ရပ်ကျေးအုပ်ချုပ်ရေး ဘာတွေဖြစ်နေလဲ

0
3683

စစ်အာဏာသိမ်းပြီး ချိန်မှစကာ ဒေသအတော်များများတွင် ရပ်ကျေးအုပ်ချုပ်ရေးများ ရပ်တန့်သွားသလို အချို့ဒေသများတွင် စစ်ကောင်စီတပ်က ကြီးစိုးထားသည်။

လွတ်မြောက်ဒေသအချို့တွင်မူ တော်လှန်ရေးအဖွဲ့များက အုပ်ချုပ်ရေးတွင် ပါဝင်လုပ်ဆောင်နေကြသည်။

သို့သော် ဒေသအများအပြားမှာတော့ တရားဥပဒေအရ ဖြေရှင်းပေးနိုင်ခြင်း မရှိသဖြင့် ဒေသခံများမှာ အဆင်ပြေမည့် နည်းလမ်းများဖြင့် ညှိနှိုင်းအဖြေရှာနေကြသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ဒေသအချို့တွင်လည်း ဒေသခံများမှာ နီးရာဓားကြောက်ကြရသလို ပြဿနာဖြစ်လာလျှင်လည်း အားကိုးရာမဲ့နေ၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ဒေသခံအချို့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတို့ကို မေးမြန်ကာ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“စစ်တပ်က ယူတာဆိုတော့ ပြောမရဲဘူးပေါ့။ တိုင်မရဲဘူး”

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာက လူငယ်အမျိုးသမီး

DW ။ ညီမတို့ရွာမှာ ရပ်ထဲရွာထဲက အမှုကိစ္စပြဿနာတွေဖြစ်တာရှိလား၊ မြေယာကိစ္စ အငြင်းပွားမှုတွေ၊ ခြံကိစ္စ၊ လယ်ကိစ္စတွေအပါအဝင် မူးရူးရမ်းကား ခိုက်ရန်ဖြစ်တာတွေပေါ့၊ ရပ်ထဲရွာထဲက အမှုကိစ္စတွေဖြစ်လာရင်ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ ။ ဖြစ်တာတော့ဖြစ်တယ်၊ ဆေးကြောင်သမားတွေပေါတယ်။ ညဘက်ဆို လိုက်ဆဲ လိုက်ပြေးနေတာရှိတယ်၊ အရင်တုန်းကလိုမျိုး ထိန်းတာ (ဖမ်းဆီး) ရွာလူကြီးအပ်တာလည်းမရှိဘူး။ ရွာလူကြီးက ခန့်ထားတာတော့ရှိတယ်၊ ရွာမှာနေမရဲဘူး ပြေးနေတယ်။ အခုကတော့ ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ သူကမလုပ်သလိုမျိုးတောင်ဖြစ်နေတယ်။ ဘာအရေးမှလည်း သူက လိုက်မပါဘူး သူ့ဘာသာပဲနေတယ်။ ဘယ်သူကမှလည်း သူ့ကိုသွားပြောတာ သွားတိုင်တာမရှိဘူး။ လိုအပ်ရင်တော့ တနင်္သာရီဘက်ရုံးမှာ လက်မှတ်သွားထိုးတာတွေ ဘာတွေလုပ်တယ်။ ဒီဘက်က တာဝန်ယူလုပ်ပေးသူမရှိတော့ အမှုကိစ္စဖြစ်ရင် စစ်တပ်ကို အပ်ရင်အပ် မအပ်ရင် PDF ကိုအပ်တယ်။ ဒီလိုပဲနီးစပ်ရာ နီးစပ်ရာ အပ်ကြတယ်။

DW ။ ဘယ်လိုအမှုကိစ္စတွေလဲ၊ ဘယ်အဖွဲ့ကို တိုင်ကြားတာရှိလဲ။

ဖြေ ။ မြင်းဆေး(ရာဘ စိတ်ကြွဆေး)ကြောင်တာတွေပေါ့၊ ဆေးကြောင်ပြီး ရမ်းကားအော်ဟစ်ဆဲဆို တာမျိုးလောက်ပဲ။ ဟိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတောင် ညောင်ပင်ကွင်းရွာ အရှေ့ကမ်းက လူကြီးတစ်ယောက် ဆေးကြောင်ပြီး ဓားကိုင်ရမ်းကားလို့ ပြည်သူ့စစ်ကို အပ်လိုက်သေးတယ် ကြားတယ်။ ရိုက်ထုပြီး ပြန်လွှတ်လိုက်လား မသိဘူး။ စစ်တပ်ကလည်း ခြောက်စားလိုက်တာလည်း ရှိတယ်။ ဒီလိုမျိုးပဲ PDF တွေလည်း တစ်ခါတစ်ခါ တိုင်တာရှိရင် လာဖမ်းသွားတယ်။ ၃ ရက် ၄ ရက်လောက် ထိတ်တုံးခတ်ပြီး ပြန်လွှတ်ပေးလိုက်တာမျိုးလည်းရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းတော့ မရှိဘူး။ဒီဘက်မှာတော့ မြင်းဆေးကြောင်ပြီး ရမ်းကားတာ၊ မိန်းမကိုရိုက်ထုတာလောက်ပဲရှိတယ်။ တအားကြီးဆိုးရွားတာတော့ မရှိဘူး။

DW ။ မြေယာအငြင်းပွားမှုတွေ၊ သူခိုးသူဝှက် ခိုက်ရန်ဖြစ်တဲ့ ကိစ္စတွေမရှိဘူးလား။

ဖြေ။ အရင်တုန်းကတော့ ရှိတယ်၊ အခုနောက်ပိုင်းမှာမရှိဘူး။ ခိုးတာကလည်း ရွာမှာလူမရှိချိန် စစ်တပ်က ခိုးတာလောက်ပဲရှိတယ်။ ၁ လပိုင်းတုန်းက ညောင်ပင်ကွင်းရွာမှာတိုက်ပွဲဖြစ်လို့ ဒေသခံတွေပြေးနေရတုန်းက အိမ်တွေမှာ အဝတ်ထုတ်တွေကအစ မွှေနှောက်ခိုးယူတာတွေရှိတယ်။ နောက်ပြီး ရွာလယ်က ဘိလပ်မြေဆိုင်က ဘိလပ်မြေ အိတ် ၄၀ လောက်ကို ကားနဲ့ လာတင်သွားတယ်။ အဲလောက်ပဲရှိတယ် ပေါ်တင်ယူဆောင်သွားတာပဲ။

DW ။ အဲလိုကျ ဘယ်သူ့ကိုတိုင်လဲ။

ဖြေ။ စစ်တပ်က ယူတာဆိုတော့ ပြောမရဲဘူးပေါ့ တိုင်မရဲဘူး။ ယူလည်း ယူစေဆိုသလိုမျိုးပဲ။ စစ်တပ်က ဖြစ်နေတယ်ဆို‌တော့ မှန်နေရင်တောင် ပြောမရဲဘူး။ အာဏာမသိမ်းခင်ကတော့ ရပ်ရွာထဲ အမှုကိစ္စတွေရှိတယ်၊ အဲဒီအချိန်တုန်းကတော့ မြေခိုးတဲ့ကိစ္စတွေလည်းရှိတယ်။ အဲတုန်းကတော့ ရွာလူကြီးက တစ်ချိန်လုံးလိုက်ဖြေရှင်းပေးနေရတယ်။

DW ။ အဲတော့ ညီမအနေနဲ့ ဘယ်လိုထင်လဲ။ တရားဥပဒေစိုးမိုးရေးက ရှိနေသေးလား။ အုပ်ချုပ်ရေး ယန္တရားက ပျက်သွားပြီလား။

ဖြေ ။ ဥပဒေမရှိလို့ပဲ သူတို့လုပ်ချင်သလိုမျိုးပဲလုပ်နေတာ။ အမှန်တရားဆိုတာလည်းမရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောဖို့လည်း အခွင့်အရေးမရှိဘူး။ အုပ်ချုပ်ရေးမှူးကလည်း သူ့ဘာသူပဲနေတယ်။ သူ့ကိုလည်း ဘယ်သူမှလည်း သွားပြီးတော့ အရေးလုပ်ပြီးသွားမပြောဘူး။ ရွာကခန့်ထားတာလည်း မဟုတ်ဘူးလေ။ သူတို့ဘာသာသူတို့ ခန့်ထားတာပဲရှိတာ။ အုပ်ချုပ်ရေးမှူးရှိတယ်ဆိုတာလည်း နာမည်ရှိနေတာလောက်ပဲ။

“တော်တော်များများသော ကိစ္စတွေသည် … ရပ်ကျေးအဆင့်မှာပဲ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပြီးသွားကြတယ်”

ကိုဟိန်းထက်၊ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ပြောရေးဆိုခွင့်ရှိသူ

DW။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ ။ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ကတော့ အထူးသဖြင့် ရပ်ကျေးဒေသန္တရ အုပ်ချုပ်ရေးစနစ်တွေကို အသက်သွင်းနေတယ်ပေါ့။ လုပ်လည်းလုပ်ဆောင်နေတယ်ပေါ့။ ဒီလိုလုပ်ဆောင်တဲ့အပေါ်မှာ အထူးသဖြင့် မူဝါဒအပေါ်မှာ အခြေတည်တဲ့ Local Government (ဒေသန္တရအစိုးရ) စနစ်ပေါ့ဗျာ။ ဥပမာအားဖြင့် ရပ်ကျေးပြည်သူ့အဖွဲ့‌တွေဘယ်လိုဖွဲ့ရမယ်၊ ဘာတွေဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ငန်းလမ်းညွှန်ရှိတယ်ပေါ့။ အဲဒါသည် ပအဖရဲ့ လုပ်ငန်းလမ်းညွှန်ပဲဖြစ်တယ်။ (NUG ပြည်ထဲရေး) ဝန်ကြီးဌာနရဲ့ လုပ်ငန်းလမ်းညွှန်မဟုတ်ဘူးပေါ့။

မူဝါဒရှိတယ်ပေါ့။ အဲဒီလမ်းညွှန်သည် မြေပြင်မှာတကယ်အကောင်အထည်ဖော်နိုင်ရမယ့် ဟာမျိုးဖြစ်တယ်ပေါ့။ အခုအချိန်အထိတော့ ရပ်ကျေးပအဖပေါင်း ၂၂ ခုဖွဲ့စည်း ဆောင်ရွက်ပြီး (သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ခံတွေနဲ့ ) လည်ပတ်နေပြီပေါ့။

ဆိုတော့ ကနဦးအနေနဲ့ ပြောချင်တာကတော့ ရပ်ကျေးအုပ်ချုပ်ရေးယန္တရားတွေကို လတ်တလော တော်လှန်ရေးအခင်းအကျင်းနဲ့ကိုက်ညီပြီး အမှန်တကယ် မြေပြင်မှာ လုပ်နိုင်တဲ့အနေအထားနဲ့ ပေးထားချက်အပေါ်မှုတည်ပြီး တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်နေပါတယ်။

DW။ ဒီရပ်ကျေးပအဖအဖွဲ့တွေအနေနဲ့ ရပ်ရွာအတွင်းမှာရှိတဲ့ မှုခင်းကိစ္စတွေကို ပြည်သူတွေအနေနဲ့ တိုင်ကြားလို့ရလား။ တိုင်ကြားလာရင် ဘယ်လိုဆောင်ရွက်ပေးတာရှိလဲ။

ဖြေ။ ဖွဲ့စည်းပြီးတဲ့ ရပ်ကျေးတွေမှာဆိုရင်တော့ မြေယာကိစ္စ၊ ပြီးရင် ရိုက်မှု၊ ခိုးမှုစသည်ဖြင့်ပေါ့ အမှုပေါင်း ၄၀ ကျော်ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်တယ်။ ရပ်ကျေးအဆင့်ကိုတော့ မှုခင်းအသေးစားတွေကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးထားတယ်။ မြို့နယ်ကိုတိုက်ရိုက် တိုင်ကြားလာတာမျိုးဆိုရင်လည်း ရပ်ကျေးကိုအရင်ဆုံး လွှဲပေးတယ်။ ရပ်ကျေးပအဖကနေပြီး ဖြေရှင်းလို့မရဘူးဆိုရင် သက်ဆိုင်ရာ ပကဖ( ပြည်သူ့ကာကွယ်ရေးအဖွဲ့) ဇုန်နဲ့ အုပ်ချုပ်ရေးနဲ့တွဲပြီး ဆောင်ရွက်ဖို့အတွက် တာဝန်ပေးတယ်။ အခုချိန်အထိတော့ မြေယာအမှုအပါအဝင် ရိုက်မှု၊ ခိုးမှုတွေကိုတော့ ဆောင်ရွက်ပေးနေပါတယ်။

DW။ အဲလိုဖြေရှင်းမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်ပေးတာလဲ။ တည်ဆဲဥပဒေတွေနဲ့လား ဒါမှမဟုတ် ပအဖရဲ့ သီးခြားမူနဲ့လား။

ဖြေ။ ကနဦးအနေနဲ့ကတော့ နှစ်ခုခွဲပြောရမှာပေါ့။ ရပ်ကျေးရဲ့အမှုတွေကို ဖြေရှင်းဆောင်ရွက်တဲ့အချိန်မှာတော့ ညှိနှိုင်းဆွေးနွေးပေးတဲ့ ပုံစံမျိုးနဲ့ပဲသွားတယ်ပေါ့။ တော်တော်များများသော ကိစ္စတွေသည် မြို့နယ်အဆင့်ကို တက်မလာကြတော့ဘူး။ ရပ်ကျေးအဆင့်မှာပဲ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပြီးသွားကြတယ်ပေါ့။

ဘယ်ဥပဒေအပေါ်မှာ မူတည်ပြီးဆောင်ရွက်အရေးယူလဲဆိုရင် အရေးယူတဲ့အဆင့်မဟုတ်သေးဘူး။ ညှိနှိုင်းဆောင်ရွက်ပေးတဲ့အဆင့်ပဲရှိသေးတဲ့အတွက် ဥပဒေကိုကိုင်စရာမလိုသေးဘူးပေါ့။

မြို့နယ်အဆင့်မှာဆိုရင် မှုခင်းစစ်ဆေးရေးအဖွဲ့ရှိတယ်။ မုဒိမ်းအမှုတွေ၊ မူယစ်ဆေးဝါးအမှုတွေမျိုး၊ ဒလန်တွေကိုဖမ်းဆီးလာပြီး သုံ့ပန်းတွေအပ်တာမျိုး စသဖြင့်ပေါ့ ဒီလိုအမှုတွေမျိုးကျ မြို့နယ်မှာ ခုံရုံးအဖွဲ့မျိုးပုံစံဖွဲ့ထားတယ်။ ရပ်ကျေးမှာ မရှင်းနိုင်တဲ့ ကိစ္စတွေမျိုးရှိနေပြီဆိုရင် မြို့နယ်ကိုပို့တယ်ပေါ့။ ခုံရုံးမှာကျတော့ အရင်ကရှိပြီးသား ဥပဒေကျင့်ထုံးတွေပဲတည်တာပေါ့နော်။ ဒါပေမယ့်လည်း ဒေသန္တရဥပဒေ လုပ်ထုံးလုပ်နည်း ဆိုတာကတော့ အခုအချိန်အထိတော့ မရှိသေးဘူး။ ဒါပေမယ့် အရင်ကရှိပြီးသား ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုတည်တယ်။ ဒါပေမယ့် အဲဒီထဲကအတိုင်း ဆုံးဖြတ်တာမျိုးတော့ မလုပ်ဘူး။ ကိုယ့်ဒေသနဲ့ သင့်လျော်မယ့်ဟာမျိုးပဲ လုပ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဥပေဒထဲကအတိုင်း ထောင်ဒဏ်ချမှတ်ရတော့မယ်ဆိုရင် ထောင်မရှိဘူး။ အဲတော့ ဒဏ်ငွေဆောင်စေတာတို့၊ ထိပ်တုံးခတ်တာတို့၊ ခံဝန်တွေထိုးပြီး ပြန်လွှတ်ပေးတာတို့ စသဖြင့်ပေါ့ ကိုယ်ဒေသနဲ့ကိုက်ညီမယ့် ဟာတွေမျိုး‌နဲ့တော့ တောက်လျှောက်လုပ်နေပါတယ်။

(မှုခင်းခုံအဖွဲ့မှာ ဥပဒေဆိုင်ရာအကြံပေး၊ ပအဖ‌ခေါင်းဆောင်၊ ပအဖ ဥပဒေအရာရှိ တို့ပါဝင်တယ်။ တရားသူကြီးအဖွဲ့ ဖွဲ့နိုင်ဖို့ကိုလည်း NUG ရဲ့တရားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေတာရှိပါတယ်။)

DW။ ဒေသတွင်းက ကျန်တဲ့မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ကျွန်တော်အနေနဲ့ အထူးအားဖြင့် ပြောနိုင်တာကတော့ ထားဝယ်ခရိုင်ပေါ့။ ကျွန်တော်တို့ရဲ့ ပေါ်လစီတွေကိုလည်း သူတို့ကိုမျှဝေတာပေါ့။ ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ ပေါ်လစီတွေပြန်ရေး၊ ပြန်လုပ်ဆိုတာမျိုးပေါ့။ အဓိကကတော့ ကိုးကားလို့ရအောင်ပေါ့။ ကျန်မြို့နယ်တွေကတော့ရှင်းရှင်းပြောရရင်တော့ တော်လှန်ရေးမှာတော့ အချင်းချင်းတွေကတော့ ချိတ်ဆက်နေကြတာပဲ။ (ထားဝယ်ခရိုင်က ကျန်တဲ့မြို့နယ်တွေမှာ) ရပ်ကျေးအဆင့်အထိ ဆင်းပြီးစုဖွဲ့နေတယ်ဆိုတာမျိုးကတော့ မကြားရဘူး။ အဲဒါကတော့ ရိုးရိုးသားသားပြောတာပေါ့။

DW။ ပြည်သူတွေအများစုကတော့ ပကဖ ကိုပဲတိုင်နေကြတယ်။ ပအဖ ကိုတိုင်ရမယ်ဆိုတာမျိုးကသိရသလောက် နည်းသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။

ဖြေ။ အရင်တုန်းကဆိုရင်တော့ ပကဖသည် ပညာရေး၊ ကျန်းမာရေး အားလုံးလုပ်လေ့ရှိတယ်။ အခုတော့ လက်ရှိရှိနေတဲ့ ပကဖရော၊ ဇုန်တာဝန်ခံတွေကိုရော ဘယ်အရာကတော့ ပကဖ ကလုပ်ရမယ်၊ ဘယ်အရာကတော့ ပအဖ ကလုပ်မယ်ဆိုတာမျိုးတွေကို ပြောဆိုစည်းရုံးလာခဲ့တယ်ပေါ့။ အခုဆိုရင်တော့ ပကဖသည် သူတို့ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းနားလည်လာတယ်။ အရင်ကလည်း ပအဖဆိုတဲ့ အဖွဲ့ကိုလူတွေကသိပ်မသိဘူး။ နောက်ပိုင်းမှာတော့ အတိုင်းအတာတစ်ခုအထိတော့ သိလာကြတယ်ပေါ့။ အထူးသဖြင့် ရပ်ကျေးပအဖတွေကို ဖွဲ့စည်းပြီးတဲ့အချိန်မှာပေါ့။

ပကဖဆီတိုင်ကြားတာတွေလည်း ပအဖဆီရောက်လာတာပဲပေါ့။ ပကဖကိုတိုင်လာတဲ့ အမှုတွေကိုဆိုရင် ဇုန်တာဝန်ခံတွေက ချက်ချင်း ပအဖကို လွှဲပြောင်းပေးလာတယ်။ အဲဒီအချိန်မှ ဘယ်လိုစီစဉ်ဆောင်ရွက်ရမယ်ဆိုတာတွေပြန်လမ်းညွှန်တယ်ပေါ့။ အဖွဲ့အစည်းရဲ့သဘောကတော့ ပကဖရဲ့တာဝန်ခံသည်လည်း ပအဖရဲ့ တွဲဖက်တာဝန်ခံပဲဖြစ်တယ်ပေါ့နော်။ ပကဖကိုတိုင်ကြားမှုတွေသည် ပအဖကို တိုင်ကြားမှုတွေနဲ့အတူတူပဲပေါ့။ ဘယ်လိုကိုင်တွယ်ဖြေရှင်းအရေးယူမယ်ဆိုတာကိုတော့ ပအဖက တာဝန်ယူလိမ့်မယ်။ ပကဖကိုတိုင်လို့ ပကဖကအရေးယူမယ်ဆိုတာမျိုးကတော့ လုပ်ခွင့်မရှိတော့ဘူးပေါ့။ ပအဖအနေနဲ့လည်း ထဲထဲဝင်ဝင်ပါပြီး ပြည်သူကလက်ခံတဲ့ ကာကွယ်ရေးစနစ်တစ်ခုဖြစ်အောင် ကြိုးစားအုပ်ချုပ်နေတာရှိတယ်။ တစ်ဖက်မှာက‌လည်း အုပ်ချုပ်ယန္တရားတွေ လည်ပတ်နိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။

DW။ ‌ကျေးဇူးတင်ပါတယ်။

“တိုင်လည်း မထူးဘဲကိုးရှင်။ ခိုးခံနေရတာက ခံနေရတာပဲ။ ကျန်တာပဲ စားမယ်ဆိုပြီး နေနေတယ်”

ဒေသခံအမျိုးသမီးတစ်ဦး သရက်ချောင်းမြို့နယ်

DW။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာမှာအုပ်ချုပ်ရေးမှူးတွေမရှိတော့ ကိုယ့်ရွာထဲ အမှုကိစ္စဖြစ်လာရင် ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ။ အမှုကိစ္စတွေကတော့ သိပ်မဖြစ်ဘူး။ ကျွန်မတို့ရွာက အမြဲပဲပြေးနေရတာဆိုတော့ ရွာထဲမှာ လူမရှိတာကများတယ်လေ။ လူတွေက ဟိုတစ်စုဒီတစ်စုနေကြတာကများတာကိုး။ အဲဒါကြောင့်အမှုကိစ္စ ကြီးကြီးမားမားတော့မရှိဘူး။ ခိုးမှုတွေလောက်ပဲများတယ်။ စစ်ဘေးရှောင်နေတဲ့အိမ်မှာ လူမရှိရင် အဲမှာတက်ခိုးကြတာ။

DW။ အဲလိုအမှုတွေဆိုရင် ဘယ်ကိုတိုင်လဲ။ ဘယ်လိုဖြေရှင်းကြလဲ။

ဖြေ။ ကျွန်မတို့က PDF ကိုတိုင်တာပဲ။ တစ်ခြားသူလည်းတိုင်ဖို့မရှိဘဲကိုး။ ခိုးနေတာမြင်ရင်တောင် ကျွန်မတို့ သွားမပြောရဲဘူး။ ကိုယ့်ရပ်ကိုယ့်ရွာကဆိုတော့ ဘယ်သူ့သားလည်း ဆိုတာ တန်းသိတယ်လေ။ ဒါပေမယ့် ကျွန်မတို့က သွားမပြောရဲဘူး။ PDF ကိုပဲတိုင်ရတယ်။

DW။ PDF တွေက ဘယ်လိုဖြေရှင်းပေးလဲ။

ဖြေ။ သူတို့ကတော့ တိုင်ရင် အဲလူကို( သူခိုးဟုစွပ်စွဲခံရသူ) လာဖမ်းသွားတယ်။ ပြီးရင်တော့ နောက်မလုပ်ဖို့ပြောပြီး ပြန်လွှတ်ပေးလိုက်တယ်။

DW။ အဲတော့ ခိုးမှုတွေနောက်မဖြစ်တော့ဘူးလား။

ဖြေ။ ဖြစ်တာပေါ့။ ကျွန်မတို့ဖက်မှာက ကွမ်းသီးတောတွေရှိတယ်။ ကွမ်းသီးတွေ ခဏခဏအခိုးခံရတယ်။ ပိုင်ရှင်တွေကလည်း သွားမကြည့်နိုင်ဘူး။ ကိုယ့်ခြံကိုကိုယ်တောင်မှ။ အဲတော့အခိုးခံရတာကများတယ်။ ကျွန်မဆိုရင်တော့ အခုနောက်ပိုင်း မတိုင်တော့ဘူးသူတို့(PDF)ကို။ တိုင်လည်း မထူးဘဲကိုးရှင်။ ခိုးခံနေရတာက ခံနေရတာပဲ။ ကျန်တာပဲစားမယ်ဆိုပြီး နေနေတယ်။

DW။ ခိုးမှုထက်ကြီး‌တဲ့အမှုတွေ ဥပမာ လူသတ်မှုတို့ ဘာတို့ဖြစ်လာရင် ဘယ်လိုလုပ်ကြတာလဲ။

ဖြေ။ လူသတ်မှုကတော့ဖြစ်ဖူးတယ်။ ဆေးကြောင်နေတဲ့သူက သတ်လိုက်တာ။ ဆေးမရောင်းပေးလို့ဆိုလား မသိဘူး။ နောက်ထပ်က ငွေတိုးချေးစားတဲ့တစ်ယောက်လည်း အမှုဖြစ်ဖူးတယ်။ အဲဒါတွေကိုလည်း PDF ကိုတိုင်တာပဲ။ ဒါပေမဲ့ (အတိုင်ခံရတဲ့သူကို) PDF တွေက လာခေါ်သွားကြတယ်။ ဘယ်လိုအရေးယူလိုက်တယ်ဆိုတာတော့ ကျွန်မလည်းမသိဘူး။ မေးကြည့်လို့လည်းမရဲဘူးရှင်။

DW။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်မလား။ အဲဒီကိုတိုင်လို့ရောရလား။

ဖြေ။ အဲလိုကြီးကြီးမားမားတွေ ကျွန်မ မသိဘူးရှင်။

DW။ ကိုယ့်ရပ် ကိုယ့်ရွာမှာ အမှုကိစ္စတွေဖြစ်လာရင် တိုင်လို့ရမယ့်အဖွဲ့အစည်းမျိုး လိုအပ်လား။ ဘယ်လိုထင်လဲ။

ဖြေ။ တိုင်လို့ရတဲ့နေရာရှိရင်တော့ ပိုကောင်းတာပေါ့ရှင်။ တိုင်ပြီး ဘာမှမထူးရင်လည်း ဘာလုပ်မှာလဲ။ တိုင်တဲ့သူပဲ ရန်ရှာခံနေရဦးမယ်။ အခုခေတ်မှာက ကိုယ်မကျေနပ်တဲ့ လူတစ်ယောက်ကို သတ်ဖို့က လွယ်လွယ်လေးပဲကို။

DW။ ကျေးဇူးတင်ပါတယ်။

“ကြာလာရင် တစ်ရွာလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မရဘဲဖြစ်သွားမှာ”

ဒေသခံအမျိုးသားတစ်ဦး လောင်းလုံးမြို့နယ်

DW။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာမှာအုပ်ချုပ်ရေးမှူးတွေမရှိတော့ ကိုယ့်ရွာထဲ အမှုကိစ္စဖြစ်လာရင် ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ။ အမှုကိစ္စတွေက ဖြေရှင်းပေးမယ့်သူမရှိဘူး။ ဒီအတိုင်းပဲနေနေကြတယ်။

DW။ ဒေသခံအချင်းချင်း ပြဿနာတက်လာရင် ဘယ်လိုလုပ်ကြလဲ။

ဖြေ။ ဒီလိုပဲ ပြီးသွားကြတာပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားများကြတာလည်းရှိတယ်။ ရန်ဖြစ်ကြတာလည်းရှိတယ်။ ရန်မဖြစ်ဘဲ အေးအေးဆေးဆေး ကိုယ့်ဘာသာပြောဆိုပြီး အဆင်ပြေသွားတာလည်းရှိတယ် အမျိုးမျိုးပဲ။

DW။ တိုင်လို့ရမယ့်အဖွဲ့မျိုး၊ ဖြေရှင်းပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်လား။ ဘယ်လိုထင်လဲ။

ဖြေ။ အဲဒါမျိုးရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ဘာလို့ကောင်းလဲဆိုတော့ ရွာသားအချင်းချင်း ပြေပြေလည်လည်ဖြစ်သွားတာတော့ ကောင်းတာပေါ့။ မပြေလည်ကြရင် ရန်ဖြစ်နေရတာလေ။ ကြာလာရင် တစ်ရွာလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မရဘဲဖြစ်သွားမှာ။

DW။ အခုရော အဲလိုမျိုး တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင်လောက်တဲ့ ပြဿနာမျိုးတွေဖြစ်နေတာရှိလား။ ဘယ်လိုမျိုးပြဿနာမျိုးလဲ။

ဖြေ။ ဘယ်လိုမျိုးလဲဆိုတော့ ခြံကိစ္စတွေပေါ့ဗျာ။ သူ့ခြံထဲကိုယ်ဝင်မရ။ ကိုယ့်ခြံထဲလည်းသူဝင်မရ။ အဲလိုမျိုးတွေပေါ့။ လယ်ထဲမှာဆိုလည်း သူ့လယ် ကိုယ့်လယ် ဖြတ်ဝင်လို့မရအောင်လုပ်နေကြတယ်။ အရင်ကတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရှင်းလိုက်ရင်အဆင်ပြေတဲ့ကိစ္စ‌။ အခုက ဖြေရှင်းပေးမယ့်သူလည်းမရှိတော့ ပိုးဆိုးလာကြတာပေါ့။ စပါးတိုက်တဲ့အချိန်ဆိုပိုဖြစ်တယ်။ လယ်ထဲထော်လာဂျီဖြတ်ရင် မြေပျက်တယ်ဆိုပြီး ပေးမဖြတ်ကြဘူး။ တစ်ချို့လယ်တွေဆို သက်ကြီးစပါးတွေ ထည့်စိုက်ကြတယ်ဗျာ။ သူ့လယ်ကိုဖြတ်လို့မရအောင်ပေါ့။ ဟိုက စပါးရိတ်ပြီးလို့ သယ်မယ်လည်းဆိုရော ဒီမှာက စပါးမရိတ်ရသေးတော့ ဖြတ်မရဘဲ ဒီအတိုင်းစောင့်နေရတာ။ အဲဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက်က စကားများရတော့မယ်လေ။

DW။ အဲလိုမျိူးပြဿနာတွေဖြစ်နေတာကြာပြီလား။

ဖြေ။ ကြာပြီလားဆို (အာဏာသိမ်း) အစက‌တော့မဖြစ်ဘူး။ အခုနောက်ပိုင်းမှဖြစ်လာတာများတယ်။ လုပ်လို့ရတဲ့အခြေအနေဖြစ်နေတာဆိုတော့ ဘယ်သူမဆိုလုပ်လာကြတဲ့သဘေားပဲပေါ့။ အရင်ကတော့ (အာဏာမသိမ်းခင်ကဆိုလို) အဲလိုမျိုးလုပ်လို့မရဘူးလေ။

DW။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၊ PDF တို့ကိုတိုင်ရင်မရဘူးလား။ သူတို့ကဖြေရှင်းမပေးဘူးလား။

ဖြေ။ မြို့နယ်အဖွဲ့( မြို့နယ်အုပ်ချုပ်ရေးအဖွဲ့) တော့ကျွန်တော်လည်းမသိဘူး။ PDF ကိုတိုင်တာတော့ ကြားဖူးတယ်။ ဒါပေမဲ့ လူတိုင်းမတိုင်ဘူး။ သူတို့နဲ့(PDF) အဆက်အသွယ်ရှိတဲ့သူတွေပဲ တိုင်ကြတာ။ မသိတဲ့သူက ဘယ်မှာလိုက်ရှာရမှန်း မသိကြဘူးလေ။ အဲဒါတွေသူတို့မှ နားမလည်ကြတာ။ PDF တွေနဲ့အဆက်အသွယ်ရှိတဲ့သူကတော့ ကောင်းတာပေါ့ဗျာ။ အဆက်အသွယ်မရှိတဲ့သူကျတော့ သူတို့( ဆက်သွယ်ရှိသူများ) ပြောတဲ့အတိုင်းပဲ ခံနေရတာပေါ့။ ပြန်ပြောရင် ဒလန်ဆိုပြီးပြောခံရမှာ။ ဒလန်ဆိုပြီး အသံထွက်လာရင် သိတဲ့အတိုင်းပဲလေ ဒီမှာက။ အဲလောက်ပဲနော်။ ရပြီနော်။

DW။ ကျေးဇူးတင်ပါတယ်။

“အခုက ရှင်းပေးမယ့်သူမရှိလို့ ပြဿနာတွေက မပေါ်ဘဲဖြစ်နေတာ”

ဒေသခံအမျိုးသားတစ်ဦး ပုလောမြို့နယ်

DW။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာမှာအုပ်ချုပ်ရေးမှူးတွေမရှိတော့ ကိုယ့်ရွာထဲ အမှုကိစ္စဖြစ်လာရင် ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ။ ဒီဖက်မှာကတော့ အဲလိုဖြစ်တာသိပ်မရှိဘူး။ အရင်တုန်းက(အာဏာမသိမ်းခင်က)တော့ ရှိတာပေါ့ဗျာ။ အခုကတော့ သိပ်မကြားရတော့ဘူး။ တော်တော်ထူးဆန်းတယ်။ အရင်တုန်းက အုပ်ချုပ်ရေးမှူးတွေ ရှင်းလို့မပြီးတဲ့ဟာတွေ အခုမရှိသလောက်ပဲမကြားရဘူး။ မူးယစ်ဆေးဝါးကိစ္စလောက်ပဲ ကြားရတာတွေရှိတယ်။

DW။ မူးယစ်ဆေးဝါးကိစ္စကျတော့ ဘယ်လိုမျိုး လုပ်လေ့ရှိလဲ။

ဖြေ။ မူးယစ်ဆေးဝါးကတော့ PDF တွေက လာဖမ်းတာတွေရှိတယ်။ ဘယ်လိုမျိုး အရေးယူတယ်ဆိုတာတော့ ကိုယ်လည်းထဲထဲဝင်ဝင်မရှိတော့ သေချာတော့မပြောနိုင်ဘူး။ တစ်ချို့တွေကို သတိပေးပြီး ပြန်လွှတ်လိုက်တယ်လို့လည်း ကြားရတယ်။ နည်းနည်းပါးပါးပဲ လုပ်တဲ့သူမျိုးဆိုရင်ပေါ့နော်။ အများကြီးဆိုရင်တော့ တစ်မျိုးပေါ့နော်။

DW။ ကိုယ့်မိသားစုထဲမှာ တိုင်ရတောရမယ့် ကိစ္စတစ်ခုခုရှိလာရင် ဘယ်လိုလုပ်မယ် စိတ်ကူးလဲ။

ဖြေ။ ဘယ်လိုလုပ်ရမလဲ ဒီအတိုင်းပဲနေရမှာပေါ့။ အဲဒါမျိုးတွေမဖြစ်ဘူးတော့ ပြောမတတ်ဘူး။ ဖြစ်လာရင်တော့ မတိုင်ဖြစ်ဖို့ကများပါတယ်။ တိုင်ရင်လည်း သိပ်ပြီးထူးမယ်တော့မထင်ဘူး။ အဲလိုပြဿနာတွေမဖြစ်လာတာပဲ ကံကောင်းတယ်ပြောရမယ်။ အခုအခြေအနေနဲ့လေ။

DW။ တိုင်လို့ရတဲ့ အဖွဲ့အစည်းမျိုးရှိသင့်လား။ ဘယ်လိုထင်လဲ။

ဖြေ။ ရှိသင့်လားဆိုတော့ ရှိရင်တော့အကောင်းဆုံးပေါ့။ ဒါပေမဲ့ကျွန်တော်ထင်တယ်။ အဲလိုမျိုးက အခုအခြေအနေမှာ ဖြစ်လာသေးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုက ဒီစစ်ကောင်စီကို တိုက်တာက ဦးစားပေးနေရတယ်လေ သူတို့မှာလည်း။ အဲလိုဆိုတော့ ပြဿနာတွေကို လိုက်ရှင်းပေးနေဖို့က ပြဿနာဆိုတာကလည်း ရှင်းလေများလေပဲ။ ရှင်ပေးမယ့်သူရှိရင် တိုင်မယ့်သူတွေက သူ့အလိုလို ပေါ်လာမှာပဲ။ အခုက ရှင်းပေးမယ့်သူမရှိလို့ ပြဿနာတွေက မပေါ်ဘဲဖြစ်နေတာ။ ကျွန်တော်မသိတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ အဲလိုတော့ရှိတယ်ဗျ။

DW။ စနစ်တကျ အုပ်ချုပ်ရေးစနစ်မရှိတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။ အုပ်ချုပ်ရေးဆိုတာကတော့ အေးချမ်းနေတဲ့အချိန်ဆိုရင်တော့တစ်မျိုးပေါ့။ အခုကအဲလိုမဟုတ်ဘူးလေ။ လူတိုင်းက ပြေးနေရတာ။ သူတစ်ကွဲ ငါတစ်ဖြာ။ ကိုယ့်ကိစ္စကိုပဲ ကိုယ်ပူနေရတဲ့အချိန်မှာ သူများပြဿနာတွေထဲဝင်ပါဖို့ဆိုတာ တော်တော်လေးတော့ ဘယ်လိုပြောရမလဲ မလွယ်ဘူးပေါ့နော်။

ပြီးတော့ဗျာ စစ်ဖြစ်နေတဲ့အချိန်မှာ ဘယ်သူက အမှုတစ်ခုကို သေသေချာချာစစ်ဆေးပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးနိုင်မှာလဲ။ အဲဒါလည်းရှိသေးတယ်။

DW။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ။ အခုချိန်မှာ ကိုယ့်အချင်းချင်း ပြဿနာတွေမတက်အောင်နေတာ အကောင်းဆုံးပဲလို့ ပြောချင်တယ်ဗျ။ ကိုယ်တိုင်လည်း အဲလိုမျိုးပဲနေနေတယ်။ ပြောသင့်တာလောက်ပဲပြောတယ်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတာ အခုချိန်မှာ ကွက်တိပဲ။ အဲဒါလေးပါပဲ။

DW။ ကျေးဇူးတင်ပါတယ်။