ဘန်ကောက်တွင် အနှိပ်သည် မြန်မာလူငယ် ၁၅ဦး ဖမ်းဆီးခံရ

0
549
ပုံစာ - ချွတ်ချိုင်းရဲစခန်းတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများ။ ဓာတ်ပုံ - Khaosod

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ဖဖောင်းရှောပင်းစင်တာတွင် အနှိပ်သည်လုပ်နေသော မြန်မာနိုင်ငံသား လူငယ်အမျိုးသား ၁၅ ဦး မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Big C လတ်ဖလောင်းရှောပင်းစင်တာအတွင်းရှိ Uncle oo အနှိပ်ခန်းကို ထိုင်းလူကုန်ကူးမှုတားဆီးရေးအာဏာပိုင်များက ဝင်ရောက်စီးနင်းရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အနှိပ်ခန်းသို့ လာရောက်သော အမျိုးသားများကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသည်ဟု သတင်းပေး တိုင်ကြားမှုရရှိခဲ့သဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အနှိပ်ခန်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၅ ဦးကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါမြန်မာများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆိုသည်။

အသက် ၆၂ နှစ်အရွယ် ထိုင်းဆိုင်ပိုင်ရှင်ကို တရားမဝင် အလုပ်သမားများကို ခန့်ထားမှုဖြင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများ လိင်လုပ်သားအဖြစ် ခိုင်းစေခံရခြင်းရှိမရှိ ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထိုင်းရိုးရာအနှိပ်သည်လုပ်ငန်းသည် ထိုင်းနိုင်ငံသားမဟုတ်ဘဲ နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Khaosod English, Thairath