မောရဝတီရေတပ်စခန်း ဒုတိယအကြိမ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

0
959
ပုံစာ - ဒေါနတပ်ခွဲ မှ ရဲဘော်များ photo - KBDF

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်၏ သင်္ဘောဆိပ်ကို မတ်လ ၈ ရက် နံနက်ပိုင်းတွင် ဒေါနစစ်ကြောင်း တပ်ခွဲများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ခွဲများထံက သိရသည်။

ဒရုန်း ၂ စီးသုံး၍ ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် ဒရုန်းတစ်စီး ပျက်စီးခဲ့ရာ ဗုံး နှစ်လုံးသာ ချနိုင်ခဲ့ကြောင်း ဒေါနတပ်ခွဲ (၄) ၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF မှ တာဝန်ရှိသူက ပြောသည်။

“ဒရုန်းတစ်စီး ပျက်သွားလို့ ရည်မှန်းထားသလိုတော့ မဖြစ်ခဲ့ဘူး။ သူတို့ဘက်က အထိအခိုက် ရှိမရှိကတော့ စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

ယခုတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းတပ်ခွဲများဖြစ်သည့် KBDF တပ်ဖွဲ့ ၊ ဝေဟင်တပ်ဖွဲ့ နှင့် DDT တပ်ဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့များထံမှ သိရသည်။

ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် မောရဝတီရေတပ်က သင်္ဘောဆိပ်နှင့် မျက်နှာချင်းဆိုင် ပြင်ကြီးချောင်း ပင်လယ်ဝ တစ်ဖက်ကမ်းရှိ ဆင်ကူးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

ပြီးခဲ့သည်နှစ် ဒီဇင်ဘာလကလည်း မောရဝတီရေတပ်စခန်းဌာနချူပ်ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ဖူးသည်။