မြို့ပြဖွံ့ ဖြိုးရေးအတွက် သရက်ချောင်းစည်ပင် သိန်းတစ်သောင်းကျော် သုံးမည်

0
426
Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အနေနှင့် လက်ရှိဘဏ္ဍာနှစ်တွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်သုံးစွဲမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာ ရှစ်ရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ မြေသားလမ်း ခင်းခြင်း၊ တံတားဆောက်ခြင်း၊ ရေမြောင်း အသစ်များတူးဖော်ခြင်း၊ ပျံကျဈေးရုံ တည်ဆောက်ခြင်းနှင့် မြို့ပြသာယာလှပ ရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်စွမ်က ပြောသည်။

“မြို့သာယာလှပရေးအတွက် အဓိကထားပြီး မြို့ပေါ်ရပ်ကွက်တွေကို ဦးစားပေးလုပ်တယ်။ မြို့ပေါ်ရပ်ကွက်တွေက ပိုလျှံမှ ကျေးရွာတွေကို ဦးစားပေးအလိုက် လုပ်တာ” ဟု ဦးတင်စွမ်က ဆိုသည်။

ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ

သရက်ချောင်းမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၁၇ ခုမှ တင်ပြလာသည့် လမ်း၊ တံတား၊ ရေမြောင်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဦးစားပေးအဖြစ်ရွေးချယ်ပြီး အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းဖြစ် မဖြစ်ကိုလည်း ကွင်းဆင်းစိစစ်သေးသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပစ္စည်းတင်ဒါခေါ်ယူ ထားပြီး ခွင့်ပြုချက်ကျလာပါက လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

မြို့နယ်စည်ပင်မှ တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းများတွင် အကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်း ၂၁ ခု၊ ငါးပေ အကျယ်ရှိ တံတား ၁၃ စင်း၊ ရေမြောင်း ကိုးခုနှင့် သရက်ချောင်းမြို့မရပ်ကွက် ပျံကျဈေးရုံ တစ်ခု စသည်ဖြင့် အခြားမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပါဝင်သည်။

ယင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးဘတ်ဂျက်နှင့် တိုင်းစည်ပင် သာယာရေးအဖွဲ့မှ ချပေးသည့် ဘတ်ဂျက် သိန်းပေါင်းတစ်သောင်းကျော် ကျပ် (၁၀၈၄ ဒသမ ဝ၉) သန်းကျော်သုံးစွဲ မည်ဖြစ်သည်။

မိုးမြင့်