လူခိုးသယ်သည်ဆိုသည့်ကိစ္စ တိုင်းအစိုးရထံ တင်ပြမည်

0
154
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်မြို့တွင်သောင်တင်နေ သည့် ထားဝယ်ဒေသခံများကို ဒေါင်းငူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကားဖြင့် ခိုးသယ်သည်ဆိုသည့် အပေါ် စုံစမ်း စစ်ဆေးနေပြီး စစ်ဆေးချက်အား တိုင်း အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

အောက်တိုဘာလဆန်းမှစတင်ကာ တိုင်းကျော်ခရီးသွားလာခွင့်ကို ကန့်သတ်ထားခဲ့သည်။

ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီ တိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိနေခဲ့ကြသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူးက ထားဝယ်ဒေသသို့ ပြန်လိုသူများအား တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းနှုန်းဖြင့် ပို့ဆောင်ပေးနေသည်ဆိုသည့် သတင်းများမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။

အဆိုပါကိစ္စအား စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးနေပြီး စိစစ်ပြီးပါက တိုင်းအစိုးရထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား စုံစမ်းစစ်ဆေးသည့် တွေ့ရှိချက်ကို မြို့နယ်အုပ်ချုပ်ရေးက ၎င်းထံ တင်ပြလာ ခြင်းမရှိသေးကြောင်း ၎င်းက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘေးစီမံဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူရန် ညွှန်ကြားထားသည့် စာတစ်စောင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးအား ညှိနှိုင်းအကြောင်း ကြားသည့်စာဖြစ်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါစာတွင် ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်အား သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်ဆင့်ညွှန်ကြားလာသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အကြောင်းကြားသည့် စာဖြစ်သည်။

ဘေးစီမံဥပဒေပုဒ်မ-၂၅ ကို ဖောက်ဖျက်ပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

“စစ်ဆေးပြီးတော့မှ မှန်တယ်ဆိုရင် ဥပဒေအတိုင်းတော့ သွားမှာပေါ့နော်။ ဘေးစီမံ(ဥပဒေ) နဲ့ အရေးယူ မှာပေါ့” ဟု ၎င်းက ပြောသည်။

ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ကမူ လက်ရှိသတင်းပျံ့နှံ့နေသည့်အတိုင်း ဖြစ်စဉ်အလုံးစုံမှန်ကန်မှု မရှိဘဲ တစ်စိတ်တစ်ဒေသသာ မှန်ကန်ကြောင်း တနင်္သာရီအပတ်စဉ်သို့ ပြော ဆိုသည်။

အမှန်တကယ်ဖြစ်စဉ်မှာ ရပ်ကွက် အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦး က မလွှဲတောင်တွင်လာကြိုပေးရန် အကူအညီတောင်းခံ ဖုန်းဆက်လာသဖြင့် ၎င်းပိုင်ကားကို အခြားသူတစ်ဦးအား မောင်းနှင်စေပြီး ယာဉ်မောင်းကိုလည်း PPE ဝတ်စုံ ဝတ်ဆင်မောင်းနှင်စေခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် ဇမ္ဗူသီရိအရေးပေါ်လူနာအသင်းသို့သွားကာ ကားအတွင်းခန်းများကိုလည်း အကာအရံများ ကာရံပြီးမှ သွားကြိုခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးထိုက်က ဆိုသည်။

မလွှဲတောင်တွင် လူသုံးဦးကို သွားကြိုပေးပြီးနောက် ယာဉ်မောင်း ဖြစ်သူကိုလည်း ကွာရန်တင်းစခန်းတွင် နေထိုင်စေခဲ့ကြောင်း ၎င်းက တုံ့ပြန်သည်။

အဆိုပါ လူသုံးဦးအနက် ထားဝယ် ကွာရန်တင်းစခန်းတွင် တစ်ဦးနှင့် လောင်းလုံးကွာရန်တင်းစခန်းတွင် နှစ်ဦးကို ပို့ပေးခဲ့ကြောင်း ဦးစိုက်ထိုက်က ဆိုသည်။

ယင်းသို့ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာယူခြင်းမရှိဘဲ ဆီဖိုးမျှသာ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒါက ကျွန်တော့ရဲ့ ဖြစ်ရပ်မှန် တစ်ခုပဲ။ ငွေရှစ်သောင်းယူတာတွေ၊ လူခုနစ်ယောက်တင်တာတွေက မဟုတ် မမှန်သော သတင်းသာ ဖြစ်တယ်ပေါ့နော်” ဟု ဦးစိုးထိုက်က ဆိုသည်။

ကားအတွင်းခန်းအား ပလတ်စတစ် ပိုင်းကာရံသည့်ကိစ္စနှင့် ပတ်သက်၍ ရုံးတွင်လာလုပ်သည်ဆိုသော်လည်း လူသွားခေါ်မည့်ကိစ္စကို လုံးဝမသိခဲ့ ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင် က ပြောသည်။

၎င်းတို့ရုံးတွင် လူနာတင်ယာဉ် များနှင့် အခြားကားများအား အတွင်းခန်း ပလတ်စတစ်ပိုင်းကာရံခြင်းကို လာလုပ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် စာအရ နိုဝင်ဘာလ ၁၁ ရက်နေ့ခန့်က ရန်ကုန်မြို့တွင် ရောက်နေသည့်ထားဝယ် ဒေသခံများကို ဦးစိုးထိုက်က စင်းလုံးငှားယာဉ်(ကား)များဖြင့် မလွှဲတောင်စစ် ဆေးရေးဂိတ်မရောက်မီအထိ လိုက်ပါစေပြီး ဂိတ်ကို ခြေလျင်ဖြတ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနောက် စစ်ဆေးရေးဂိတ်တွင် ကြိုတင်စောင့်နေသည့် AD VAN အမျိုးအစားကားဖြင့် ထားဝယ်သို့ တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းနှုန်းဖြင့် သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရကြောင်း ဖော်ပြထားသည်။