ရေးမြို့နယ်တွင် ရိုဟင်ဂျာ ၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

0
686

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းအနောက်တောင်ဘက် ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၈၀ နီးပါးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၁၉ ရက် နံနက်ပိုင်းက ကုလားကုတ်ကျွန်း အနောက်တောင်ဘက် ပင်လယ်ပြင်တွင် “ဇွဲခေတ်ဆန်း” အမည်ရှိ စက်လှေတစ်စီးကို စစ်ကောင်စီရေတပ်က စစ်ဆေးခဲ့ရာမှ လှေပေါ်ပါလာသည့် ရိုဟင်ဂျာများကို တွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၄ ဦး ပါဝင်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ဖမ်းမိ ရိုဟင်ဂျာများကို ကုလားကုတ်ကျွန်းတွင်သာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

“ဖမ်းမိတဲ့ထဲမှာ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၄ ဦး အားလုံး ၇၈ ဦး ပါတယ်။ လောလောဆယ်တော့ ကုလားကုတ်မှာပဲ ထိန်းသိမ်းထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအနီးတွင် ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးရမိသည့်ဖြစ်စဉ် ရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း ရိုဟင်ဂျာဖမ်းဆီးရမိသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီးစုဆောင်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မော်လမြိုင်၊ မုဒုံ အစရှိသည့်မြို့နယ်တို့တွင် ကုန်းလမ်း၊ ရေလမ်းဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေံရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းနှင့် ရခိုင်ပြည်နယ်ဘက်ဖြစ်ပြီးမှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်အတွင်းသို့ ရောက်ရှိလာကြပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင် အချို့မှာ တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်လည်း ရှိနေသည်။