စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

0
13503

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။

ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။

“အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု စောမိညိုအနီးရှိ မြို့ခံတစ်ဦးက မတ်လ ၁၉ ရက်နေ့က ပြောဆိုသည်။

စောမိညိုတွင် နေထိုင်သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး နေအိမ်ဖျက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နေအိမ်ဖျက်ပေးရန် ၅ ရက်သာအချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်ပေး၊ မပြောင်းပေးသူများကို ထောင်ချမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

နေစရာဘုံပျောက်သွားသည့် စောမိညိုဒေသခံအချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်ကြရသည်ဟု ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သူတို့က ဆိုသည်။

နေအိမ်‌များဖယ်ခိုင်းခဲ့သော်လည်း စစ်ကောင်စီက မည်သည့် အကူအညီ အထောက်အပံ့မှ မပေးခဲ့ဟုဆိုသည်။

‌“မြေကတော့ ထားပါတော့ လယ်မြေဆိုတော့။ အိမ်အတွက်ကတော့ လျော်ကြေးပေးသင့်တယ်။ အဲဒီအတွက်လည်း တစ်ပြားမှမရကြဘူး” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ် အငြှိုးထားသည့် စောမိညို

အာဏာသိမ်းပြီး‌နောက် လက်နက်ကိုင်တော်လှန်ရေး အစပြုသည့်အချိန်မှ ယနေ့အချိန်အထိ သတိထားစောင့်ကြည့်နေရသည့် ထားဝယ်မြို့ရှိ နေရာများထဲတွင် ကြက်စားပြင်ရပ်ကွက်နှင့် စောမိညို ဧရိယာ တို့ပါဝင်သည်။

အာဏာသိမ်းကာစ ထားဝယ်မြို့တွင်း ဆန္ဒပြပွဲများထဲပါဝင်သူတို့ စောမိညိုရှိ လယ်ကွင်းများအတွင်း ရှောင်ပုန်းခဲ့ကြဖူးသည်။

ထိုနေရာရှိ လယ်စောင့်တဲများထဲ သိုဝှက်ထားသည့် လက်နက်ခဲ့ယမ်းနှင့် ပုန်းခိုနေသည့် တော်လှန်ရေးသမားတို့ကို ဖမ်းဆီးမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

၂၀၂၁ မေလခန့်ကဆိုလျှင် စစ်ကောင်စီသည် ကြက်စားပြင်ရပ်ကွက်အတွင်း လမ်းများကို ပိတ်ဆို့ခြင်း၊ ညဘက်အပြင်ထွက်ခွင့် ပိတ်ပင်ခြင်း၊ မိသားစုဝင်ဓာတ်ပုံများ နေအိမ်ရှေ့မြင်သာသည့်နေရာတွင် ကပ်ထားရန် စသဖြင့် တင်းတင်းကြပ်ကြပ် သတိထား ကိုင်တွယ်ခဲ့ဖူးသည်။

ကြက်စားပြင်ရပ်ကွက်နှင့် စောမိညိုမှာ ရပ်ကွက်မတူသော်လည်း တစ်ဆက်တည်းဖြစ်နေရာ ထိုဧရိယာနှစ်ခုကို စစ်ကောင်စီက ပူးတွဲစောင့်ကြည့် နေခြင်းဖြစ်သည်။

လက်နက်ကိုင် တော်လှန်ရေးအစပိုင်းက ထိုဧရိယာထဲတွင် ပုန်းခိုနေသူအချို့ ဖမ်းခံခဲ့ရသည်ဖြစ်ရာ ထိုသူများကို စစ်ကြောမေးမြန်းပြီး ယင်းဧရိယာထဲ တော်လှန်ရေးသမားများ မည်သို့ဝင်ထွက်၊ သွားလာလှုပ်ရှားသည်ကို စစ်ကောင်စီတပ်က သတင်းယူခဲ့သည်။

ယင်းအပြင် ဇန်နဝါရီလ ၃၁ ရက်ကလည်း ဘုမ္မော်ရပ်ကွက်နှင့်စောမိညိုလမ်းအနီး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြိုတင်ကင်းပုန်းဝပ်ပြီး အလစ်တိုက်ခိုက်ခဲ့ဖူးကြောင်း တော်လှန်ရေးအဖွဲ့တို့က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲမတိုင်ခင် ၂၀၂၃ ခုနစ် နိုဝင်ဘာလကလည်း PDF များကို လာရောက်စစ်ဆေးသည်ဟု အကြောင်းပြကာ စောမိညိုလမ်းနှင့် ကြက်စားပြင်ရပ်ကွက် ကာစတန်ဆိပ်ကမ်းရှိ နေအိမ်များပေါ်သို့ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက် ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းများကို သိမ်းဆည်းယူဆောင်သွားခဲ့ဖူးသည်။

စစ်ကောင်စီတပ်သည့် ကြက်စားပြင်၊ စောမိညိုဧရိယာတို့မှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့များ မြို့တွင်းဝင်ရောက်လာနိုင်သည့်ဟု တွက်ဆထားပုံရသည်။

ထိုအတွက်ကြောင့် ကြိုကာသည့်အနေနှင့် စောမိညိုတွင် တပ်စွဲနိုင်ရေးနေအိမ်များကို ဖျက်ခိုင်း၊ ပြောင်းရွေ့ခိုင်းခြင်းဖြစ်ကြောင်း ပြောင်းရွေ့ခံရသူအချို့က ယူဆနေကြသည်။

“သူတို့( စစ်ကောင်စီတပ်) ဒီနေရာမှာတပ်စွဲမယ်လို့ ကြားထားရတာရှိတယ်။ ဒါကြောင့်သာ အခုမှထပြီး အတင်းပြောင်းခိုင်းနေတာပေါ့။ တရားမဝင်ဘူးတို့ ဘာတို့ဆိုတာ သူတို့သက်သက်အကြောင်းပြချက်ပေးတာ။ တရားမဝင်ဘူးဆိုရင် သူတို့တက်လာကတည်းက လုပ်မှာပေါ့” ဟု ပြောင်းရွေ့ခံရသူနှင့် ဆွေမျိုးတော်သူတစ်ဦးက ဆိုသည်။

စောမိညိုဆိုတာ

စောမိညိုဆိုသည့်နေရာမှာ လယ်ကွင်းများကို တရားမဝင် မြေဖို့ အကွက်ရိုက်ပြီး အိမ်ဆောက်ထားသည့် နေရာဖြစ်သည်။

NLD အစိုးရလက်ထက်ကတည်းက ထိုကဲ့သို့ မြေဖို့အိမ်ဆောက်ထားကြခြင်းဖြစ်သည်။

ရပ်ကွက်ထဲရှိ မြေဝယ်ရန် မတတ်နိုင်သဖြင့် အိမ်တစ်ဆောင်စာကို ကျပ်သိန်း ၅၀ ဝန်းကျင် ဈေးပေါပေါဖြင့် ဝယ်ယူကာ အိမ်ဆောက်လုပ်နေထိုင်ခြင်းဖြစ်ကြောင်း စောမိညိုရပ်လမ်းတွင် နေထိုင်သူတစ်ဦးကဆိုသည်။

လယ်ယာမြေပေါ် မြေဖို့ အကွက်ရိုက် အိမ်ဆောက်နေထိုင်ခြင်းသည် တရားမဝင်သဖြင့် NLD အစိုးရကလည်း ၎င်းတို့ စာထုတ်ပြီး အကြိမ်ကြိမ်တားမြစ်ခဲ့သည်။

ဆောက်ထားသည့်နေအိမ်များ ဖယ်ရှားပေးရန် ရက် ၃၀ အချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖယ်ပေးပါက တရားစွဲမည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

‌စောမိညိုဒေသခံတို့ကလည်း နေထိုင်ခွင့်ပြုဖို့ ပြန်လည်အသနားခံခဲ့သည်။

၂၀၂၀ ခုနစ်တွင် တနင်္သာရီတိုင်း အစိုးရအဖွဲ့အနေဖြင့် စောမိညို အကွက်ရိုက်မြေကိစ္စအပါအဝင် ထားဝယ်မြို့အနီးဝန်းကျင်ရှိ တရားမဝင်အကွက်ရိုက်မြေ ပြဿနာများကို ဖြေရှင်းရန်ကြိုးပမ်းခဲ့သေးသည်။

ထိုကဲ့သို့လုပ်ဆောင်နေစဉ် ၂၀၂၁ ခုနစ်တွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီး တရားမဝင်အကွက်ရိုက်မြေကိစ္စများလည်း နိတ္ထိတံသွားခဲ့လေသည်။

ထိုအချိန်က စောမိညိုလမ်းတွင် နေအိမ် ၅၀ ဝန်းကျင်သာရှိသေးသည်။ နောက်ပိုင်းတွင် ပိုများလာခဲ့ပြီး ၂၀၂၄ ခုနစ်တွင် နေအိမ် ၁၂၀ ခန့်ရှိလာခဲ့သည့်အပြင် ကုန်လှောင်ရုံ၊ ပွဲရုံကဲ့သို့ စီးပွားရေး အဆောက်အဦးများပင် ဆောက်လုပ်လာခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထားဝယ်ခရိုင်အတွင်း လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ဓနိမြေ စသည့် မြေအမျိုးအစားတို့ကို မြေဖို့ အကွက်ရိုက်ရောင်းချမှုများ အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။

သို့သည့်တိုင် စစ်ကောင်စီအနေဖြင့် တစ်စုံတစ်ရာ ဖိအားပေးဆောင်ရွက်ခြင်းမျိုး လုပ်ဆောင်သည်ကို မတွေ့ရဘဲ စောမိညိုလမ်းရှိ နေအိမ်များကို သီးသန့်ဖယ်ရှာခိုင်းခဲ့ခြင်းဖြစ်သည်။

“ဒီမြေတွေပေါ်မှာ တရားမဝင်ဘဲ အိမ်ဆောက်ထားတာဆိုတော့ သူတို့(ဒေသခံတွေ) လည်း ဘာမှပြန်မပြောမနိုင်ဘူးပေါ့ဗျာ။ အစကတော့ ညှိနှိုင်းဖို့လုပ်ကြသေးတယ်။ ဒါပေမဲ့ မရဘူး” ဟု ‌ဖယ်ရှားခံရသူများနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးကဆိုသည်။

ငွေကြေးမတတ်နိုင်၍ ဈေးပေါပေါဖြင့်ရသော မြေကိုဝယ်ပြီး အိမ်ဆောက်နေကာမှ ယခုမူ ဝယ်ထားသောမြေလည်းဆုံး၊ အိမ်လည်းဆုံးဘဝကို ဒေသခံရာချီ နေ့ချင်းညချင်း ဆိုက်ရောက်သွားခဲ့သည်။

ဥပဒေနှင့်မညီ

မြေယာအရေးကျွမ်းကျင်သည့် ဥပဒေပညာရှင်တစ်ဦးကမူ စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟုဆိုသည်။

“တကယ်တမ်းကတော့ ဒီကိစ္စတွေက ဥပဒေအရဆိုရင် တကယ်ရှုပ်ထွေးတဲ့ကိစ္စဖြစ်တယ်။ တရားစွဲမယ်‌ဆို ဘယ်သူ့ကိုစွဲမှာလဲဆိုတဲ့ဟာရှိတယ်။ ဥပဒေအရဆိုရင်တော့ ပုံစံ ၇ ရှိတဲ့သူက စွဲခံရမှာပေါ့။ ဒါပေမဲ့ မြေဖို့ပြီး အကွက်ရိုက်ရောင်းတဲ့သူ(ဥပဒေချိုးဖောက်သူ) က ပွဲစားတွေဖြစ်နေတယ်။ ဒါမျိုးတွေပေါ့။ အဲတော့ အဲလိုရှုပ်ထွေးတာကို သူတို့( စစ်ကောင်စီက) မလုပ်တော့ဘဲ အာဏာကိုသုံးပြီး နှင်ထုတ်လိုက်တယ်ပေါ့” ဟု ၎င်းကဆိုသည်။

ယခင် အရပ်သားအစိုးရလက်ထက်က ၎င်းတို့ကို တရားစွဲမည်ဟုပြောဆိုခဲ့စဉ်ကမူ ပြည်သူများကို စာနာထောက်ထားလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကြီးကြီးမားမား စိုးရိမ်မှုမရှိခဲ့ဟု စောမိညိုဒေသခံတို့က ဆိုသည်။

ယခုမူ လက်နက်ပြပြီး ပြည်သူကို အကြောက်တရားဖြင့် အုပ်ချုပ်နေသည့် စစ်ကောင်စီ၏ အမိန့်ကိုမလွန်ဆန်ရဲခဲ့ကြောင်း ဒေသခံတစ်ဦးက အောက်ပါအတိုင်းပြောဆိုသည်။

“အခုက စစ်တပ်ကနေပြီးတော့ ဒီနေရာမှာ မင်းတို့ကိုမမြင်ချင်ဘူး အဲလိုပြောပြီးပြောင်းခိုင်းတာ။ ဒီနေရာက လယ်ယာမြေဆိုတော့ သူတို့(စစ်ကောင်စီ)က လုပ်ချင်သလို လုပ်လို့ရတဲ့သဘောမှာလည်း ရှိနေတယ်လေ”