“သတ်သေချင်စိတ်ပါ‌ ပေါက်တယ်” အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်လာသည့် စစ်ကောင်စီ

0
7682

စစ်ကောင်စီက ထားဝယ်မြို့တွင် စစ်မှုထမ်းစာရင်း စကောက်နေပြီဖြစ်သည်။

အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံးအစရှိသည့် မြို့နယ်တို့တွင်လည်း စာရင်းစကောက်နေပြီဖြစ်သည်။

ထားဝယ်မြို့တွင်မူ မတ်လ ၁၇ ရက်နေ့မှစပြီး စုပေါင်းရုံးဟုခေါ်သည့် ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ စစ်မှုထမ်းစာရင်းပါသူများ လာရောက်ရန် ဆင့်ခေါ်ထားသည်။

စစ်မှုထမ်းစာရင်း ပါနေသူများထဲမှ ထွက်ပြေး‌၊ တိမ်းရှောင်နိုင်သူများက နေရပ်စွန့်ခွာနေကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နိုင်ခြင်း မရှိသူများလည်း ရှိနေသည်။

Dawei Watch အနေဖြင့် ထားဝယ်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ စစ်မှုထမ်းစာရင်းပါဝင်နေသူ ၆ ဦး၏ အကြောင်းကို စုံစမ်းကြည့်ရာ ၄ ဦးမှာ နေရပ်တွင်မရှိတော့ဟု ဖြေဆိုကြသည်။

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုအပေါ် လူငယ်ထုက စိုးရိမ်နေကြပြီး စစ်မှုထမ်းစာရင်းတွင် နာမည်မပါသေးသူများလည်း ကြိုတင်နေရပ်စွန့်ခွာကာ လုံခြုံရာဒေသများကို သွားရောက်နေကြပြီဖြစ်သည်။

လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် မြို့ထဲတွင် သွားလာနေသော လူငယ်၊လူရွယ်များ မတွေ့ရတော့ကြောင်း တက္ကစီသမားအချို့က ပြောသည်။

“အခုလောလောဆယ်ကတော့ (စစ်မှုထမ်း)စာရင်းပါတဲ့သူတွေက ပိုပြီးကြောက်နေရတာပေါ့နော်။ ဒါပေမဲ့ကျန်တဲ့လူငယ်တွေလည်း မနေရဲကြတော့ဘူး။ လမ်းပေါ်လည်းထွက်တဲ့သူမရှိဘူး” ဟု ယနေ့နံနက်ပိုင်းက မြို့ထဲ ပစ္စည်းပို့သွားခဲ့သည့် တက္ကစီသမားတစ်ဦးကဆိုသည်။

စားသောက်ဆိုင်ပိုင်ရှင် လူလတ်ပိုင်းတစ်ဦးကလည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် လူငယ်များနည်းပါးသွားသဖြင့် အရောင်းအဝယ် မကောင်းတော့ကြောင်းပြောဆိုသည်။

နေရပ်စွန့်ခွာနိုင်ခြင်း မရှိသေးသည့် လူငယ်များမှာတော့ စစ်မှုထမ်းဥပဒေကြောင့် စိတ်ဓာတ်အကြီးကျယ်ကျပြီး သောကရောက်နေကြရသည်။

အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိသားစုကိုထားပြီး အခြားနေရာတစ်ခုခုကို ထွက်ခွာရန်အဆင်မပြေသူများ၊ လုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှပ်နှံထားသူများ စသည်တို့ဖြစ်သည်။

လူငယ်များမှာ စစ်မှုထမ်းဘေးမှကင်းဝေးရန် ထွက်ပြေးနိုင်သော်လည်း စစ်ကောင်စီတပ်အ‌နေဖြင့် ဥပဒေမဲ့ လုပ်ဆောင်မှုများဖြင့် ကျန်ရစ်သူမိသားစုများကို ဖိအားပေးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းခြင်းတို့ လုပ်ဆောင်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ယင်းအပြင် စစ်မှုထမ်းရန် စာရင်းပါနေသူများထဲတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေသူများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

စစ်မှုထမ်းစာရင်းတွင်ပါဝင်နေပြီး လက်ရှိထိုင်းနိုင်ငံတွင်ရှိနေပါက အမြန်ဆုံးပြန်ခေါ်ပြီး အချိန်မီစာရင်းသွင်းရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က မှာကြားခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် မြို့ခံတစ်ဦးကဆိုသည်။

ထိုအပြင် မူယစ်ဆေးသုံးစွဲမှုကြောင့် ပုံမှန်စိတ်အခြေအနေ မရှိသူများလည်း စစ်မှုထမ်းရန် စာရင်းထဲတွင်ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

“ဆေးကြောင်နေတဲ့သူတောင် အလွတ်မပေးတော့ဘူး” ဟု မြိုခံတစ်ဦးကဆိုသည်။

ယင်းအချက်ကိုကြည့်ခြင်းဖြင့် စစ်ကောင်စီသည် စာရွက်ပေါ်ရှိ လူစာရင်းကို အခြေခံပြီး စစ်မှုထမ်းကိစ္စရပ်များကို စီမံနေကြောင်း ကောက်ချက်ချရမည်ဖြစ်သည်။

ထိုကဲ့သို့ စာရွက်ပေါ်ရှိ လူဦးရေစာရင်းအတိုင်း လုပ်ဆောင်နေခြင်းကြောင့်သာ မြေပြင်တွင် အမှန်တကယ်မရှိသည့် ထိုင်းနိုင်ငံရောက်နေသူများ၊ စိတ်ပုံမှန်အခြေအနေမရှိသူများ စစ်မှုထမ်းစာရင်းထဲ ပါဝင်လာခြင်း ဖြစ်နိုင်သည်။

သို့သော်စစ်ကောင်စီက စာရင်းကောက်ရာတွင် မည်သည့်ပုံစံဖြင့် ခေါ်ယူနေသည်ကို တိတိကျကျမသိရပေ။

ထားဝယ်ခရိုင်ရှိ စစ်မှုထမ်းစာရင်းထဲ ပါဝင်နေသူများမှာ ဒေသအလိုက် ကွဲပြားလျက်ရှိသည်။

ထားဝယ်မြို့တွင် စားရင်းပါနေသူများကို နာမည်၊ မှတ်ပုံတင်အမှတ်တို့ဖြင့် အိမ်တိုင်ရာရောက် စစ်မှုထမ်းစာရင်းသွင်းရန် ဆင့်ခေါ်လျက်ရှိသည်။

လောင်းလုံးမြို့နှင့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ရပ်ကွက်အချို့တွင်မူ မဲနှိုက်ရွေးချယ်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

ယင်းအချက်မှာ စစ်မှုထမ်းမည့်သူများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကသာ ရွေးချယ်ပြီး အထက်အဆင့်ဆင့်သို့ တင်ပြရသည့်ပုံစံကို မြင်တွေ့နေရသည်။

စစ်မှုထမ်းရွေးချယ်ရေးအတွက် တိတိကျကျသတ်မှတ်ပေးထားသည့် မူမရှိသောကြောင့် ကိုယ်ဒေသနှင့် ကိုက်ညီသည့် ရွေးချယ်မှုပုံစံကို အုပ်ချုပ်ရေးမှူးတို့က လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

မည်သည့်ပုံစံဖြင့် စစ်မှုထမ်းစာရင်းတွင်ထည့်သွင်း ရွေးချယ်ကြောင်း မေးမြန်းရန် ထားဝယ်ခရိုင်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့အား ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိပေ။

ယင်းအပြင် ထားဝယ်ခရိုင်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့သည် စစ်မှုထမ်းစာရင်းပါသူများထံမှ ငွေကြေးရယူပြီး စာရင်းပယ်ဖျက်ပေးခြင်း၊ အသစ်အစားထိုးထည့်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုကြသည်။

ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင်လည်း စစ်မှုထမ်းစာရင်းလာမသွင်းသူများထံမှ ငွေကျပ်သိန်းဆယ်ချီ တောင်းခံနေသည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

လောင်းလုံးမြို့ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် လက်နက်ကိုင် ပျူစောထီးလည်းဖြစ်သည့် ဦးမင်းသိန်းဆိုသူမှာ ယင်းနည်းအတိုင်း ငွေကြေးတောင်းခံနေကြောင်း မြို့ခံတစ်ဦးကဆိုသည်။

သို့သော် ယင်းအချက်များအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုအခါ စစ်မှုထမ်းဥပဒေနှင့်ဆက်စပ်ပြီး ညဖက် ထားဝယ်မြို့ပေါ်တွင် ပေါ်တာဆွဲသည်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိပေသည်။

အမှန်တကယ် ပေါ်တာဆွဲ အဖမ်းခံရခြင်းရှိ/ မရှိ အတည်ပြုနိုင်ရန် Dawei Watch အနေဖြင့် မြို့ခံ ငါးဦးထက်မနည်းကိုမေးမြန်းခဲ့သော်လည်း မည်သူမျှ တိတိပပ ဖြေကြားနိုင်သူမတွေ့ရပေ။

သို့သော် မြို့ခံများမှာ ညဘက်အပြင်မထွက်ရဲကြတော့သည့်အပြင် အိမ်ထဲတွင်လည်း မလုံမခြုံဖြစ်နေကြသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သည့်အနေဖြင့်သော်လည်းကောင်း၊ ပညာရေးအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်ပြောင်းရွေ့နေထိုင်သူတို့မှာလည်း အခက်တွေ့လျက်ရှိကြသည်။

“ဒီမှာနေမယ်ဆိုလည်း အခုအခြေအနေနဲ့ ‌ညညဆိုကြောက်‌လို့ မအိပ်ရဲဘူး။ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ဆွဲမလား‌၊ လမ်းမှာသွားနေရင်းနဲ့ပဲ ဆွဲခံရမလားပဲ” ဟု ထားဝယ်မြို့ပေါ်ပြောင်းနေသည့် သရက်ချောင်းမြို့ခံတစ်ဦးကဆိုသည်။

ပြည်သူများမည်မျှပင် အခက်ခဲဒုက္ခဖြစ်နေစေကာမူ စစ်ကောင်စီသည် ၎င်းတို့၏ လုပ်ငန်းအဆင့်ဆင့်ကို တစ်ဆင့်ချင်းအကောင်အထည်ဖော်နေပြီဖြစ်သည်။

ထိုအကောင်အထည်ဖော်မှုများထဲတွင် မြို့ခံများကို အနုနည်းဖြင့်‌ စည်းရုံးမှုများရှိသလို အကြမ်းနည်းဖြင့်လည်း စည်းရုံးလျက်ရှိသည်။

စစ်မှုထမ်းခြင်းအတွက် လစာနှင့် စရိတ်ရမည့်အပြင် ရှေ့တန်းထွက်ကာ စစ်တိုက်ခိုင်းမည့်အစီအစဉ်လည်းမရှိဟု စစ်ကောင်စီက ပြောဆိုစည်းရုံးလျက်ရှိကြောင်း မြို့ခံတို့ကဆိုသည်။

ယင်းအပြင် စစ်မှုထမ်းခြင်းမရှိက ထောင်ဒဏ်ကျခံရမည်ဟု ခြိမ်းခြောက်ပြောဆိုသည် ဟုဆိုသည်။

လက်ရှိ စစ်ကောင်စီက အကောင်အထည်ဖော်နေသည်မှာ စစ်မှုထမ်းပထမအသုတ်တွင် ပါဝင်သူများကို စာရင်းကောက်နေခြင်း ဖြစ်သည်။

ထိုသို့ စာရင်းကောက်ရာတွင် လာရောက်စာရင်းပေးသွင်းခြင်းမရှိသူတို့သည် သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် နှစ်ခုစလုံးလည်းချမှတ်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေတွင် ဖော်ပြထားသည်။

ထိုအချက်ကို အသုံးချကာ စစ်ကောင်စီက ထောင်ချမည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုနေသည်။

ယင်းအပြင် အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းရန် အသက်အကျုံးဝင်သူ တစ်ဦးဦးသည် နေအိမ်တွင် မရှိပါက၊ ကျန်ရှိသည့် မိဘအုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးက ခိုင်လုံသည့် အကြောင်းပြချက် ပေးနိုင်ရမည်ဟု စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က မြန်မာနောင်း သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

အကြောင်းပြချက်မခိုင်လုံပါက ‘တရားခံပြေး’ အဖြစ်သတ်မှတ်မည်ဟု ဆိုလိုက်ပြီး စစ်မှုမထမ်းလို၍ တိမ်းရှောင်ပါက အုပ်ထိန်းသူကို အရေးယူ၊ မယူရန် ကိစ္စကို မကြာခင် ထွက်ရှိလာမည့် စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းသွားမည်ဟုလည်း ပြောဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် ပြည်သူများအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း မြို့ခံအချို့ကဆိုသည်။

စစ်မှုထမ်းမထမ်းချင်ကြောင်း ငြင်းဆန်ပါလည်း ထောင်ကျမည်၊ ထွက်ပြေးပါကလည်း စစ်ကောင်စီက မိသားစုကို ဖိအားပေးခြိမ်းခြောက်မည်၊ ပိုင်ဆိုင်မှုများကို သိမ်းမည်ဆိုသည့် သတင်းများကိုကြားပြီး စိတ်ဆင်းရဲနေရကြောင်း မြို့ခံ လူငယ်တစ်ဦးက အခုလို ပြောဆိုလိုက်သည်။

“ကျွန်တော် သတ်သေချင်စိတ်ပါ‌ ပေါက်တယ်”