ပလမြို့တွင် စစ်ကောင်စီအတွက် ထောက်ပို့နေသည်ဆိုသည့် စက်လှေတစ်စီးကို PDF က မီးရှို့

0
591
ပုံစာ - မတ်လ ၃၀ ရက်နေ့က မီးရှို့ခံရသည့် စစ်လှေ။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း (၁)။

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်ကောင်စီအတွက် ရေကြောင်းလမ်းအတွက် ထောက်ပို့နေသည့် စက်လှေတစ်စီးကို မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က မီးရှို့ခဲ့ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။

မီးရှို့ခံရသည့် စက်လှေသည် ပလမြို့က ဦးဝင်းနိုင်နှင့် ဒေါ်ဝင်းဝင်းမော်တို့ပိုင်ဆိုင်ကြောင်း သိရသည်။

ပိုင်ရှင်များထံသို့ တယ်လီဖုန်းဖြင့် သတိပေးမှု သုံးကြိမ်ထက်မနည်းပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သဖြင့် ယခုကဲ့သို့ မီးရှို့သတိပေးလိုက်ရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“သူတို့ မတတ်သာလို့ လုပ်နေရတဲ့ ပုံစံမျိုးပြောတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း စစ်ကောင်စီရဲ့ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်ပစ်မှရမယ့် အနေအထားဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

စက်လှေပိုင်ရှင်များသည် စစ်ကောင်စီအတွက် လက်နက်နှင့် ရိက္ခာများကို ရေကြောင်းဖြင့်ထောက်ပို့ သယ်ယူပေးနေသည့် အပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် Dawei Watch အနေဖြင့် ကာယကံရှင်များထံ ဆက်သွယ်မေးမြန်း၍ မရသေးသဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ စက်လှေအား မီးရှို့ရန် ပလမြို့သို့သွားစဥ် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်မှု အနည်းငယ်ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ထံက သိရသည်။

မတ်လ ၂၇ ရက်ကလည်း ပုလောမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခုနစ်ဦးကို အရေးယူမည်ဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) က သတိပေးစာထုတ်ပြန်ထားသည်။