ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဖမ်းဆီးခံရ

0
809
Photo - Ye Htut (Facebook)

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်သည့် ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ရက် ည ၈နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်တွင် သွားရောက်ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးရဲထွဋ်ကို အင်းစိန်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်းလည်း သတင်းဌာနအချို့တွင် ဖော်ပြသည်။

ဦးရဲထွဋ်သည် စစ်ကောင်စီကို တိုက်ရိုက်၊ သွယ်ဝိုက်နည်းလမ်းတို့ဖြင့် ဝေဖန်ရေးသားနေသူဖြစ်သောကြောင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတို့က ထောက်ပြပြောဆိုနေကြသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များကလည်း ဦးရဲထွဋ်ကို ဖမ်းဆီးရန် ယခုဖမ်းဆီးမှု မတိုင်မီက လှုံ့ဆော်ရေးသားပြောဆိုမှုများ ရှိခဲ့သည်။