ရတဲ့ငွေကတော့ တစ်ခါပေးရင် သုံးသောင်း၊ လေးသောင်း (ကျပ်) အဲဒီလိုရတာ။ တစ်ခါတည်းရတာမျိုး မဟုတ်ဘူး။ အဲဒါကလည်း စားဖို့သောက်ဖို့လောက်တောင် မရဘူးလေ။ အခုကုန်ဈေးနှုန်းနဲ့စာရင်လေ။

DW ။ တခြားနေအိမ်မီးရှို့ခံရသူတွေကရော အခုဘယ်လိုနေထိုင် လုပ်ကိုင်စားသောက်နေကြတာလဲ။

ဖြေ ။ တချို့ကျတော့ ကြိုတင်ပြင်ဆင်ပြီး စုဆောင်းထားသူတွေရှိတယ်။ သားသမီးတွေ နိုင်ငံခြားမှာရှိနေသူတွေပေါ့။ အဲဒီလိုလူတွေကတော့ ရှိတဲ့ပစ္စည်းတွေကို ရောင်းချပြီး တခြားနေရာကိုရွှေ့သွားကြတယ်။ လက်လုပ်လက်စားတွေကျတော့ ကြုံရာကျပန်းမျိုးလုပ်စားပြီး ရုန်းကန်နေကြရတာပေါ့။ အဆင်ပြေတဲ့နေရာမှာ တဲကုတ်လေးထိုး၊ တံငါရွာဆိုတော့ တံငါလုပ်ပြီး နေနေကြရတာပေါ့။ အရင်တုန်းကဆိုရင်တော့ တဲအိမ်နဲ့ပဲဖြစ်ဖြစ် စိတ်အေးလက်အေး ကျောခင်းချလို့ရနေသေးတယ်လေ။ အခုကတော့ စိတ်အေးလက်အေးလည်းမနေရဘူး။ ဘယ်နေ့ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်စိတ်တွေက တစ်ရွာလုံးခံစားနေရတာကိုး။

DW ။ ကိုယ့်မှာအိမ်တစ်ဆောင်ပြန်ဆောက်ဖို့ ငွေကြေးပြည့်စုံနေသေးတယ်ဆိုရင် ပြန်ဆောက်ဖြစ်မှာလား။

ဖြေ ။ ကျွန်တော်အမြင်အရတော့ ပြန်ဆောက်ဖြစ်တော့မှာ မဟုတ်ဘူး။ ပြန်ဆောက်ဖို့လည်း အဆင်မပြေကြဘူး။ စားဖို့သောက်ဖို့တောင် မနည်းရှာနေရတာ။ အခုအိမ်တစ်ဆောင်ဆောက်ဖို့ကလည်း အရင်ကထက်ပိုပြီး အကုန်အကျများတယ်လေ။ တချို့ဆို ကိုယ့်အိမ်ကို ပြန်လာမကြည့်တော့တဲ့ သူတွေတောင်ရှိတယ်။ မီးရှို့ခံရပြီးကတည်းက ဒီအတိုင်းပစ်ထားလိုက်ကြတာ။ (တော်လှန်ရေး) ပြီးတဲ့အချိန်မှ၊ အဆင်ပြေမှ ပြန်လုပ်တော့မယ်ဆိုပြီးနေနေကြတယ်။ အခုချိန် မီးလောင်သွားတဲ့အိမ်ကို ပြန်ပြီးပြင်ပြီးနေမယ်ဆိုလည်း မနေရဲကြဘူးလေ။ တချို့တွေကတော့ ကိုယ့်ဆွေမျိူးတွေဆီမှာ ခိုကပ်ပြီးနေကြတယ်။ တချို့ကတော့ တောထဲမှာဖြစ်ဖြစ်၊ ကျွန်းတွေမှာဖြစ်ဖြစ် အဆင်ပြေသလိုနေပြီး လုပ်ကိုင်စားသောက်နေကြတာတွေရှိတယ်။

DW ။ စစ်ကိုင်းတို့ဖက်မှာ အိမ်မီးရှို့ခံရတဲ့သူတွေကို အဖွဲ့တစ်ခုကနေပြီး ယာယီတဲအိမ်လေးတွေ ဆောက်လုပ်ပေးနေတာတွေရှိတယ်။ တနင်္သာရီတိုင်းဖက်မှာအဲဒီလို လုပ်ပေးစေချင်လား။

ဖြေ ။ ကျွန်တော်တို့နေရာမှာတော့ အဲဒီလိုမျိုးလုပ်ပေးလို့ အဆင်ပြေမယ်လို့မထင်ဘူး။ ကိုယ့်ရွာမှာကိုယ်ပြန်နေဖို့ ဘယ်သူမှ အဆင်မပြေဘူး။ အေးအေးဆေးဆေးနေလို့ရမယ့် နေရာမှာ (လုံခြုံတဲ့နေရာမှာ) သီးသန့်လုပ်ပေးမယ်ဆိုရင်တော့ ကျောတခင်းစာပဲဖြစ်ဖြစ် စီစဉ်ပေးမယ်ဆိုရင်တော့ နေကြမယ်ထင်တယ်။ ကိုယ့်ရွာမှာပဲကိုယ်လုပ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ရွာ‌တွေကိုက အချိန်မရွေး (စစ်ကောင်စီတပ်က) လာလို့ရနေတာဆိုတော့ ကိုယ့်ရွာမှာကိုယ်နေဖို့ကို ကြောက်စိတ်တအားများသွားပြီ။

DW ။ အိမ်မီးရှို့ခံရတဲ့သူတွေကို ထိထိရောက်ရောက်ကူညီပေးမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ကူညီပေးနိုင်မယ်ထင်လဲ။

ဖြေ ။ ထိထိရောက်ရောက်ကူညီပေးဖို့က အခုချိန်မှာတော့ မဖြစ်‌နိုင်ဘူးလို့ပဲထင်တယ်။ တစ်ယောက်လိုအပ်ချက်နဲ့ တစ်ယောက်လိုအပ်ချက်မတူတဲ့အခါကျတော့လေ။

DW ။ ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

“အမယ်လေး ရင်ပွင့်ထွက်မတတ်ပဲခံစားရတာ။ ကျွန်မတို့အိမ်က ပြီးခါစပဲရှိသေးတယ်”

အိမ်မီးရှိုခံရသူ လောင်းလုံးမြို့နယ်မှ အမျိုးသမီးတစ်ဦး

DW ။ နေအိမ်မီးရှို့ခံရတဲ့ဖြစ်စဉ် တစ်ချက်ပြန်ပြောပြပေးပါ။

ဖြေ ။ မီးရှို့ခံရတာကတော့ လေးငါးလလောက်ဖြစ်သွားပြီ။ ဖြစ်တာကတော့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကျွန်မတို့လည်း တစ်အိမ်လုံးထွက်ပြေးကြတာ‌ပေါ့။ ကိုယ့်အိမ်မီးရှို့ခံရမယ်မှန်းလည်း မသိဘူး‌လေ။ ကျွန်မတို့လည်း ဘာမှလုပ်နေတဲ့သူတွေ မဟုတ်ဘူးဆိုတော့လေ။

DW ။ ဘာတွေ ပါသွားသေးလဲ။

ဖြေ ။ အထဲမှာပ ဲလောင်သွားတာ။ စားပွဲတွေ၊ ကုလားထိုင်တွေ အင်္ကျီတွေ၊ အင်္ကျီကတော့ ဝတ်စရာတောင် မကျန်တော့ဘူး။ အိမ်မကြီး‌ကတော့ ကျန်ခဲ့တယ်။ တိုက်ဆိုတော့ မီးမလောင်သွားဘူး။ ထော်လာဂျီတစ်စီးလည်းပါ‌သွားတယ်။ သူ့အဖေ (ခင်ပွန်းဖြစ်သူ) က အခု ထော်လာဂျီမရှိတော့ အလုပ်လုပ်လို့ မရဘဲဖြစ်နေတယ်။

DW ။ အိမ်မီးရှို့ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာလည်း မဟုတ်ဘူးဆိုတော့ ဒီလိုပဲပေါ့။ စဖြစ်ဖြစ်ချင်းတုန်းကတော့ ယုံတောင်မယုံနိုင်ဘူး။ ကျွန်မတို့အိမ်မီးရှို့ခံရတယ်လို့ သူများတွေလာပြောတုန်းက ယုံတောင်မယုံဘူး။ မဖြစ်နိုင်ဘူးပေါ့။ တကယ်သွားကြည့်တော့မှ အမယ်လေး ရင်ပွင့်ထွက်မတတ်ပဲခံစားရတာ။ ကျွန်မတို့အိမ်က ပြီးခါစပဲရှိသေးတယ်။ အိမ်အသစ်တက်ထားတာ ခြောက်လ ခုနစ်လလောက်ပဲရှိသေးတယ်။ (ထိုင်းနိုင်ငံ‌မှာ အလုပ်လုပ်နေတဲ့) သမီးဆို အိမ်ပေါ်တောင် မတက်ရသေးဘူး။ သူ့ပေးလိုက်တဲ့ ပိုက်ဆံနဲ့ဆောက်ထားတာလေ။

DW ။ အခုဘယ်မှာနေနေကြတာလဲ။

ဖြေ ။ အိမ်မှာပဲပြန်လာနေတယ်။ (မီးလောင်ပြီး) ကျန်ခဲ့တာလေးကို ပြင်ပြီးနေနေတယ်။ သူများအိမ်မှာလည်း အကြာကြီးနေလို့ အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲ ပြန်နေမယ်ဆိုပြီးလာနေတာ။ တချို့တွေကတော့ပြောတယ် မီးလောင်တဲ့အိမ်မှာ ပြန်နေလို့မကောင်းဘူး ခိုက်တတ်တယ်ဆိုပြီးတော့လေ။ နေစရာမှမရှိတာ။ သူများအိမ်မှာလည်း အကြာ‌ကြီးနေလို့မရဘူးလေ။

DW ။ အထောက်အပံ့တွေရော ရသေးလား။

ဖြေ ။ နည်းနည်းပါးပါးတော့ရတယ်။ ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး။ (ကျပ်) လေးငါးသိန်းလောက်ထင်တယ်။ အခုတော့မရတော့ဘူး။ ကြာပြီမရတာ။

DW ။ ဘယ်လိုအထောက်အပံ့တွေမျိုး လိုအပ်တာရှိလဲ။

ဖြေ ။ အိမ်လေးတော့ပြန်ပြီး (အသစ်) ဆောက်ချင်နေတယ်။ မီးလောင်တဲ့အိမ်က ပြန်ပြင်ပြီးနေလို့မကောင်းဘူး။ အသစ်ဆောင်ချင်နေတာ။ ဒါပေမဲ့ မဆောက်ရဲဘူး။ နောက်တစ်ခါ ထပ်ဖြစ်မှာလည်းကြောက်တယ်။ သမီးကလည်း မဆောက်နဲ့တော့တဲ့။ အေးဆေးဖြစ်မှပဲ ဆောက်ရအောင်ဆိုပြီး ပြောထားတယ်။

(မီးလောင်နေအိမ်အား ပြန်ပြင်နေလို့မရဆိုသည်မှာ ထားဝယ်ဒေသခံများ၏ အယူအဆတစ်ခုဖြစ်သည်။ မီးလောင်ခြင်းသည် ကံနိမ့်ခြင်းကြောင့်ဖြစ်သည်။ ထိုနေအိမ်တွင်ဆက်နေပါက စီးပွားရေး၊ လူမှုရေး အခက်အခဲများနှင့်ရင်ဆိုင်ရနိုင်ပြီး ကျန်းမာရေးထိခိုက်ကာ အသက်သေဆုံးသည်အထိဖြစ်တတ်ကြောင်း အစွဲအလမ်းရှိကြသည်။ လူတိုင်းတွင် ၎င်းအယူအဆ အစွဲအလမ်းရှိသည်မဟုတ်သော်လည်း အများစုတွင်မူ ၎င်းအယူအဆရှိကြဆဲဖြစ်သည်။)

DW ။ အခြားအိမ်မီးရှို့ခံရသူတွေရော ဘယ်လိုနေထိုင်ကြတာတွေ့ရလဲ။

ဖြေ ။ ကျွန်မနဲ့အတူတူ မီးရှို့ခံရသူတွေကတော့ ရွာမှာမနေကြတော့ဘူး။ အကုန်လုံး ထိုင်းကိုသွားပြီ။ သူတို့မှာက အကုန်ပါကုန်တာဆိုတော့ ဒီမှာနေလို့မရတော့ဘူး။ (ကား) ဝပ်ရှော့ လည်းပါကုန်တယ်။ ဘာမှကို ကုန်းကောက်စရာ မကျန်တော့ဘူးသူတို့မှာက။ ဒီမှာနေလို့ စားလို့မရတော့လို့ သွားကုန်ကြတာ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။