တစ်ရွာလုံး ကိုဗစ် ထောက်ပံ့ကြေးမရသည့်ရွာ

0
170
ရမ်းဇုကီး‌ကျေးရွာ

အစိုးရက ကိုဗစ်ကာလ အခြေခံ လူတန်းစုမျာ ထောက်ပံ့သည့် ငွေကြေးကို တစ်နိုင်ငံလုံးက အခြေခံလူတန်းစား အားလုံးနီးပါး ရကြသော်လည်း လောင်းလုံးမြို့နယ်က ပင်လယ်ရွာလေးတစ်ရွာဖြစ်သည့် ရမ်းဇုကီး (ရမ်းမဇူ) ရွာတစ် ရွာလုံးမှာ ထောက်ပံ့ကြေး တစ်ကြိမ်မျှ မရခဲ့ပေ။

ရမ်းဇုကီး‌ကျေးရွာသည် သကျက်တောကျေးရွာအုပ်စုတွင်ပါဝင်ပြီး တီဇစ်ကျေးရွာမှတစ်ဆင့် လှေလမ်းခရီးဖြင့် မိနစ် ၄၀ ခန့်သွားရပြီး သကျက်တောကျေးရွာမှ ကုန်းလမ်း၊ လှေလမ်းနှစ်မျိုးဖြင့်လည်းသွားရောက်နိုင်သည်။

ယင်းကျေးရွာတွင် ကမ်းနီးရေလုပ် သားအများနေထိုင်ကြပြီး အိမ်ထောင်စု ၅၀ ခန့်ရှိသည်။ အများစုမှာ ကိုယ်ပိုင် အိမ်မရှိကြဘဲ ယင်းကမ်းခြေတွင်ပင် တဲထိုးနေထိုင် လုပ်ကိုင်စားသောက်နေကြသည့် အခြေခံလူတန်းစားများဖြစ်သည်။

ရမ်းဇုကီး‌ကျေးရွာ
ရမ်းဇုကီး‌ကျေးရွာ

“အခု သူများရွာတွေမှာ ဆန်အိတ်တွေ၊ ကြက်သွန်တွေပေးတယ်။ ဒီကမ်းခြေမှာ မရဘူး။ သူများတွေမှာ လေးသောင်းစီ၊ သုံးသောင်းစီပေးတယ်၊ ဒီကမ်းခြေကသူတွေမရကြဘူး။ ဘယ်လိုပေးတယ်ဆိုတာလဲ မသိဘူး။ သူများတွေ ရနေကြတာပဲသိတယ်။ ဒီကမ်းခြေမှာတော့ တစ်ယောက်မှကို မရကြဘူး” ဟု ယင်းကျေးရွာသူ ဒေါ်သန်းပိုက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ အပါအဝင် သကျက်တော ကျေးရွာအုပ်ချုပ်ရေးမှူးပင် ယင်းကျေးရွာသို့လာရောက်ပြီး အခက်အခဲများကို မေးမြန်းခြင်း တစ်ကြိမ်မျှမရှိခဲ့ကြောင်း ကျေးရွာသားတို့က ဖွင့်ဟကြသည်။

ယင်းကျေးရွာသည် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် မျက်စိကျနေသည့် နာမည်ကျော် ပဲ့စင်ကျွန်းအနီးတွင် တည်ရှိပြီး သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော နေရာတစ်ခုဖြစ်ကြောင်း ယင်းကျေးရွာ တာဝန်ခံတစ်ဦးဖြစ်သူ ဦးဇော်မင်းလတ်က ပြောသည်။

ရမ်းဇုကီးကျေးရွာတွင် နေထိုင်သူများသည် တရားဝင် ကျေးရွာတစ်ရွာ ဖြစ်လာရန်လိုလားနေကြပြီး ကိုဗစ် ထောက်ပံ့ကြေးမရသည့်အပေါ်တွင်လည်း အစိုးရကို မေးခွန်းထုတ်လျက် ရှိသည်။