စစ်ကောင်စီက တနင်္သာရီတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း

0
4030
ပုံစာ - ထားဝယ်မြို့တွင် ပြုလုပ်သည့် စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ။ ဓာတ်ပုံ ပြန်/ဆက်

တနင်္သာရီတိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ဖြစ်သည်။

ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများဖြစ်သည်။

အဆိုပါ စစ်မှုထမ်းဆင့်ခေါ်ရေးအ‌ဖွဲ့ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။

ယခုတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဖွဲ့စည်းပြီးဖြစ်သောကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ‌ရပ်ကျေးအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ မကြာခင် ဖွဲ့စည်းလာနိုင်သည်။

‌“အခုထိတော့ စစ်မှုထမ်းဖို့ စာရင်းကောက်တာမျိုးတော့ မကြားရသေးဘူး။ အသံကြားရင်တော့ ကျန်တဲ့ လူငယ်တွေပါ မြို့ပေါ်နေရဲကြမှာ မဟုတ်တော့ဘူး” ဟု ထားဝယ်မြို့ခံ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဆိုသည်။

စစ်ကောင်စီကမူ ထားဝယ်မြို့၊ သရက်ချောင်းမြို့ကဲ့သို့သော ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ပြီး စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောခြင်းများလုပ်ဆောင်လျက်ရှိသည်။

ထားဝယ်မြို့တွင် မတ်လ ၅ ရက်နေ့က မြို့တော်ခန်းမတွင်လည်းကောင်း၊ သရက်ချောင်းမြို့တွင် မတ်လ ၈ ရက်နေ့က မိုးလုံလေလုံ အားကစားခန်းမတွင်လည်းကောင်း စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲခေါင်းစဉ်ဖြင့်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသခံများကို ဟောပြော‌စည်းရုံးခဲ့သည်။

“သူတို့ကတော့ စစ်မှုထမ်းဥပဒေကို မကြောက်နဲ့‌ပေါ့ အဲဒါပဲအဓိကပြောသွားတယ်” ဟု အစည်းအဝေးတက်ခဲ့သူ သရက်ချောင်းမြို့ခံတစ်ဦးက ဆိုသည်။

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် ဒေသရှိ လူငယ်၊ လူရွယ်တော်တော်များများ ဒေသတွင်ဆက်လက်မနေရဲတော့ဘဲ အိမ်နီးချင်းနိုင်ငံများအပါအဝင် စစ်မှုထမ်းရမည့်ဘေးမှ လွတ်မည့်နေရာများကို စွန့်ခွာထွက်ပြေးနေကြသည်။

Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ ထားဝယ်မြို့တွင် လက်ထောက်ဆရာဝန်၊ သူနာပြုကဲ့သို့သော ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူငယ်များ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လုပ်သားရှားပါးမှု အခက်အခဲများကြုံနေကြရသည်။

တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်‌ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ကိုကလည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ရေးဆွဲပြီးစီးပါက ‌ဥပဒေအတိုင်း လုပ်ငန်းစဉ်များ အောင်မြင်‌စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။