ထားဝယ်ဗုံးထောင်သူကို တရားစွဲတင်ရေး သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထား

0
227

ရွေးကောက်ပွဲအကြိုကာလတွင် ဗုံးထောင်ခဲ့သူကို တရားစွဲတင်ရန် နိုင်ငံ တော်သမ္မတရုံးထံ ခွင့်ပြုချက်တောင်းခံထားသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် လက်လုပ်ဗုံးအချို့ကို ထားဝယ်မြို့နေရာအချို့တွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် သဘော့ဆိပ် ရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသား က ကိုယ်တိုင်လုပ်ဗုံး အနည်းဆုံး သုံးလုံးကို ထောင်ခဲ့ခြင်းဖြစ်သည်။

အဆင့်မြင့်ဖောက်ခွဲရေးသုံးပစ္စည်း ဖြစ်သည့် ဒီတိုနေတာ၊ ဖုန်းဟန်းဆက် များဖြင့် ချိတ်ဆက်အသက်သွင်းထားသည့် လက်လုပ်မိုင်း နှစ်လုံးထက်မနည်းအား ရဲတပ်ဖွဲ့နှင့် တပ်မတော်က အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။

သို့သော် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် ဗုံးတစ်လုံးမှာမူ ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်ခဲ့ခြင်းမရှိခဲ့ပေ။

ဆိုင်ကယ်ပြင်သူမှသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အထိ

ထိုနောက် ဗုံးထောင်ခဲ့သည့်လက်သည် တရားခံဟုဆိုသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က ၎င်းနေထိုင်ရာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုတွင် ဖမ်းဆီးခဲ့သည်။

ဗုံးထောင်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း(ကီးပက်)မှတစ်ဆင့် ခြေရာခံပြီး အဆိုပါအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏နေအိမ်တွင်ရှာဖွေရာ နောက်ထပ်လက်လုပ်မိုင်းများ၊ မိုင်းလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြားကိုလည်း တွေ့ရှိခဲ့သည်။

ထိုအမျိုးသားကို စစ်ဆေးရာမှ တစ်ဆင့် ပူးပေါင်းပါဝင်သည်ဆိုသည့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ အခြားအမျိုးသားတစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးခဲ့သည်။

အထက်ပါ အမျိုးသားနှစ်ဦးကို ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မများဖြင့် ထားဝယ်မြို့ မရဲစခန်းနှင့် မောင်းမကန်နယ်မြေရဲစခန်းတို့တွင် အမှုသုံးမှု ဖွင့်ထားသည်။

ယင်းအမျိုးသားနှစ်ဦးကို တရားစွဲ တင်နိုင်ရေး သက်ဆိုင်ရာဥပဒေရုံးတွင် ဥပဒေအကြံတောင်းခံပြီးဖြစ်သည့်အတွက် တိုင်းအစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတရုံးထံ တရားစွဲခွင့် တောင်းခံထားသည်။

ပြည်ထောင်စုအစိုးရမှ တရားစွဲရန် ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာတရား ရုံးတွင် တရားစွဲတင်သွားမည်ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက တနင်္သာရီအပတ်စဉ်ကို ပြောသည်။

“ခရိုင်ဥပဒေရုံးကတော့ ဥပဒေအရ ခွင့်ပြုလိုက်ပြီ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။

အထက်ပါအမျိုးသားနှစ်ဦးအပြင် ၎င်းတို့နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် သူတစ်ဦးကိုလည်း အမှုဖွင့်ထားသည်။ ၎င်းမှာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင် ပျောက်ဆုံးနေသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်းရှိ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းဖြစ်သည်။

ဦးထိန်လင်းမှာ ၂၀၂၀ ခုနှစ် မတ်လအတွင်း ထားဝယ်မြို့သို့ ရောက်ရှိလာပြီး သဘော့ဆိပ်ကျေးရွာနေ ဗုံးထောင်သူ အမျိုးသားနှင့် ချိတ်ဆက်တွေ့ဆုံခဲ့သည် ဟု သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၁၀ ခန့်ကတည်းက အဆက်အသွယ် မရတော့ကြောင်း ၎င်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးတင်သိန်းက တနင်္သာရီအပတ်စဉ်ကို ပြောဆိုထားသည်။

ဦးထိန်လင်းသည် သီရိမြင့်မြတ် ကုမ္ပဏီနှင့် သီရိမြင့်မြတ် စိုက်ပျိုးရေး ကုမ္ပဏီတို့တွင် ဒါရိုက်တာ တာဝန်ယူထားပြီး Asia Dynasty International Services ကုမ္ပဏီတွင် Advisor (အကြံ ပေး) အဖြစ် လုပ်ကိုင်နေကြောင်း ၎င်း၏ မဲဆွယ်မှုအဖြစ် လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။

ထို့အပြင် မြန်မာနိုင်ငံရှေးဟောင်း သုတေသနအသင်းတွင် အကြံပေး၊ ပျူ မြို့များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွင် အမှုဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ သုတေသီတစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် Boat People (လှေစီး ဒုက္ခသည်) အရေး ဆန္ဒထုတ်ဖော်ပွဲ၊ တပ်မတော်ထောက်ခံပွဲ အစရှိသည့် အမျိုးသားရေးပွဲများတွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်ဟောပြောခဲ့ပြီး အမျိုးသားရေးလှုပ်ရှားမှုများနှင့် အမျိုးသားရေးဆိုင်ရာ နိုင်ငံရေးဟောပြောပွဲဆွေးနွေးပွဲများတွင် ပါဝင်လေ့ရှိသည်ဟု ရေးသားထားသည်။

Dawei Watch