စစ်ကောင်စီလက်ထက် ခေတ်စားလာသည့် လက်ထိယဉ်ကျေးမှု

0
2514

ကားထဲမှ ထွက်လာသည့် လက်သီးဆုပ်ထားသော လက်တစ်ဖက်နှင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ယူနီဖောင်းဝတ်၏ လက်တစ်ဖက်ထိတွေ့သွားပြီးနောက် အတားအဆီးများ မရှိတော့။

ယင်းမှာ စစ်ကောင်စီလက်ထက်တွင် ထွန်းကားလာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။

လမ်းပေါ်က စစ်ဆေးရေးဂိတ်များတွင်ပဲလား ဆိုတော့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးများမှသည် ဌာနဆိုင်ရာများအားလုံးတွင်လည်း ယင်သို့ပင်ရှိနေသည်။

ထိုင်းနိုင်ငံတွင် လူတစ်ဦးနှင့်တစ်ဦး တွေ့ပါက လက်အုပ်ချီနှုတ်ဆက်သကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လက်ချင်းထိယဉ်ကျေးမှုက ခေတ်စားလာခြင်းဖြစ်သည်။

သို့သော် နှုတ်ဆက်သည်တော့မဟုတ်။

စစ်ကောင်စီလက်ထက် ပိုမိုရှုပ်ထွေးလာသည့် ကြိုးနီစနစ်များကို ဖြတ်ကျော်နိုင်ရန် လာဘ်ထိုးရခြင်းဖြစ်သည်။

လာဘ်မထိုးပါက စစ်ဆေးရေးဂိတ်တစ်ခုကို အလွယ်တကူဖြတ်သန်း၍ မရသလို ရပ်ကွက်ထောက်ခံစာပင် မရသည့် အခြေအနေကို ဆိုက်ရောက်နေသည်။

အောက်ခြေအဆင့် ရပ်ကျေးစာရေးတစ်ဦးထံတွင် ထောက်ခံစာရေးသည်ကအစ ငွေကျပ် ၃၀၀၀ ခန့် မဖြစ်မနေပေးနေရသည်။

ပြည်သူများမှာ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူ‌စောထီးများ၊ စစ်ကောင်စီတပ်သားများအတွက် ငွေထုတ်စက်များသဖွယ် ဖြစ်‌လာသည်။

မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အရောင်းအဝယ်စာချုပ်၊ သတ္တုတူးဖော်ရေးလုပ်ငန်းအဆုံး လုပ်ငန်းအလုပ်ဖြစ်မြောက်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို မဖြစ်မနေ မျက်နှာချိုသွေး လာဘ်ထိုးရသည့်ဓလေ့ တဖန်ပြန်ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။

ဂိတ်ကြေး

အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြ စစ်ဆေးရေးဂိတ်များ မှိုလိုပေါက်လာခဲ့သည်။

၎င်းစစ်ရေးဂိတ်များသည် အများပြည်သူ ခရီးသည်များထံမှ ပုံစံအမျိုးမျိုးဖြင့် ငွေညှစ်လျက်ရှိရာ စစ်ဆေးရေးဂိတ်သည်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ဝင်ငွေရွှင်သည့် ရလမ်းတစ်ခုဖြစ်နေပေသည်။

Dawei Watch ပြုစုထားသည့် စာရင်းများအရ တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၃၆ ဂိတ်ရှိသည်။

မွန်-တနင်္သာရီအစပ် မလွှဲတောင်စစ်ရေးဂိတ်မှ ကော့သောင်းမြို့အဝင်အထိ ပြည်‌ထောင်စုလမ်းမ တစ်လျှောက် ၂၇ ဂိတ်၊ ထားဝယ်မြို့မှ အရှေ့ဖက် ထိုင်းနိုင်ငံသို့သွားသည့် ထားဝယ်- ထီးခီးလမ်းပေါ်တွင် ၅ ဂိတ်၊ လောင်းလုံးမြို့နယ်တွင် ၄ ဂိတ် စုစုပေါင်း ၃၆ ဂိတ်ဖြစ်သည်။

၎င်းမှာ ၂၀၂၃ ခုနစ် ဧပြီလစာရင်းဖြစ်သည်။ ကြားထဲတွင် အပြောင်းအလဲ အနည်းငယ်ရှိနိုင်သည်။

ကားတစ်စီးသည် စစ်ဆေးရေးဂိတ်တစ်ခုလျှင် အနည်းဆုံးငွေကျပ်တစ်ထောင် ပေး‌ရလေ့ရှိသည်ဖြစ်ရာ ဂိတ်အားလုံးအတွက် ခရီးစဉ်တစ်ကြောင်းစာအတွက် ငွေကျပ် ၃၀၀၀၀ ကျော်ကုန်ကျကြောင်း ကားသမားတစ်ဦးကဆိုသည်။

နေ့စဉ်ကားအစီးရေ ရာချီဖြတ်သန်းနေရာ ပြည်သူများ၏ လုပ်အားခကျပ်ငွေသိန်းရာချီမှာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများထံသို့ တရားမဝင်စီးဝင်လျက်ရှိပေသည်။

စစ်‌ဆေးရေးဂိတ်တွင် တာဝန်ကျသည့် အောက်ခြေအဆင့် ရဲတပ်သားတစ်ဦးလျှင်ပင် တစ်လငွေကျပ်သိန်းဆယ်ချီ ရလေ့ရှိသည်ဟု ဆိုသည်။

“စစ်ဆေးရေးဂိတ်က စစ်သားတစ်ယောက်ဆိုရင် သူ့မိသားစုကို ပိုက်ဆံတစ်ခါလွှဲရင် (ကျပ်) ဆယ်သိန်း၊ ကိုးသိန်း လတိုင်း လာလွှဲလေ့ရှိတယ်။ အခုတော့ သူပြောင်းသွားပြီးလား၊ ဘာဖြစ်သွားလဲတော့မသိဘူး မလာတာကြာပြီ” ထားဝယ်ခရိုင်ရှိ မြို့နယ်အဆင့် ပုဂ္ဂလိကဘဏ်ခွဲတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ငွေရပေါက်

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် အရောင်းအဝယ်စာချုပ်အမျိုးမျိုး၊ ဧည့်စာရင်း၊ ထောက်ခံစာ၊ အမှုအခင်းကိစ္စ စသည်တို့ဖြင့် ဝင်ငွေရွှင်လျက်ရှိသည်။

မြေအရောင်းအဝယ်စာချုပ်အတွက် မြေတန်ကြေးပေါ်မှုတည်ပြီး ကျပ်ငါးသိန်းမှ ဆယ်သိန်းကြားပေးရလေ့ရှိကြောင်း ထားဝယ်မြို့ပေါ်တွင် အိမ်ဆောက်နေထိုင်သူအချို့က ပြောသည်။

“စာချုပ်ထဲမှာ မြေဈေးဖော်ပြထားတော့ အဲဒီဈေးကိုကြည့်ပြီး ရာခိုင်နှုန်းသဘောမျိုး ပေးရတယ်။ ကျွန်မတုန်း ကတော့ (ကျပ်) ခုနစ်သိန်းခွဲ ပေးရတယ်။ အရက်ဖိုးတွေ၊ ဆိုင်ကယ်ဆီဖိုးတွေ မပါသေးဘူး။ အဲဒါစာချုပ်ချုပ်ခအတွက် သက်သက်” ဟု လွန်ခဲ့သည့် သုံးလက ထားဝယ်မြို့ပေါ်တွင် အိမ်ဆောက်နေထိုင်ရန် မြေဝယ်ခဲ့သူ ၄၁ နှစ်အရွယ် ဒေါ်သီသီ( အမည်လွှဲ) ကဆိုသည်။

ထားဝယ်မြိုသစ်ကဲ့သို့သော မကြာခဏ ‌မြေအရောင်းအဝယ်ဖြစ်နေသည့် ဒေသတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ဝင်ငွေအရွှင်ဆုံးဖြစ်သည်။

ထားဝယ်မြို့သစ်တွင် မြေငါးကွက်မှ ဆယ်ကွက်အထိ လစဉ်အရောင်းအဝယ်ဖြစ်နေရာ ယင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးမှာ လစဉ်ကျပ်သိန်းဆယ်ချီ လာဘ်ငွေရရှိနေကြောင်း မြေပွဲစားအချို့ထံမှသိရသည်။

စစ်ကောင်စီက ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးပေးရန်မလိုကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင်မူ ဧည့်စာရင်းတိုင်ကြားတိုင်း ပိုက်ဆံပေးရလေ့ရှိကြောင်း မြို့ခံအချို့ကပြောသည်။

ထားဝယ်မြို့ပေါ်တွင် အခန်းငှားပြီး တာရှည်နေထိုင်သူများမှာ တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် ဧည့်စာရင်းတိုင်ကြရသည်။

“(နယ်က) ဧည့်သည်လာလို့ ဧည့်စာရင်းသွားတိုင်ရင် တစ်ခါတိုင် တစ်ထောင် (ကျပ်) ပဲ။ ကျွန်တော်ကတော့ နေတာ ကြာပြီဆိုတော့ မပေးရဘူး။ လက်ဖက်ရည်ဖိုး တစ်ခါပေးထားရင် တစ်လလုံးရတယ်” ဟု တက္ကသိုလ်တက်ရန်အတွက် ထားဝယ်မြို့ပေါ်တွင် နေထိုင်သူ လူငယ်တစ်ဦးကဆိုသည်။

အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် ဧည့်စာရင်းကြေးအတွက်ပင်လျှင် တစ်လကျပ်သိန်းချီရလေ့ရှိကြောင်း နီးစပ်သူတို့ကဆိုသည်။

မြို့ပေါ်မဟုတ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည်လည်း တရားမဝင်လုပ်ငန်းများမှ ငွေကြေးအမြောက်အများ ရရှိနေသည်။

လောင်းလုံးမြို့နယ် စမ်းလှမ်း၊ ကျောက်နီမော်ရွာတို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ငါးဖမ်းလှေများထံမှ ငွေကြေးအမြောက်အများကို တရားမဝင်တောင်းခံနေသည်ဟု ဒေသခံတို့ကဆိုသည်။

ရာနှစ်ချီသော ကမ်းဝေး၊ ကမ်းနီးငါးဖမ်းလှေများ၊ ကင်းမွန်မီးထွန်းလှေပိုင်ရှင်များသည် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို နှစ်စဉ် ငွေကျပ်သိန်းဆယ်ချီပေးရသည်ဟုဆိုသည်။

ရရှိလာသည့် ငွေကြေးများကို အုပ်ချုပ်ရေးမှူးလက်အောက်ရှိ အရပ်သားလက်နက်ကိုင်(ပျူစောထီး) များကို လစာပုံစံခွဲပေးကြောင်း ကျောက်နီမော်ရွာရှိ လှေပိုင်ရှင်တစ်ဦးထံတွင် အလုပ်လုပ်ကိုင်နေသူ ရေလုပ်သားတစ်ဦးကဆိုသည်။

“ပိုက်ဆံမပေးရင် လှေထွက်လို့မရဘူး။ သူတို့က (လှေ) မထွက်နဲ့ဆို မထွက်ရဘူး။ ရွာမှာထိုင်ထားတဲ့ စစ်တပ်ကိုလည်း ဝေစုပေးရသေးတယ်” ဟု ၎င်းရေလုပ်သားက ပြောသည်။

လှေတစ်စီးလျှင် ငါးဖမ်းရာသီ တစ်ရာသီစာအတွက် ငွေကျပ် သိန်း ၅၀ အနည်းဆုံးပေးဆောင်ရသည်ဟုဆိုသည်။ တရားမဝင် ငါးခိုးဖမ်းသည့်လှေဆိုပါက ထိုထက်ပိုပေးရသည်ဟုဆိုကြသည်။

လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP – Myanmar) အဖွဲ့၏ ထုတ်ပြန်ချက်အရ အုပ်ချုပ်ရေးရုံးများသည့် လာဘ်ပေးရမှု ဒုတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘလက ထုတ်ပြန်သည့် သုတေသနအစီအရင်ခံစာတစ်ခုတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် အခကြေးငွေယူကာ လောင်းစကားဝိုင်းများကို ပေါ်ပေါ်တင်တင် ဖွင့်ခိုင်းခြင်းများလည်းရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကော့သောင်းမြို့နယ် ရှမ်းကိုးရွာဘက်တွင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့ဦးစီးသည့် လောင်းကစားဝိုင်းများ ရွာတိုင်းတွင် ပေါ်ပေါက်လာကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ဒီနားမှာက အရင်အစိုးရလက်ထက်ကတည်းက လောင်းကစားဝိုင်းတွေက အမြဲလုပ်နေကျပဲ။ အခုကတော့ ပိုဆိုးလာတာပေါ့။ ကြက်ဝိုင်းတွေဆို ဒီရွာမှမဟုတ်ရင် နောက်တစ်ရွာမှာ နေ့တိုင်းလုပ်ကြတာ” ဟု ဒေသခံတစ်ဦးက Dawei Watch ကို ပြောဆိုသည်။

အဆိုပါလောင်းကစားဝိုင်းများသို့ ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ ရဲ၊ စရဖ၊ စစ်ကောင်စီတပ်သား များသည် တစ်ခါတရံလိုက်လာလေ့ရှိကြောင်းဆိုသည်။

ထားဝယ်ခရိုင်ရှိ နှစ်လုံး၊ သုံးလုံး ချဲထီဒိုင်များမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံရဲများကို ရေလောင်းထားကြရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးမင်းသိန်းဆိုသူမှာ လောင်းကစားဝိုင်းများမှ အဓိက ဝင်ငွေရလျက်ရှိကြောင်း မြို့ခံတို့ကဆိုသည်။

၎င်းထံတွင်လည်း လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ် တပည့်တပန်းများလည်းရှိလေရာ ၎င်းအရပ်ဝတ်လက်နက်ကိုင်တို့က လောင်းကစားဝိုင်းများကို လုံခြုံရေးယူပေးကြသည်။

လောင်းကစားဝိုင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က နှိမ်နှင်းမှုများ ပြုလုပ်လာသည့် နောက်ပိုင်းတွင် ပေါ်ပေါ်တင်တင်မလုပ်ရဲသည့်တိုင် လုံးဝပျောက်ကင်းသွားခြင်းတော့ မရှိသေးပေ။

တစ်ကျော့ပြန် ပွဲစား

လာဘ်ပေး၊ လာဘ်ယူမှုများ အားကောင်းလာမှုတွင် မပါမဖြစ် လူတန်းစားတစ်ရပ်က ပွဲစားပင်ဖြစ်သည်။

စစ်ကောင်စီ၏ ရှုပ်ထွေးလွန်းသည့် ကြိုးနီစနစ်ကြောင့်လည်းကောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ အထင်အမြင် လွဲမှားခြင်းခံရမည်ကို စိုးရိမ်သဖြင့်လည်းကောင်း၊ အခန့်မသင့်ပါက ဖမ်းဆီးစစ်ဆေးမှု ခံရနိုင်သည့် အနေအထားကြောင့် လည်းကောင်း လူအများမှာ ပွဲစားများကို အားကိုးလာကြရသည်။

ယာဉ်မောင်းလိုင်စင်မှအစ နိုင်ငံကူးလက်မှတ်အဆုံး ပွဲစားမပါရင်မပြီး၊ ပွဲစားချယ်လှယ်သမျှခံရသည့် ခေတ်တစ်ခေတ်ကို ပြန်ရောက်လာခဲ့သည်။

အာဏာမသိမ်းခင်က ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်တို့ကို ကျပ်သောင်းဂဏန်းဖြင့် ကိုယ်တိုင်ရုံးသို့သွားပြီး အလွယ်တကူလုပ်နိုင်သည့် ကိစ္စမှာ ယခုမူ ပွဲစားကို အားကိုးကြရသည်။

“ခင်ဗျားအကျိုးဆောင်နဲ့ မလုပ်ဘူးဆိုရင် တိုးပေါက်မှာမဟုတ်ဘူး” ဟု ထားဝယ်မြို့ခံ အထွေထွေဝန်ဆောင်မှု ပွဲစားတစ်ဦးဖြစ်သူ ဦးဝင်း (အမည်လွှဲ) က ဆိုသည်။

ဦးဝင်းထံတွင် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်အမျိုးမျိုးအပါအဝင် ကလေးမွေးစာရင်းကအစ ဝန်ဆောင်မှုပေးသည်။

ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားပြီး ပြည်တွင်းတွင် မွေးစာရင်းရရှိရေး ဆောင်ရွက်လိုသူတို့က ဦးဝင်းထံအများဆုံး ချဉ်းကပ်လေ့ရှိကြောင်း ၎င်းကဆိုသည်။

“ပွဲစားအလုပ်က တယ်လီဂရမ် (Telegram APP) တစ်ခုရှိရင် အားလုံးရတယ်” ဟု ဦးဝင်းက ရယ်ကာမောကာ ၎င်း၏လုပ်ငန်းအကြောင်းကို ပြောပြသည်။

ပုံမှန်အားဖြင့် ကျပ်သောင်းဂဏန်းခန့်သာကုန်ကျသည့် နိုင်ငံကူးလက်မှတ်စာအုပ်တစ်အုပ်မှာ ပွဲစားလက်ထဲ အပ်လိုက်သောအခါ ဆယ်ဆဈေးတက်သွားပြီး ကျပ်နှစ်သိန်းကျော် ဖြစ်သွားသည်။

ပွဲစားများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ ဝေစုခွဲ‌ပေးရသဖြင့် ပုံမှန်ထက် ဈေးတိုးတောင်းခြင်းဖြစ်သည်။

မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တို့မှာလည်း အလားတူပင်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် စမတ်ကတ်ဆိုသည်ပါ ပေါ်လာသေးသည်။

“ကျွန်တော်တို့ လုပ်‌ကျွေးထားတဲ့ဟာနဲ့ ထားဝယ်က လဝက ဝန်ထမ်းမိန်းမတွေဆိုရင် ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ ဖြစ်ကုန်ပြီ” ဟု ဦးဝင်းကဆိုသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများအား မည်သည့်ပုံစံဖြင့် ‌လာဘ်ငွေပေးရသည်ကိုမှု ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ၎င်၏လုံခြုံရေးအတွက်ကြောင့်ဟုဆိုသည်။

သတ္တုတွင်း စားခွင်

အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်လုပ်ငန်းများ အများအပြားပေါ်လာသည့်အထဲတွင် ခဲသတ္တုတူးဖော်မှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။

၂၀၂၁ ခုနှစ် သတ္တုတွင်းဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းတွင် တရားဝင်ခွင့်ပြုချက်ဖြင့် တူးဖော်နေသည့် သတ္တုလုပ်ကွက် ၆၇ ကွက်ရှိသည်။

အကြီးစားတူးဖော်ခွင့် ၁၈ ကွက်၊ အလတ်စား ၉ ကွက်၊ အသေးစား ၄၀ ကွက် စုစုပေါင်း ၆၇ ကွက်ဖြစ်သည်။

အဆိုပါသတ္တုတူးဖော်ရေး ဧရိယာအများစုတွင် အာဏာသိမ်းပြီးနောက် တရားမဝင်တူးဖော်မှုများ အမြောက်အများ ပြုလုပ်လာခဲ့သည်။

စစ်ကောင်စီ၏ မောရဝတီရေတပ်ဌာနချုပ်တည်ရှိသည့် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာတွင်လည်း တရားမဝင်သတ္တုတူးဖော်လျက်ရှိသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် လက်နက်ကိုင်ပျူစောထီးများကို လိုင်းကြေးဆောင်ပြီး တူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

အုန်းပင်ကွင်းကျေးရွာအနီးရှိ ကျွဲသုံးညီမရွာတွင်လည်း အလားတူပင် သတ္တုခိုးတူးဖော်လျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။

သတ္တုလာ‌ရောက်တူးဖော်နေသူများမှာ ဒေသခံများမဟုတ်သည့် မျက်နှာစိမ်းများဖြစ်ကြောင်း ပြောဆိုကြသည်။

၂၀၂၃ ဩဂုတ်လက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်များတွင်ပင် ရေဖြူမြိုနယ်အတွင်း ခဲသတ္တုတရားမဝင် တူးဖော်မှုများပြုလုပ်နေကြောင်း ရေးသားဖြန့်ဝေခဲ့ဖူးသေးသည်။

ဒေသခံတို့အဆိုအရမူ မောရဝတီရေတပ်အနီး တရားမဝင်သတ္တုတူးဖော်နေမှု၏ နောက်ကွယ်တွင် မောရဝတီရေတပ်က ထဲထဲဝင်ဝင်ပါဝင်နေနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။

“ရေတပ်က အချိန်မရွေးဝင်ထွက်သွားလာ လက်လှမ်းမီတဲ့ ဒီနေရာမျိုးမှာ အုပ်ချုပ်ရေးမှူးတွေက သူ့သဘောနဲ့သူ ခွင့်ပြုချက် ပေးရဲပါ့မလား။ သူတို့ (မောရဝတီရေတပ်) ကလည်း ရနေလို့သာပဲ ပေါ်တင် တူးရဲတာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မောရဝတီရေတပ်နှင့် ချောင်းတစ်ခုသာခြားသည့် မင်းသားကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း ရေတပ်နှင့်ပေါင်းပြီး ခဲသတ္တုတရားမဝင်တူးဖော်ရာတွင် ပါဝင်လျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းအတွက်ကြောင့် အဆိုပါအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( ဒေါနတပ်ခွဲ ၄) က ဇန်နဝါရီလ ၂၄ ရက်က သွား‌ရောက်သတိပေးခဲ့ဖူးသည်။

မောရဝတီရေတပ်အနီးဝန်းကျင်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများသည် ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းနိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးအတွက် တရားမဝင်သတ္တုတူးဖော်ခြင်းမှ ရယူနေကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းအတွက်ကြောင့်လည်း မောရဝတီရေတပ်က မသိဟန်ဆောင်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ခန့်မှန်း ပြောဆိုကြသည်။

စီးပွားရေးလုပ်ငန်းရှင်များသည်လည်း လာဘ်ထိုးပြီး တရားမဝင်ခဲတူးဖော်မှုများကို ပေါ်ပေါ်တင်တင်ပင်ပြုလုပ်နေကြသည်။

တနင်္သာရီတိုင်းအတွင်း တရားမဝင်သတ္တုတူးဖော်မှုများအကြောင်း မေးမြန်ရန် Dawei Watch မီဒီယာက မတ်လ ၂၉၊ ၃၀ ရက်တို့တွင် တိုင်းသတ္တုတွင်းဦးစီးဌာနအား ဖုန်းဆက်သွယ်ခဲ့သေးသော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိပေ။

စစ်ကောင်စီနှင့် လာဘ်စားမှု

စစ်ကောင်စီလက်ထက်တွင် ထူးထူးခြားခြား ဖြစ်လာသည့် အပြောင်းအလဲတစ်ခုမှာ လာဘ်ပေးလာဘ်ယူ ခေတ်စားလာခြင်းပင်ဖြစ်သည်။

ထိပ်ပိုင်းခေါင်းဆောင်များကြားတွင်ပင် အပြိုင်အဆိုင် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေချိန်တွင် အောက်ခြေအုပ်ချုပ်ရေး ယန္တရားများမှာ အထူးပြောနေစရာပင် မလိုတော့။

ယင်းအခြေအနေကိုစစ်ခေါင်းဆောင် ကိုယ်တိုင်လည်း သိနေသည်။

ရာထူးနှင့် လုပ်ပိုင်ခွင့်သုံးပြီး ကိုယ်ကျိုးရှာသည့် အဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၃ စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကောင်စီဝင်များနှင့် အစည်းအဝေးတွင် သတိပေးပြောဆိုခဲ့ရသည် အထိ အခြေအနေဆိုးရွားနေခဲ့သည်။

စစ်ခေါင်းဆောင်၏ အယုံကြည်ရဆုံးသူ တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်တစ်သက် (ထောင်ဒဏ်နှစ် ၂၀) ၂၀၂၃ အောက်တိုဘာလတွင် ချမှတ်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ကုန်သွယ်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူမှု၊ စီးပွားရေးလုပ်ငန်းများတွင်အလွဲသုံးစားလုပ်သည့် နိုင်ငံအဆင့် လာဘ်စားမှု ပေါ်ပေါက်ပြီးနောက် ၂၀၂၃ စက်တင်ဘာ ၁၉ တွင် ဖမ်းဆီးခံထားရသည်။

ထိပ်သီးခေါင်းဆောင်များပင် အဂတိလိုက်စားနေသည့် အခြေအနေတွင် လာဘ်စားမှုပပျောက်ရန်မှာ စစ်ခေါင်းဆောင်နှင့်အဖွဲ့ လုပ်ဆောင်နိုင်စွမ်းတွင် ရှိမနေဟု ဆိုရမည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်များ ဖွဲ့စည်းကာ လာဘ်စားမှုပပျောက်ရေး လုပ်နေသော်လည်း ဟန်ပြသက်သက်သာ ဖြစ်နေသည်။

စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့ထားကြောင်းနှင့် အဆိုပါအဖွဲ့သည် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့်သက်ဆိုင်သည့် အဂတိလိုက်စားမှုများကို စိစစ်ဖော်ထုတ်ရန်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဧပြီလ ၂၆ ရက်က ပြုလုပ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင်ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီးတိုင်ကြားလာပါက စိစစ်ပြီးလျှင် ဝန်ထမ်းဥပဒေနည်းဥပ‌ဒေတို့ဖြင့် အရေးယူမည်ဖြစ်ပြီး အဂတိမှုမြောက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ‌၎င်းကပြောဆိုခဲ့သည်။

သို့သော်တနင်္သာရီတိုင်းတွင်တော့ အဂတိလိုက်စားမှုများ ဌာနဆိုင်ရာအသိုင်းအဝိုင်းတွင် တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်နေသော်လည်း အရေးယူအပြစ်ပေးခံရသူရှိကြောင်း မကြားရပေ။

ISP Myanmar ၏ ထုတ်ပြန်ချက်အရ တရားရုံးတွင်လည်း လာဘ်ပေး၊ လာဘ်ယူမှုများရှိနေပြီး မြို့နယ်အဆင့်တရားရုံးများမှာ လာဘ်ပေး၊ လာဘ်ယူ အများဆုံးဖြစ်ကြောင်းဆိုသည်။

စစ်တမ်းယူခဲ့သည့် မြို့နယ်ပေါင်း ၁၁၀ အနက် အနည်းဆုံး မြို့နယ် ၇၀ နှင့် အများဆုံး ၁၀၇ မြို့နယ်တို့က တရားရုံးများတွင် ငွေကြေးဖြင့်လာဘ်ထိုးရကြောင်း ဖော်ပြထားသည်။

အခွန်ရုံးများမှာ လာဘ်ပေး လာဘ်ယူ တတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ လာဘ်ငွေတောင်းပြီး ဆောင်ရွက်ပေးသည့်ကိစ္စအားမေးမြန်းရန် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့ထံ Dawei Watch က ဖုန်းဆက်သွယ်ခဲ့သေးသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် မေးမြန်းခွင့်မရပေ။

တနင်္သာရီတိုင်းတွင် အောက်ခြေဟင်းရွက်သည်မှစပြီး စီးပွားရေးလုပ်ငန်းရှင်များအထိ နိစ္စဓူဝကိစ္စများအားလုံး အဆင်ပြေ ချောမွေ့စေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကြေး လာဘ်ထိုးပြီးဆောင်ရွက်နေကြရကြောင်း ‌ကိုယ်တိုင်ကြုံနေကြရသည့် ဒေသခံတို့က ပြောဆိုကြသည်။

ထားဝယ်မြို့တွင် အိမ်သစ်တစ်ဆောင် ဆောက်လုပ်နေသည့် ဒေါ်သီသီကမူ ၎င်းအိမ်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ မြေစာရင်းဌာန၊ လျှပ်စစ်ရုံး တို့အတွက် သီးသန့်ပေးရသည့် ငွေပင် ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ကြားရှိကြောင်း ပြောဆိုသည်။

လုပ်ငန်းအဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းအား လာဘ်ထိုးဖြေရှင်းနေရသည်ကို စိတ်ပျက်မိကြောင်း ဒေါ်သီသီက ယခုကဲ့သို့ပြောဆိုလိုက်သည်။

“ကျွန်မမျိုးလူတွေဆီကနေ ပိုက်ဆံဘယ်အပေါက်ကထွက်လာမလဲပဲ။ ထွက်ရင် ထွက်တဲ့အပေါက်ကနေ ရသလောက်ကို ယူကြတာ။ (ငွေညှစ်တာကတော့) တော်တော်လေးကို အဖြစ်ဆိုးနေတယ်”