ဆိုင်ကယ်ပြင်သူမှသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အထိ

0
384

ရွေးကောက်ပွဲအကြို ထားဝယ်ဗုံးအမှု၏ ကွင်းဆက်နှင့် ပဟေဠိ

ရွေးကောက်ပွဲမတိုင်မီ ထားဝယ်တွင် ထောင်ခဲ့သော ဗုံးထောင်သူ၏ ကွင်းဆက်များမှာ လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အထိ ရှိနေသည်။ သဘော့ဆိပ်ရွာနေ ဆိုင်ကယ်ပြင်သူမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအထိ ချိတ်ဆက်နေသည်။ ဖမ်းဆီးခံထားရသော ဗုံးထောင်သူမှာ အစည်းအဝေးရှိသည်ဟု ရွာမှပျောက်သွားလေ့ရှိသည်ဟုဆိုသည်။ ကွင်းဆက်သံသယရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ယခုအချိန်ထိ အစရှာ မရသေးပေ။ ဗုံးထောင်ရသည့် အကြောင်းရင်း၊ နောက်ကွယ်မှ စေ့ဆော်မှု စသည့် အကြောင်းအရာများကိုလည်း အစိုးရက တရားဝင် မထုတ်ပြန်သေးပေ။

ရွေးကောက်ပွဲမတိုင်မီ ထားဝယ်တွင် ထောင်ခဲ့သော ဗုံးထောင်သူ၏ ကွင်းဆက်များမှာ လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အထိ ရှိနေသည်။ သဘော့ဆိပ် ရွာနေ ဆိုင်ကယ်ပြင်သူမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအထိ ချိတ်ဆက်နေသည်။

ဖမ်းဆီးခံထားရသော ဗုံးထောင်သူမှာ အစည်းအဝေးရှိသည်ဟု ရွာမှ ပျောက်သွားလေ့ရှိသည်ဟုဆိုသည်။ ကွင်းဆက်သံသယရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ယခုအချိန်ထိ အစရှာ မရသေးပေ။

ဗုံးထောင်ရသည့် အကြောင်းရင်း၊ နောက်ကွယ်မှ စေ့ဆော်မှု စသည့် အကြောင်းအရာများကိုလည်း အစိုးရက တရားဝင် မထုတ်ပြန်သေးပေ။

ထားဝယ်မြို့ပေါ် ထောင်ဗုံးသုံးလုံး
ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုက ဗုံးထောင်ခဲ့သည့် အမျိုးသားကို မကြာမီရက်ပိုင်းအတွင်း တရားစွဲတင်တော့ မည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါအမျိုးသားကို ထားဝယ်မြို့မရဲစခန်းတွင် အမှု နှစ်မှုနှင့် မောင်းမကန်ရဲစခန်းတွင် တစ်မှုဖွင့်ထားပြီး ဥပဒေအကြံ တောင်းခံထားသည်။ အထက်ပါ အမျိုးသားကို ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေပုဒ်မ- ၅ ဖြင့် အမှုအသီးသီးဖွင့်ထားပြီး ဖြစ်သည်။

ထိုကြောင့် မကြာမီရက်ပိုင်းအတွင်း တရားစွဲတင်တော့မည့် အနေအထားဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားက ထားဝယ်မြို့ လမ်းဘေးနေရာများတွင် လက်လုပ်မိုင်း သို့မဟုတ် ဗုံးများကို ထောင်ထားခဲ့ခြင်းဖြစ်သည်။

အဆင့်မြင့်ဖောက်ခွဲရေးသုံးပစ္စည်းဖြစ်သည့် ဒီတိုနေတာ၊ ဖုန်းဟန်းဆက် များဖြင့် ချိတ်ဆက် အသက်သွင်းထားသည့် လက်လုပ်မိုင်း နှစ်လုံးထက်မနည်းအား ရဲတပ်ဖွဲ့နှင့် တပ်မတော်က အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။

သို့သော် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် ဗုံးတစ်လုံးမှာမူ ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်ခဲ့ခြင်းမရှိခဲ့ပေ။

ထိုနောက် ဗုံးထောင်ခဲ့သည့်လက်သည်တရားခံဟုဆိုသူသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က ၎င်းနေထိုင်ရာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေး ရွာအုပ်စုတွင် ဖမ်းဆီးခဲ့သည်။

ဗုံးထောင်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း(ကီးပက်)မှတစ်ဆင့် ခြေရာခံပြီး အဆိုပါအမျိုးသားကို ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဆင်ကျေးရွာ အုပ်စု၊ သဘော့ဆိပ်ကျေးရွာရှိ ၎င်း၏နေအိမ်တွင်ရှာ ဖွေရာ နောက်ထပ်လက်လုပ်မိုင်းများ၊ မိုင်းလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း အများအပြားကိုလည်း တွေ့ရှိခဲ့သည်။

လက်လုပ်မိုင်းများကို အဆိုပါ အမျိုးသားက အွန်လိုင်းတွင် လေ့လာကာ ကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်၏ ယုံကြည်ရသည့် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ဗုံးထောင်သူ၏ လူနေမှုဟန်
တနင်္သာရီအပတ်စဉ်၏ စုံစမ်းမှုအရ အဆိုပါအမျိုးသားမှာ ဆိုင်ကယ်ပြင် အသက်မွေးသည်။ ရပ်ရွာအတွင်းနေထိုင်စဉ် လူနေမှုပုံစံမှာ ၎င်းအပေါ်အမြင် အမျိုးမျိုးရှိကြသည်။

အဆိုပါအမျိုးသားတွင် မွေးချင်း ၇ ဦးခန့်ရှိပြီး ရပ်ရွာအတွင်းနေသူ အများစုနှင့် အဆင်ပြေမှုမရှိဘဲ လူပေါ် လူဇော် လုပ်လေ့ရှိသည်ဟု သဘော့ဆိပ် ကျေးရွာနေ အသက်၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“ရွာထဲမှာဆိုရင် လက်နက်အားကိုး ပုဆိန်ရိုးပေါ့။ သူက သူများမြှောက်ပေးတိုင်း အမြဲမြှောက်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထို့အပြင် သတင်းထောက်ယောင်ယောင်ဖြင့် ဓာတ်ပုံရိုက်လေ့ရှိပြီး အွန်လိုင်းပေါ်တင်လေ့ရှိသည့်အတွက် အမုန်းပွား သူများသည်ဟု ဆိုသည်။

ထိုအမျိုးသားက အစည်းအဝေးသွားရမည်ဟုဆိုကာ ရွာမှတစ်ပတ်၊ နှစ်ပတ်ခန့် ပျောက်သွားလေ့ရှိသည်ဟု ဒေသခံအချို့က ပြောဆိုကြသည်။

သို့သော် အသက် ၃၀ ဝန်းကျင်ရှိ အရွယ်တူ အခြားအမျိုးသားတစ်ဦးကမူ မတူခြားနားသော မှတ်ချက်ကို ပေးသည်။

ရပ်ရွာအတွင်းနေထိုင်စဉ် ပျော်ပျော် နေတတ်သူတစ်ဦးဖြစ်ပြီး ရပ်ရေးရွာ ရေးကိစ္စရပ်များတွင် လက်မနှေးတတ်သူ တစ်ဦးဖြစ်သည်ဟု အဆိုပါ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

စကားဖောင်ဖွဲ့ပြောလေ့ရှိသူဖြစ်ပြီး ပရဟိတစိတ်ဓာတ်ရှိသူတစ်ဦးလည်းဖြစ်ပြီး တရားပွဲကျင်းပချိန်တွင်လည်း ပါဝင်ကူညီလေ့ရှိသည်ဟု ဆိုသည်။

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးတစ်ဦးဖြစ်သည်ဟုလည်း လူသိများခဲ့သည်။

ကြံ့ခိုင်ရေး ပါတီ၏ တနင်္သာရီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသန်းအောင် ကမူ အဆိုပါအမျိုးသားမှာ ယခင်ကပါတီ၏ မြို့နယ် အရန်အမှုဆောင်အဖွဲ့ ဝင်တစ်ဦးဖြစ်သော်လည်း ယခုနှစ်ဇူလိုင်လကတည်းကပင် နုတ်ထွက်ခွင့်တင်ပြီး နုတ်ထွက်ထားသူပြီးဖြစ်သည်ဟု ဆိုသည်။

င်္ခေနဘသသု လူမှုမီဒီယာများပေါ် တွင် ပြန့်နှံ့နေသည့် ဓာတ်ပုံများအရ အဆိုပါအမျိုးသားမှာ ကြံ့ခိုင်ရေးပါတီ၏ အကျီဝတ်ဆင်ထားသည့် ပုံများရှိ သကဲ့သို့ ပါတီအတွက်မဲဆွယ်သည့် အကြောင်းအရာများကို နိုဝင်ဘာလ ၅ ရက်နေ့အထိ မျှဝေထားသည်။ (တနင်္သာရီ အပတ်စဉ်အနေနှင့် အတု၊ အစစ် အတည်ပြုနိုင်ခြင်း မရှိသည့်) သေနတ်ကိုင်ထားသည့် ဓာတ်ပုံများလည်း Facebook စာမျက်နှာပေါ် တင်ထားသည်ကို တွေ့ရသည်။

ကွင်းဆက် အချို့
သဘော့ဆိပ်ကျေးရွာနေ ဗုံးထောင်သူ၏ ကွင်းဆက်မှာ တစ်ဦးထက်မက ရှိနေသည်။ တနင်္သာရီ အပတ်စဉ်က အတည်ပြုနိုင်သေးသည့် ကွင်းဆက် အချို့ကို ချိတ်ဆက်ဖော်ပြလိုက် ပါသည်။

ဗုံးထောင်သူအမျိုးသားကို ဖမ်းဆီးပြီးနောက် စစ်ဆေးချက်များအရ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အခြားသူ တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ထပ်မံဖမ်း ဆီးခဲ့သည်။

ထို့အပြင် ဆက်စပ်ပတ်သက်သည်ဟု ယူဆရသည့် စစ်ကိုင်းတိုင်း ဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်း ဖမ်းဆီးရန် ပြင်ဆင်နေကြောင်း တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်များအရ သိရသည်။

ယင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်ခဲ့သည့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိန်လင်း ဖြစ်သည်။

ဦးထိန်လင်းမှာ ယနေ့ အချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ရှောင်တိမ်းနေခြင်းလော၊ သို့မဟုတ် တစ်စုံတစ်ဦး တစ်ဖွဲ့ဖွဲ့ ခေါ်ဆောင်သွားခြင်းလောဟု ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရဲတပ်ဖွဲ့က အဆိုပါ ကိုယ်စားလှယ်လောင်းကို ဆင့်ခေါ်ရန် သွားရှာချိန်တွင် လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း ကျွန်းလှမြို့မရဲစခန်းမှ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့က တနင်္သာရီအပတ်စဉ်သို့ အတည်ပြုပြောဆိုသည်။

သို့ရာတွင် မည်သည့်အကြောင်းရင်းကြောင့် ဆင့်ခေါ်သည်ကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်း ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိန်လင်း၏ Facebook စာမျက်နှာ ပေါ်တွင် တင်ထားသည့် ဖုန်းကို တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်းရာ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်သူ ဦးတင်သိန်း က လက်ခံဖြေကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်ကတည်းက ဦးထိန်လင်းနှင့် အဆက်အသွယ် လုံးဝမရတော့ကြောင်း ဦးတင်သိန်း က ဆိုသည်။

“သူနဲ့ ကျွန်တော်နဲ့က အဆက်အသွယ်က မရတော့ဘူး။ သူကကျွန်တော့်ကိုလည်း မခေါ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

လိုက်ရှာနေသည့် အကြောင်းအရင်းကို သေချာစွာ မသိရှိသော်လည်း ရဲတပ်ဖွဲ့က လိုက်ရှာနေသည်ကို သိခဲ့ရကြောင်း ဦးတင်သိန်းက ပြောသည်။

ဦးထိန်လင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်လုပ်ဆောင်ပေးခဲ့သော်လည်း ၎င်း၏နောက်ကြောင်း အနေအထားကို သေချာစွာမသိခဲ့ကြောင်း ၎င်းက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ကျူးလွန်သူ၏ ရည်ရွယ်ချက်၊ ကွင်းဆက်တရားခံများ၏ ဆက်စပ်ပတ်သက်မှု၊ နောက်ကွယ်မှ စေ့ဆော်မှုစသည့် အကြောင်းရင်းများကို သက်ဆိုင်ရာ အစိုးရ၊ ရဲတပ်ဖွဲ့တို့က တရားဝင် ထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးပေ။

လက်ရှိတွင် ကွင်းဆက်တရားခံများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည့်အတွက် ထုတ်ပြန်၍မရသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောဆိုထားသည်။

ထုတ်ဖော်ပြောဆိုနိုင်သည့် အခြေအနေရောက်ပါက သတင်းစာရှင်းလင်းပွဲမှ တဆင့် အသေးစိတ်ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

“အချိန်တန်ရင် တရားဝင် ဆောင်ရွက်ပေးမယ်နော်။ အခုတော့ နောက်ဆက်တွဲ လေးတွေ ရှိနေလို့ပါနော်”