မီးခိုးငွေ့တွေကြား တောစကားတောင်စကား

0
1069

ကျနော်တို့ကားလေးဟာ တောင်စဉ်တောင်တန်းတွေကြားထဲက မြေသားလမ်းတစ်လျှောက် ဆင်းလိုက်၊ တက်လိုက်၊ ကွေ့လိုက်ပတ်လိုက်နဲ့ ပြေးလွှားနေပါတယ်။ သစ်တောကြီးတွေကလည်း တောင်တန်းတွေနဲ့ လျှိုတွေထဲက သစ်တောကြီးတွေကလည်း အုံ့အုံ့ဆိုင်းဆိုင်းပါပဲ။ ရိတ်သိမ်းပြီးစ တောင်ယာခင်းတွေဟာလည်း သစ်တောတွေရဲ့ကြားထဲမှာ ခေါင်ခေါင်ပြောင်ပြောင် ဖြစ်လို့နေပါတယ်။

နေက ကျဲကျဲတောက်ပူနေတာကြောင့် တောင်ယာတဲကလေးတွေဟာ ဖြူရော်နွမ်းလျလို့ နေကြပါတယ်။ အဲဒီမြင်ကွင်းဟာ ကျနော့်ကို အတွေးတွေအများကြီး မွေးဖွားပေးလိုက်တာပါပဲ။

တလောက သွားခဲ့တဲ့ ခရီးတစ်ခုမှာ မြင်ခဲ့ရတာကို လှမ်းပြီး သတိရမိနေတာပါ။

ဒီရက်ပိုင်း ကျနော်နေထိုင်ရာ မြို့ရဲ့ ကောင်းကင်တစ်ခွင်မှာ ပိတ်ပိတ်သည်းသည်း ဖြစ်နေတဲ့ မီးခိုးမြူတွေဟာ အသက်ရှူခက်စေ၊ မျက်လုံးတွေကို ကျိန်းစပ်စေ၊ ဦးခေါင်းတွေကို နောက်ကျိစေပါတယ်။ အသက်ရှူမဝသလိုလိုဖြစ်၊ မျက်ရည်ပူတွေကျ၊ နားထင်တွေ ကိုက်သလိုလို ခံစားရ။

မီးခိုးရာသီ။ နှစ်စဉ်လိုလိုပဲ ဒီဒေသမှာ မီးခိုးရာသီ ရှိနေခဲ့ပါပြီ။ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ရာသီသုံးပါးထဲမှာ နောက်ထပ်တစ်ခု ထပ်တိုးလာတာပါပဲ။ ဒီကာလကိုရောက်တော့မယ်ဆိုရင်ပဲ တချို့သူတွေဟာ စိုးရိမ်စိတ်နဲ့ ကြိုတင်ပြင်ဆင်ကြပါတယ်။ လေရဲ့ သန့်စင်မှုအခြေအနေကို တိုင်းတာတဲ့ စက်တွေနဲ့ လေကိုသန့်စင်ပေးတဲ့စက်တွေ ဝယ်ကြတာတွေ လုပ်ကြသလို သွားလာလုပ်ကိုင်မှုတွေနဲ့ပတ်သက်ပြီးလည်း ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ကြပါတယ်။ တတ်နိုင်သူတွေကလည်း တခြားမြို့တွေဆီကို ပြောင်းရွှေ့ပြီး မီးခိုးရှောင်ကြပါတယ်။

မီးခိုးတွေဟာ နယ်စပ်တစ်ကြောမှာ တောင်ယာတွေအလွန်အကျွံခုတ်ပြီး မီးရှို့ကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ထိုင်း-မြန်မာ တာဝန်ရှိသူတွေ မနှစ်က ဆွေးနွေးခဲ့ကြတာကို မှတ်မိနေပါသေးတယ်။ စာရွက်ပေါ်မှာပဲ အဖြေရှာတွေ့ ပြေလည်ခဲ့ပုံပါပဲ။

မနှစ်တုန်းကတော့ လူ ၁၀ သန်းလောက် ဆေးရုံတက်ခဲ့ကြရတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်တာကို ဖတ်လိုက်ရပါတယ်။ မီးခိုးငွေ့ကြောင့်ဖြစ်တဲ့ ရောဂါ ဒါမှမဟုတ် ဝေဒနာတွေကြောင့်ပါပဲ။ ထိုင်းနဲ့ကပ်နေတဲ့ မြန်မာဘက်ရဲ့ စာရင်းကိုတော့ မသိရပါဘူး။

နွေလည်း ရောက်ပြီဆိုတော့ နေရဲ့ အပူအပြင် မီးခိုးငွေ့တွေကို အမြဲမပြတ် ရှူရှိုက်နေရတဲ့အခါ နေ့စဉ်နေမှုထိုင်မှုဟာ ပင်ပန်းလှပါတယ်။

တောင်ယာခင်းတွေထဲက တဲတွေက ကျနော့်အာရုံထဲကို မကြာမကြာ ဝင်လာနေပါတယ်။

တောင်ယာခင်းတွေထဲမှာ တဲကလေးတွေရှိနေတဲ့ကိစ္စဟာ အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။ ခရီးတွေသွားတဲ့အခါ တွေ့နေမြင်နေကျမြင်ကွင်းတွေပါပဲ။ မြန်မာပြည်တခွင် လှည့်ပတ်ကြည့်ရင်လည်း ယာခင်းတွေ၊ လယ်ကွင်းတွေထဲမှာ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်ဟာ တွေးနေမိပါတယ်။

နေ့လယ်ခင်းဖြစ်တာကြောင့် နေကလည်း တောင်တွေပေါ်မှာ ဝင်းဝင်းတောက်နေပါတယ်။ တဲကလေးတွေဟာ နေအပူကို အန်တုနေကြပုံရှိပါတယ်။

ဒီတဲကလေးတွေရဲ့ အဓိပ္ပာယ်က ဘာပါပဲ။ သူတို့တွေရဲ့ ရှိနေမှုက ဘာအတွက်ပါလဲ။ ယာခင်းစောင့်ဖို့ပါပဲ။ ယာစောင့်တဲကလေးတွေပါပဲ။ ရွာတွေနဲ့ အလှမ်းဝေးတဲ့အခါ အခင်းရှင်တွေဟာ ယာခင်းထဲမှာပဲ တဲထိုးပြီး နေကြရပါတယ်။ ဒါက သဘာဝပါပဲ။ အမှားအယွင်းတော့ဟုတ်မနေပေမဲ့ အဲဒါကို ကျနော်ကတော့ အမြင်တစ်မျိုးနဲ့ မြင်ကြည့်မိတဲ့အခါ လေးလံမှုကို ခံစားရပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ မိတ်ဆွေတွေကိုလည်း ပြောမိပါတယ်။

“ကြည့်စမ်းပါဦးဗျာ၊ လူတွေဟာ ရှိနေတဲ့ သစ်ပင်တွေကိုတော့ ခုတ်ပစ်တယ်။ ပြီးတဲ့အခါ နေပူပူထဲမှာ လာပြီးနေနေကြတယ်” လို့။

ဒီလိုပြောရတာက တဲကလေးတွေရဲ့ပတ်လည်မှာ ဘာသစ်ပင်မှ ရှိမနေလို့ပါပဲ။

လူသားတွေအနေနဲ့ ဘာကို လိုချင်နေကြမှန်း မသိနိုင်တော့ဘူးဆိုတဲ့ စကားတစ်ခုကို သတိရမိပြန်ပါတယ်။ ဒါကတော့ တောင်ယာခုတ်သူတွေကိုချည်း ရည်ညွှန်းတာတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ ခေါင်းစဉ်နောက်ကို အာသာငမ်းငမ်း လိုက်နေသူတွေကို ကြည့်ပြီး သံဝေဂပွားတဲ့ စကားဖြစ်ပါတယ်။

အရိုင်းအစိုင်းတွေအဖြစ်နဲ့ အမဲလိုက်၊ သစ်ဥသစ်ဖုရှာဖွေစားသောက်ပြီး ခြေသလုံးအိမ်တိုင်ဘဝနဲ့ နေထိုင်ခဲ့ကြရာကနေ မီးကို ရှာဖွေတွေ့ရှိတာ၊ လယ်ယာစိုက်ပျိုးမှုအတတ်ကို သိရှိသွားခဲ့တာ၊ စက်မှုထွန်းကားအောင် ကြံဆောင်နိုင်ခဲ့တာ၊ နောက် နည်းပညာနဲ့ အင်တာနက်ဆက်သွယ်ရေးတွေ တမဟုတ်ချင်း ပေါက်ကွဲပျံ့နှံ့စေခဲ့လို့ ကမ္ဘာကြီးကို ရွာတစ်ရွာလို ကျဉ်းမြောင်းသွားစေခဲ့တာ၊ အခုလက်ရှိ အေအိုင်လို့ ခေါ်တဲ့ ဉာဏ်တုကို လိုသလို စေစားနိုင်ခဲ့တဲ့အထိ လူတွေဟာ နတ်ဘုရားတွေလောက်နီးနီး တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်လာခဲ့ကြပါတယ်။

အဲဒါတွေနဲ့အတူ နိုင်ငံရေးစနစ်တွေ၊ စီးပွားရေးလုပ်ဟန်တွေ၊ လူမှုရေးဓလေ့တွေ၊ အတွေးအခေါ်နဲ့ ယုံကြည်ကိုးကွယ်မှုပုံစံတွေလည်း ပြောင်းလဲလာခဲ့ကြပါတယ်။ ဧရာမမြို့ပြကြီးတွေ တည်ထောင်ကြ၊ မိုးထိတိုက်ကြီးတွေ တည်ဆောက်ကြ၊ လုပ်သားပေါင်း သောင်းသိန်းချီတဲ့ လုပ်ငန်းစုကြီးတွေ ဖွဲ့စည်းကြ။

ထုတ်လုပ်သူတွေက စားစရာတွေ၊ ဝတ်စရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဒလဟော ထုတ်လုပ်၊ အားပေးသူတွေက အတောမသတ် ဝယ်ယူသုံးစွဲ၊ ဇိမ်ခံ။ ဒါတွေဟာ လူသားတွေရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာတွေအဖြစ်လည်း ဘုန်းတော်ဖွဲ့ကြပြန်ပါသေးတယ်။

ဒါပေမဲ့ လူသားတွေဟာ ဘာဖြစ်ချင်နေကြတာလဲဆိုတဲ့ မေးခွန်းကတော့ ကျန်ရစ်ခဲ့ပါတယ်။ အေးချမ်းသက်သာပြည့်စုံကျန်းမာတဲ့ ဘဝနဲ့ လောကကို လိုချင်ကြတယ်လို့ ဖြေကြလေမလားပါပဲ။ ရရော ရနေကြပါရဲ့လား။

တလောဆီတုန်းက ညမှောင်မှောင်မှာ ဆိုင်တစ်ဆိုင်ကနေ မိတ်ဆွေတစ်ယောက်နဲ့ လမ်းလျှောက်ပြန်ခဲ့ကြပါတယ်။ သူနေတဲ့ အိမ်ရာရှေ့ကို ရောက်တဲ့အခါ အပြန်အလှန်နှုတ်ဆက်စကားဆိုဖြစ်ကြပါတယ်။ ပြီးတော့မှ ကျနော်က စကားတစ်ခု ဆိုမိပါတယ်။

“တစ်ရက်တာတော့ ပြီးဆုံးသွားပြန်ပါပြီ။ လေးထောင့်ကွန်ကရစ်အခန်းကျဉ်းလေးထဲကို ပြန်ဝင်ကြဦးစို့” လို့။

ကျနော်တို့ နေထိုင်ကြရတဲ့ တိုက်ခန်းတွေနဲ့ပတ်သက်ပြီး မွန်းမွန်းကျပ်ကျပ် ဖြစ်မိနေတာကို ထုတ်ဖော်ပြောလိုက်တာပါပဲ။ လူ့ဘဝတာဟာ အခုလိုမျိုး လေးထောင့်ကွန်ကရစ်အခန်းတစ်ခုထဲမှာပဲ ကျေနပ်ပြီးဆုံးသွားကြရတော့မှာလား၊ ဒါဟာပဲ ဘဝရဲ့ အောင်မြင်မှုအသီးအပွင့်တွေပဲလား၊ မြေကြီးရယ်လို့ မရှိ၊ သစ်ပင်မရှိ။ ကျနော်ပြောလိုက်ချိန်မှာ မိတ်ဆွေဟာ ဟိုးအဝေးဆီက ဇာတိကျေးလက်ရဲ့ ခြံနဲ့ အိမ်ကလေးကို လှမ်းပြီး သတိရလိုက်ပုံမျိုးနဲ့ ခဏတွေသွားလေရဲ့။

ကျနော်တို့ဟာ တစ်ကိုယ်စာ တိုက်ခန်းကျဉ်းထဲမှာ နေထိုင်နိုင်ဖို့ ကျယ်ပြောလှတဲ့ မြေကြီးတွေကို စွန့်ပစ်ခဲ့ကြပါတယ်။ ကွန်ကရစ်အခန်းကျဉ်းထဲမှာ နေဖို့၊ ကျယ်ပြောတဲ့ လမ်းမကြီးတွေမှာ လမ်းသလားဖို့ သစ်တောစစ်စစ်တွေကို ခုတ်လှဲခဲ့ကြပါတယ်။

ရာသီဥတု ပူပြင်းလာတာ၊ ဖောက်ပြန်လာတာ စတဲ့ ကိစ္စတွေဟာ အရေးတကြီးဖြေရှင်းဖို့လိုနေတဲ့ ကမ္ဘာကြီးရဲ့ ပြဿနာတွေအဖြစ် လူတိုင်းလိုလိုကပဲ လက်ခံထားကြပါတယ်။ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကိုလည်း သန်းပေါင်းများစွာက သဘောပေါက်ပြီးသား ဖြစ်ကြပါတယ်။ ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံ ထုတ်လုပ်သုံးစွဲတာ၊ သစ်တောပြုန်းတီးတာအပြင် အဲဒါတွေနဲ့ဆက်စပ်နေတဲ့ ကုန်စည်တွေအလွန်အကျွံ ထုတ်လုပ်နေတာ၊ ယာဉ်ရထားသွားလာမှုတွေ များပြားလွန်းတာတွေပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ရပ်တံ့ဖို့၊ လျှော့ဖို့ကိစ္စမှာတော့ လက်ညှိုးတွေလိုက်ထိုးနေကြတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။

“ပြီးခဲ့သောကာလအတွင်း ကျွန်ုပ်တို့လူသားများသည် မိမိတို့ ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို ပြုပြင် ပြောင်းလဲနိုင်သော အစွမ်းကို ရရှိလာခဲ့သည်။ သို့သော် ကမ္ဘာ့ဂေဟစနစ်၏ ရှုပ်ထွေးနက်နဲမှုကို နားမလည် သောကြောင့် ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော အပြောင်းအလဲများက ဂေဟစနစ်တခုလုံးကို သက်ရောက်လာပြီး ယခုအခါ ဂေဟစနစ် ပျက်ယွင်းခြင်း အန္တရာယ်ကို ကြုံနေရသည်”

အခုစာကြောင်းကိုတော့ ဟာရရီရဲ့ ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု-သီဟဝင့်အောင် မြန်မာပြန်မူထဲကနေ ကောက်နုတ်ယူပါတယ်။

ဒီလိုနဲ့ပဲ နေထိုင်ဖို့ ပျော်စရာမကောင်းတဲ့ အခြေအနေတွေထဲကို ကျနော်တို့ နေထိုင်ကြရပါတော့တယ်။ အလုပ်အကိုင်တွေ ဘယ်လိုပဲ ကောင်းကောင်း၊ လူနေမှုအဆင့်အတန်းတွေ မြင့်တယ်ပဲ ဆိုဆို အပူအပင်နဲ့ အကြောင့်အကြကင်းကင်းနဲ့ မနေထိုင်နိုင်ကြတော့ပါဘူး။ ဒီကြားထဲ အာဏာလုပွဲတွေ၊ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရဦးမယ်ဆိုရင်တော့ ငရဲပြည်မှာ လူလာဖြစ်ရသလိုပါပဲ။

“နောက်ဆိုရင် ငါတို့ငယ်ငယ်က ရှူခဲ့ရတဲ့ လေလိုမျိုးကို ရှူချင်ရင် ပိုက်ဆံပေးရတော့မယ်ထင်တယ်”

ဒီရက်ပိုင်းမှာပဲ မီးခိုးငွေ့တွေနဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ပြောစကားဖြစ်ပါတယ်။ အခုလည်း ပိုက်ဆံပေးနေကြရတော့တာပါပဲ။ လေသန့်စက်တွေ ဝယ်ကြရတယ်၊ လေအေးပေးစက်တွေ တပ်ရတယ် မဟုတ်လား။ မပေးနိုင်ဘူးဆိုရင်တော့ ညစ်နွမ်းမှုန်မှိုင်းတဲ့လေကိုပဲ ရှူကြရုံ။ အပူဒဏ်ခံကြရုံပေါ့။
သူ့စကားနဲ့အတူ ကျနော့်နားထဲမှာ ပဲ့တင်ထပ်သွားတာက “လူသားတွေ ဘာဖြစ်ချင်နေကြတာလဲ” ဆိုတဲ့ မေးခွန်းပါပဲ။

ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ ဘာကိုပြောတာလဲ ကျနော် နားလည်မနေပါဘူး။ မသိတာကို သိရခြင်း၊ မရှိသေးတာကို ရှိရခြင်းလား။ ဒါမှမဟုတ် ရှိနေတာတွေကို ဖျက်ဆီးပစ်ရခြင်း၊ သိထားတာတွေကို စွန့်လွှတ်ရခြင်းလား။ ပြီးတော့မှ မရှိုတော့တာတွေကို ပြန်လည်တမ်းတနေရခြင်းလား။

ကျနော်တို့ ဘယ်ကို သွားချင်တယ်၊ ဘာတွေကို လိုချင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိနိုင်ကြပေမဲ့ သဲလွန်စတွေကတော့ ကျနော်တို့ရဲ့ အသွေးတွေအသားတွေထဲမှာ ဘိုးဘွားတွေက အမွေချန်ထားရစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ သဲလွန်စကို ရှင်းရှင်းလင်းလင်း မြင်လာအောင် သေချာထိုင်မစဉ်းစားကြလို့သာ မမြင်နိုင်ကြတာပါ။

တောတောင်ရေမြေတွေ၊ တောအုပ်တွေ၊ သဘာဝရှုမျှော်ခင်းတွေကို မြင်တွေ့ရတဲ့အခါ ကျနော်တို့ ရင်ထဲမှာ ဘယ်လိုခံစားရပါသလဲ။ ဒီမေးခွန်းရဲ့ အဖြေဟာ ပျောက်ဆုံးနေ၊ ရှုပ်ထွေးနေတဲ့ ကျနော်တို့ရဲ့ လမ်းတွေကို အမှန်ပေါ်ရောက်အောင် တွန်းတင်နိုင်လေမလားပါပဲ။

ဘာဖြစ်လို့ ကျနော်တို့ဟာ တောတောင်ရေမြေသဘာဝအလှတွေကို မြင််တွေ့ရတဲ့အခါ ကြည်နူးကျေနပ်သွားကြပါသလဲ။ ချမ်းမြေ့မှုကို ခံစားသွားကြပါသလဲ။ ဘာဖြစ်လို့ ပင်ပန်းငြီးငွေ့လာတဲ့ တစ်ခါတစ်ရံမျိုးမှာ တောရွာကလေးတွေမှာ အေးအေးလူလူ သွားနေချင်တဲ့ စိတ်တွေ ဖြစ်မိပါသလဲ။

လူသားတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါမှာ ကွန်ကရစ်မိုးထိတိုက်ကြီးတွေ၊ ကျယ်ပြောတဲ့လမ်းမကြီးတွေနဲ့ အဲကွန်းယဉ်ကျေးမှုမှာ ယဉ်ပါးခဲ့တဲ့ကာလဟာ နှစ်ရာဂဏန်းပဲ ရှိဦးမှာပါ။ ဒါဟာ လူသားတို့ရဲ့သမိုင်းတာနဲ့ ယှဉ်ရင် တိုတောင်းလွန်းတဲ့ ကာလအခိုက်အတန့်ပဲ ရှိပါသေးတယ်။ တောတွေတောင်တွေနဲ့ ယဉ်ပါးနေခဲ့ကြတာက နှစ်ပေါင်း သန်းချီသိန်းချီ ရှိခဲ့ပါတယ်။ အဲဒီလိုနေထိုင်မှုရဲ့ မျိုးဗီဇဟာ ကျနော်တို့ရဲ့ သွေးထဲမှာ အတိုင်းအတာတစ်ခုအထိ ကျန်နေသေးတယ်လို့ ထင်တာပါပဲ။ ဒါကြောင့်မို့ပဲ တောတွေ၊ တောင်တွေ၊ စမ်းချောင်းတွေ၊ ပင်လယ်တွေ၊ သဘာဝအလှတွေကို မြင်တွေ့ရတဲ့အခါ ကိုယ့်ရဲ့ ဇာတိကို ပြန်ရောက်သွားသလိုမျိုး ခံစားနေမိတတ်ကြတာဖြစ်မှာပါပဲ။

အခုဖြင့် လူသားတွေဟာ နောက်ကြောင်းပြန်လှည့်လို့မရနိုင်လောက်အောင်ပဲ ခြေကျွံခဲ့ကြလေပြီလားပါပဲ။
ကျနော်ဖြင့် ရှေ့ကို ဆက်သွားဖို့ စိုးရွံ့နေခဲ့တာ ကြာခဲ့ပါပြီ။

ပြီးခဲ့တဲ့ နှစ်တချို့ထဲမှာ မြန်မာပြည်က အဖွဲ့အစည်းတစ်ခုက အခမ်းအနားတစ်ခုလုပ်ခဲ့တာကို သတိရမိပြန်ပါတယ်။ ‘ဗဟိုမှခွာ ဒေသတည်ရာ ပြန်သွားကြပါစို့'(Going Local)ဆိုတဲ့ ခေါင်းစဉ်နဲ့ပါပဲ။

ဒီဟာကို ကျနော်နားလည်တာက မြို့ပြကြီးတွေဆီ စုပြုံတိုးဝင်နေကြတာကို လျှော့ချပြီး ကိုယ့်ရပ်ရွာအသိုင်းအဝိုင်းအရေးတွေဘက် အာရုံလှည့်ကြဖို့ပါပဲ။ ဒေသရဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းကြဖို့ပါပဲ။

ကဲ ဒီအကြပ်အတည်းကြီးထဲမှာ ကျနော်တို့ ဘာလုပ်ကြမလဲ။ ဘာများ လုပ်နိုင်ကြသလဲ။

ငြိမ့်လွင့်