သောင်းကျန်း မြေသယ်ယာဉ်များ ကြပ်မတ်ပေးရန် ဝန်ကြီးချုပ်ထံတိုင်

0
565
သောင်းကျန်း မြေသယ်ယာဉ်များ

ထားဝယ်-မောင်းမကန်လမ်းပေါ်ရှိ လောင်းလုံးမြို့နယ်တွင် အရှိန်ပြင်းစွာမောင်းနှင်သွားလာနေသည့် မြေသယ် ယာဉ်များအား ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံများစုပေါင်းလက်မှတ်ထိုးကာ ဝန်ကြီးချုပ်ထံ တိုင်ကြားလိုက်သည်။

မြေသယ်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်နေခြင်း၊ ဖုန်မှုန့်များအသက်ရှူ မဝသည်အထိ ပျံ့လွင့်နေခြင်းတို့ကြောင့် သောကြာပြင်ကျေးရွာနေ ဒေသခံလေးဆယ်ကျော်လက်မှတ်ထိုးပြီး ဇန်နဝါရီ လ ၇ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။ သောကြာပြင်ကျေးရွာသည် မောင်းမကန်လမ်းပေါ်ရှိ ကျေးရွာကြီး တစ်ခုဖြစ်ပြီး ထားဝယ်တက္ကသိုလ် တည်ရှိရာ ကျေးရွာလည်း ဖြစ်သည်။

မြေသယ်ကားများက ထိုသို့မောင်း နှင်နေသဖြင့် လမ်းဘေးဈေးဆိုင်များ၊ စားသောက်ဆိုင်များ အချိန်ကြာမြင့်စွာ ပိတ်ထားရပြီး ၎င်းတို့၏ လူမှုစီးပွား ထိခိုက်နေရသည်ဟု တိုင်ကြားစာတွင် ဖော်ပြသည်။

လက်ရှိတွင် ဖုန်မှုန့်များပျံ့လွင့်နေသဖြင့် ဆိုင်ပိတ်ထားပြီး စားဝတ်နေရေး အတွက် ထိခိုက်နေရကြောင်း သောကြာပြင်ရွာတွင် ဈေးဆိုင် ရောင်းနေသူ ဒေါ်သဇင်နှောင်းက ဆို သည်။

“ကိုယ်ချင်းစာစေချင်တာပေါ့။ ဒီလိုဟာမျိုးတော့ သက်ဆိုင်ရာက ထိထိ ရောက်ရောက် ဖြေရှင်းပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

သောကြာပြင်ကျေးရွာရှိ တောင်ကိုဖြိုချပြီး မြေသယ်ကားများဖြင့် နေ့စဉ် သယ်ယူနေသဖြင့် ဖုန့်မှုန့်များ ပျံ့လွှင့် သည့်အတွက် ဈေးဆိုင်များ ထိခိုက်နေရသည့်အပြင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးလည်း ထိခိုက်ခံစားနေရသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

မြေသယ်ယာဉ်ကြောင့် ဆိုင်အတွင်းတွင် ဖုန်မှုန့်များဝင်ပြီး ဆိုင်ရောင်း အားကျ ဆင်းသွားရကြောင်း စားသောက်ဆိုင်ဖွင့်ထားသည့် ဒေါ်တင်စန်းက ဆိုသည်။

“အခုက ဆိုင်ထဲကြည့်လိုက်။ မြေမှုန့်တွေနဲ့စားချင်စဖွယ်ကို မ‌ရှိဘူး။ ဝယ်သူတွေ ဘယ်လိုစားကြမလဲ” ဟု ဒေါ်တင်စန်း က ပြောသည်။ ဒေါ်တင်စန်းမှာ လက်မှတ်ရေးထိုး တိုင်ကြားသည့် ဒေသခံ ၄၂ ဦး တွင် ပါဝင်သည်။

ထို့အပြင် သောကြာပြင်ကျေးရွာ၌ ကတ္တရာလမ်းအား ဖြိုဖျက်ကာ ပြုပြင်နေ သည့်အတွက် မြေမှုန့်လွင့်ပျံ့မှုကို ပိုမို ကြုံတွေ့နေရသည်။ သက်ဆိုင်ရာဌာနမှ ဖုန်မထစေရန် ရေဖျန်းနေသော်လည်း ခေတ္တခဏသာ အဆင်ပြေသည့် အနေအထားဖြစ်နေသည်။

အဆိုပါတိုင်ကြားစာအား ဝန်ကြီးချုပ်ထံ လိပ်မူထားပြီး လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံလည်း မိတ္တူပေးပို့ ထားသည်။

တိုင်ကြားစာနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ဆိုသည်။

“အဖွဲ့နဲ့ဆင်းပြီးတော့မှ ဘာတွေကို ဘယ်ကနေပြီး ဘယ်သူတွေက သယ်နေသလဲ အဲလိုမျိုးစစ်ဆေးပြီးမှ ကျွန်တော် လုပ်မှာပါ ခင်ဗျား” ဟု ဦးကံထူးက ပြောသည်။

လောင်းလုံးမြို့နယ်အပြင် ထားဝယ်ဒေသတွင်လည်း အရှိန်ပြင်းမောင်းလေ့ရှိသည့် မြေသယ်ယာဉ်များကြောင့် ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိပြီး လူထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။

ဟိဏ်းဇော်