လူခိုးသယ်သည့်အမှု ယာဉ်မောင်းမိသားစုကို ငွေပေးမည်ဟု အုပ်ချုပ်ရေးမှူးဟောင်း ကမ်းလှမ်း

0
196
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်တွင် ပိတ်မိနေသူများကို ခိုးသယ်သည့်အမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံနေရသည့် ယာဉ်မောင်း၏မိသားစုကို ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးစိုးထိုက်က ငွေကျပ်သိန်း ၅၀ ပေးမည်ဟု အကြိမ်ကြိမ် ကမ်းလှမ်း ညှိနှိုင်းခဲ့ကြောင်း အဆိုပါ မိသားစုထံမှ သိရသည်။

နိုဝင်ဘာလအတွင်းက ရန်ကုန်တွင် ပိတ်မိနေသူအချို့မှာ တရားမဝင်သော နည်းလမ်းဖြင့် ထားဝယ်သို့ ပြန်လာခဲ့ကြရာတွင် ကူညီသယ်ဆောင်ပေးခဲ့မှု တစ်ခု ပေါ်ပေါက်ခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ ယာဉ်ပိုင် ရှင်ဖြစ်သူ ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ကို တာဝန်မှ ရပ်စဲခဲ့ပြီး ယာဉ်မောင်းဖြစ်သူကိုမူ သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားသည်။

လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးဟေင်း ဦးစိုးထိုက်က ယာဉ်မောင်း ဖြစ်သူ ကိုအောင်ခိုင်လွင်(ခေါ်) ကိုဆံရှည်၏ မိသားစုဝင်များထံ ဒီဇင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်တို့တွင် လာရောက်ပြီး ငွေကျပ်သိန်း ၅၀ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကိုဆံရှည်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်နီက ဆိုသည်။

“တကယ်လို့ သူ(ကိုဆံရှည်) တစ်ယောက်တည်းထောင်ကျလို့ရှိရင် ကျွန်တော်အပြင်ကနေ ပိုက်ဆံရှာပေး လို့ရတယ်။ ပံ့ပိုးပေးလို့ရတယ်။ အားလုံး ကူညီပေးလို့ရတယ် လုံးဝမပူပါနဲ့။ ကျွန်တော်ညှိနှိုင်းဖို့ လာခေါ်မယ်။ ဒီလိုပြောတယ်” ဟု ဒေါ်ခင်နီက ပြောသည်။

ထို့အတူ ကိုဆံရှည်၏ မိခင်ဖြစ်သူ ဒေါ်ညွှန်လှိုင်ထံသို့လည်း ယင်းကဲ့သို့ လာရောက်ညှိနှိုင်းပြောဆိုခဲ့ကြောင်း ကာယကံရှင်က ပြောဆိုသည်။

ထိုနောက်ပိုင်းတွင်လည်း ဒေါင်းငူ ရပ်ကွက်နေ အခြားအမျိုးသမီးတစ်ဦးက လည်း ကိုဆံရှည်၏ နေအိမ်သို့လာပြီး ငွေကျပ် ငါးသိန်းလာပေးသေးသော်လည်း လက်မခံခဲ့ကြောင်း ကိုဆံရှည်၏ဖခင် ဦးကြည်လှိုင်က ပြောသည်။

“လိုအပ်တဲ့နေရာမှာ သုံးလို့ရ အောင်ဆိုပြီး ကိုစိုးထိုက်က ပေးခိုင်းလိုက်တာလို့ပြောတယ်” ဟု ဦးကြည်လှိုင် က ဆိုသည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက် ကမူ ယင်းကဲ့သို့ ငွေကြေးပေးရန် ကမ်းလှမ်းခြင်းမှာ ကိုဆံရှည်၏ မိဘများ စားဝတ်နေရေးအတွက် လစဉ်ငွေကြေးထောက်ပံ့ရန်အတွက်သာဖြစ်သည်ဟု တုံ့ပြန်သည်။

“စားစရိတ်ထောက်ပံ့ပေးမယ်။ ဘာဖြစ်လို့လဲဆို လူလူချင်း ကိုယ်ချင်း စာတယ်လေဗျာ” ဟု ဦးစိုးထိုက်က ပြောသည်။

လက်ရှိတွင် ဦးစိုးထိုက်ကို တာဝန်မှ ရပ်စဲပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအရ ရာအိမ်မှူးတစ်ဦးကို ယာယီ အုပ်ချုပ်ရေးမှူး တာဝန်ပေးထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် မြိုနယ် ရဲတပ်ဖွဲ့မှူးမှ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးသို့ ပေးပို့သည့် စာတစ်စောင်မှာ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ ခဲ့သည်။

အဆိုပါစာတွင် ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်အား သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်ဆင့် ညွှန်ကြားလာသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အကြောင်းကြားသည့် စာဖြစ်သည်။

ယင်းစာအရ နိုဝင်ဘာလ ၁၁ ရက် နေ့ဝန်းကျင်က ရန်ကုန်မြို့တွင် ရောက်နေသည့်ထားဝယ်ဒေသခံများကို ဦးစိုးထိုက် က စင်းလုံးငှားယာဉ်(ကား)များဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ်မရောက်မီအထိ လိုက်ပါစေပြီး ဂိတ်ကို ခြေလျင်ဖြတ်စေခဲ့ကြောင်း၊ ထိုနောက် စစ်ဆေးရေးဂိတ် တွင် ကြိုတင်စောင့်နေသည့် AD VAN အမျိုးအစားကားဖြင့် ထားဝယ်သို့ တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းနှုန်းဖြင့် သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရကြောင်း ဖော်ပြထားသည်။

ဦးစိုးထိုက်ကမူ အထက်ပါအချက်များကို ငြင်းဆိုထားသည်။

၎င်းအနေနှင့် နိုဝင်ဘာလအတွင်း က ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက မလွှဲတောင်တွင် လာကြိုပေးရန် အကူအညီ တောင်းခံဖုန်းဆက်လာသည့်အတွက် ၎င်းပိုင်ဆိုင်သည့် ကားကို မောင်းနှင်ပေးရန် ကိုဆံရှည်အား မောင်းနှင်စေခဲ့သည်ဟု ဆိုသည်။

ကိုဆံရှည် အဖမ်းမခံရမီ ဦးစိုးထိုက်နှင့် နှစ်ဦးသား ပြောဆိုထားကြသည့် အသံဖိုင်များလည်းရှိနေသည်။

ယင်းအသံဖိုင်များတွင် ဦးစိုးထိုက်မှ အမှုအား ငွေဒဏ်ဖြင့်ပြီးပြတ်စေရန် ညှိနှိုင်းပေးမည်ဖြစ်ပြီး ဝန်ကြီးချုပ်နှင့် တရားသူကြီးတို့ကို ပြောပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။