ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ တင်ထားဆဲ

0
193
Dawei Watch, Dawei News, Dawei News Media

ယခုအစိုးရလက်ထက်အတွင်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှုမှာ အမြင့်ဆုံးတရားရေးအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်ထားကြောင်း သိရသည်။

သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က အမှုလေးခုအတွက် တရားစွဲဆိုခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့က စုစုပေါင်းထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို

ပထမအမှုမှာ တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး ယင်းဌာန ညွှန်ကြားရေး မှူးအား ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟိုအမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့ သည့်အမှုဖြစ်သည်။

ဒုတိယအမှုမှာ ထားဝယ်လေယာဉ် ကွင်းရှိ ချုံနွယ်များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေ ကျပ် သိန်းလေးထောင်အသုံးပြုကာ ရှင်းလင်း ခဲ့သည့်အမှုဖြစ်သည်။ ကျပ်သိန်းလေးထောင်ဖြင့် ဆောင်ရွက်ခဲ့သည့် ချုံရှင်းလုပ်ငန်းကို တင်ဒါမခေါ်ဘဲ ဦးဆန်နီပိုင် F22 ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တတိယအမှုမှာ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ကိုင်နေသည့် GGS ကုမ္ပဏီက ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါး ပေးချေရန် ပျက်ကွက်ခဲ့သည့်အပေါ် စွဲဆိုသည့်အမှုဖြစ်သည်။

စတုတ္ထအမှုမှာ ဒေါက်တာလဲ့လဲ့ မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့်မြေကို ကျပ်သိန်း ၂၀ဝ၀ ဖြင့် GGS ကုမ္ပဏီအား ရောင်းချခဲ့ပြီးနောက် ကုမ္ပဏီအား သရက်ချောင်း ငါးလေလံ ဈေးတည်ဆောက်ခြင်း၊ ပုလောမြို့နယ် ခန်းမတည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာနှင့် ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည့် အမှုဖြစ်သည်။

တိုင်းတရားလွှတ်တော်က ထိုအမှု လေးခုအတွက် ထောင်ဒဏ်နှစ်၃၀ ကျခံ စေရန် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ် သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်ထားသည့်အပေါ် ဒေါက်တာလဲ့လဲ့မော်ဘက်မှ အယူခံ လျှောက်ထားသည့်အတွက် ယခုနှစ် သြဂုတ်လလယ်ပိုင်းက အမှုတွဲများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ပေးပို့ခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

အမှုနှင့် ပတ်သက်၍ ကာလစည်းကမ်းသတ်ဥပဒေအရ အမိန့်ချပြီးသည့် ရက်မှ ရက်ပေါင်း ၉၀ အတွင်း အယူခံ ဝင်ခွင့်ရှိသည်။

ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုခဲ့သည့် အမှုများအနက် စတုတ္ထအမှုတွင် သက်သေခံပစ္စည်းဖြစ်သည့် သရက်ချောင်းမြို့ရှိ ၎င်း၏နေအိမ်နှင့် မြေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် တိုင်းတရားလွှတ်တော်က အမိန့်ချထား သည်။

“ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေဖို့ အမိန့်ချမှတ်ထားခဲ့တဲ့အတွက် အမှု ကို အယူခံတက်ရောက်နေတဲ့အတွက်ကြောင့်မို့လို့ အယူခံအမှုရဲ့ အမိန့်ကိုစောင့် ဆိုင်းနေပါတယ်” ဟု ဒေါ်အေးအေးသန်း က ပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် အယူခံအဆင့်တွင် သက်သေခံပစ္စည်း အား ဘဏ္ဍာသိမ်းအမိန့် အတည်ဖြစ်ပါက စီမံခန့်ခွဲနိုင်ရန် တရားလွှတ်တော်ချုပ်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်၏ အယူခံ လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းတရားလွှတ်တော်တွင် ၎င်းဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည့် အကျိုးဆောင် ရှေ့နေအချို့ကို မေးမြန်းခဲ့သော်လည်း တိတိကျကျဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။

တတိယအမှုနှင့် စတုတ္ထအမှုတို့တွင် ဒေါက်တာလဲ့လဲ့မော်နှင့် အတူ GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးကိုလည်း ထောင်ဒဏ်အသီးသီးချမှတ်ထားသည်။