ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

0
324
ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသူများအနက် ၁၇၁ ဦးကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသူ ၂၇၀ ဦးအနက် ၁၇၁ ဦးကို မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။

ပထမအသုတ်တွင် ပါဝင်သူများမှာ ထားဝယ်ခရိုင်မှ ၉၅ ဦးနှင့် သံဃာ ၅ ပါး၊ မြိတ်ခရိုင်မှ ၆၆ ဦးနှင့် ကော့သောင်း ခရိုင်မှ ငါးဦးတို့ ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မှ ပြန်လာမည့် ကားစရိတ်အား လှူဒါန်းသူရှိသည့်အတွက် အခငွေကြေးပေးရန် မလိုကြောင်း ထားဝယ်ဒေသလူထုအခြေပြုအထောက် အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဆိုသည်။

ပိတ်မိနေသူများ ထားဝယ်ပြန် ရောက်ပါက ထားဝယ်တက္ကသိုလ်ရှိ ကွာရန်တင်းစခန်းတွင် ထားရှိမည်ဖြစ်ပြီး မြိတ်ဒေသနေသူများကိုမူ အင်းလေးမြိုင် စုပေါင်းရုံးရှေ့ရှိ အဆောက်အအုံတွင် ကွာရန်တင်းနေရမည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်ရှိ ကွာရန်တင်း စခန်းတွင် နေထိုင်စဉ်အတွင်း အစားအသောက်စရိတ်အတွက် သတ်မှတ်ထားခြင်း မရှိသော်လည်း တတ်နိုင်ပါက ငွေကြေးထည့်ဝင်နိုင်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

ကွာရန်တင်းစခန်းတွင် နေထိုင်စဉ်အတွင်း မိသားစုနှင့် ထိတွေ့ခွင့်ပေးမည် မဟုတ်ဘဲ အိပ်ရာ၊ ခြင်ထောင် အစရှိသည့် အသုံးအဆောင်ပစ္စည်းများ ပေးပို့လိုပါက အထောက်အကူပြုရုံးခန်းမှတစ်ဆင့် ပို့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ ပထမအသုတ်ခေါ်ယူပြီးပါက ကိုဗစ်ပိုးတွေ့မှု အနေအထားအပေါ် မူတည်ကာ ဒုတိယအသုတ်ကို ထပ်မံ ခေါ်ယူမည်ဖြစ်သည်ဟု ဆိုသည်။

နေရပ်ပြန်သူများ ကွာရန်တင်းဝင် နေစဉ်အတွင်း ကိုဗစ်ရောဂါအပါအဝင် ကျန်းမာရေးစစ်ဆေးမှု အခမဲ့လုပ်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

လက်ရှိတွင် ရန်ကုန်မှ ထားဝယ်သို့ ခိုးဝင်သူများရှိနေပြီး လူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းဝန်းကျင် ပေါက်ဈေး ရှိနေသည်။ ပိတ်မိနေသူများက ကုန်တင် ကားဖြင့် ခိုးဝင်သကဲ့သို့ အခြားနည်းလမ်း မျိုးစုံဖြင့် ခိုးဝင်နေကြသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့အထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၈၂ ဦးနှင့် သေဆုံးသူ တစ်ဦး ရှိသည်။