ကျွဲသုံးညီမရွာ လှေသမားများထံ ရေတပ်မှ ငွေကောက်ခံခြင်းမရှိ

0
587
Dawei Watch, Dawei News, Dawei News Media

ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာအုပ်စု ချပုံးရွာတွင် မောရဝတီရေတပ်က လှေသမားတစ်ဦးလျှင် ငွေကျပ်နှစ်သောင်းစီ လိုက်လံကောက်ခံနေသည်ဆိုသည်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ယင်းကျေးရွာသားများကပြောကြားသည်။

ကျွဲသုံးညီမကျေးရွာအုပ်စု ချပုံးကျေးရွာရှိ လှေငယ် ၂၇ စီးအား တစ်စီးလျှင် နှစ်သောင်းနှုန်းကျပ် တောင်းခံခဲ့ပြီး ၁၇ ဦးမှာ ပေးဆောင်ခဲ့ကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။

မူလက ကောက်ခံစဉ်က မောရဝတီရေတပ်စခန်းမှ ကောက်ခံကြောင်း ပြောဆိုခဲ့သော်လည်း ယင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ငွေကောက်ခံရာတွင် ပါဝင်သူတို့ကို မေးမြန်းချက်အရ သိရသည်။

ပိုက်ဆံကောက်ခံရသည့်အကြောင်းအရင်းမှာ ကျန်းမာရေး၊ လူမူရေးကိစ္စရှိလာပါက အလွယ်တကူအသုံးပြုနိုင်သည့် အများပိုင်လှေတစ်စီးရရှိလာစေရန်၊ ယင်းလှေကို မောရဝတီရေတပ်မှ ရိက္ခာသယ်ရန် အကူအညီတောင်းခံလာပါက အသုံးပြုနိုင်ရန်အတွက် ကောက်ခံခြင်းသာဖြစ်ကြောင်း လှေသမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်အေးက ဆိုသည်။

“ရည်မှန်းချက်ကတော့ တကယ်လို့ တပ်ကလာပြီးတော့ ခိုင်းမယ်ဆိုလို့ရှိရင် သူ့ဆီနဲ့သူသွား၊ တကယ်လို့ရွာထဲက ရောဂါအနာတစ်ခုခုရှိမယ်ဆိုရင် သူ့ဆီနဲ့သူသွားနိုင်အောင်လုပ်တာ” ဟု ဦးတင်အေးက ဆိုသည်။

ငွေကောက်ခံရာတွင်လည်း မဖြစ်မနေထည့်ဝင်ရမည်ဟုကောက်ခံခြင်းမဟုတ်ဘဲ စေတနာအလျှောက် ထည့်ဝင်ခိုင်းခြင်းမျှသာ ဖြစ်ကြောင်း လှေသမားအချို့ကပြောသည်။

လှေသမားများ သဘောမတူပါက ယင်းကိစ္စအား ဆက်လုပ်ဆောင်မည်မဟုတ်ဘဲ ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။  

ကျော်သူစိုး