တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ

0
590
Dawei Watch, Dawei News, Dawei News Media

အစိုးရက အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများကို အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာသူ ရွားသားများက ဒုတိယအကြိမ် ထပ်မံ တိုင်ကြားလိုက်ပြန်သည်။

ပထမအကြိမ်တိုင်ကြားစဉ်က ကိုဗစ်ထောက်ပံ့ငွေကိစ္စတစ်ခုတည်းကို သာ စစ်ဆေးခဲ့ပြီး အခြားအချက်များကို စစ်ဆေးခဲ့ခြင်း မရှိဟုဆိုကာ အောက်တိုဘာလ ၆ ရက်နေ့တွင် ထပ်မံတိုင်ကြားခဲ့ ခြင်းဖြစ်သည်။

တိုင်ကြားစာတွင် အချက်ခုနစ်ချက်ကို တိုင်ကြားထားသော်လည်း ကိုဗစ် ထောက်ပံ့ငွေတစ်ခုတည်းကိုသာ စစ်ဆေးခဲ့ကြောင်း တိုင်ကြားရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် တီဇစ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများ အလွဲသုံးသည်ဟုဆိုကာ တီဇစ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

ထို့အပြင်စစ်ဆေးရေးအဖွဲ့မှ ဒေသခံများကို နှစ်ကြိမ်ခေါ်ယူစစ်ဆေးခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန် ကြားချက်မရှိဘဲ စစ်ဆေးရေးအဖွဲ့က အချိန်ဆွဲနေသည့်အတွက် ဒုတိယအကြိမ် ထပ်မံတိုင်ကြားခြင်းဖြစ်ကြောင်း ယင်းအမျိုးသားက ပြောသည်။

ပထမအကြိမ် တိုင်ကြားစဉ်က ဒေသခံ သုံးဆယ်ဦးခန့်သာ လက်မှတ် ထိုးထားပြီး ဒုတိယအကြိမ်တွင်မူ ဒေသခံ နှစ်ရာနီးပါး လက်မှတ်ထိုး တိုင်ကြားထားသည်။

သြဂုတ်လဆန်းပိုင်းက ပေးပို့ခဲ့သည့် ပထမအကြိမ်တိုင်ကြားစာကို ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးထံ လိပ်မူ တိုင်ကြားခဲ့သည်။

ဒုတိယအကြိမ်တွင်မူ အထက်ပါ တာဝန်ရှိသူများအပြင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံလည်း လိပ်မူ တိုင်ကြားထားသည်။

ပထမအကြိမ်တိုင်ကြားစာတွင် အစိုးရက ထုတ်ပေးသည့် ကိုဗစ်ထောက် ပံ့ကြေးကို ကျေးရွာနေသူများကို အသိပေးခြင်းမရှိဘဲ ၎င်းနှင့်သင့်မြတ်သူများကို ဦးစားပေးစာရင်းထည့်သွင်းပြီး ထုတ်ပေးခြင်း၊ ငွေလက်ခံရရှိကြောင်းလက်မှတ်ထိုးရာတွင် တချို့တစ်ဝက်ကိုသာ လက်မှတ် ထိုးစေခြင်း၊ လက်မှတ်မထိုးစေဘဲ ထုတ်ပေးခြင်း အစရှိသည့် ဥပဒေနှင့်မညီဘဲ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါအချက်များအပြင် အဆိုပါ ကျေးရွာရှိ လက်ခတ်တောင်အလှူငွေ ကိစ္စအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်ထောင်နှုန်းဖြင့် အိမ်ထောင်စု လေးရာခန့်တွင် ကောက်ခံခဲ့သော်လည်း လောင်းလုံးမြို့နယ်ထွေ/အုပ်ဌာနထံ ပေးသွင်းရာတွင် ငွေကျပ်ခြောက်သောင်း ခွဲသာ ပေးသွင်းထားကြောင်း တိုင်ကြားထားသည်။ ထို့အပြင် တီဇစ်ကျေးရွာ၊ ဖိုးလမော်ကမ်းခြေတွင် ဒေသခံများ လက်မခံသည့် ငါးငယ်များကို အခြောက် လှမ်းသည့်လုပ်ငန်းကို အုပ်ချုပ်ရေးမှူးက အခြားကျေးရွာမှရေလုပ်သားများကို လုပ်ခွင့်ပြုထားပြီး အခငွေကြေးယူထားသည်ဟု တိုင်စာတွင် ဖော်ပြထားသည်။

တီဇစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းစိုးကမူ တိုင်ကြားစာပါ အကြောင်းအရာများက မှန်ကန်မှုမရှိဟု တုံ့ပြန်ထားသည်။

ဒုတိယအကြိမ်တိုင်စာ၏မိတ္တူကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးကိုလည်း ပေးပို့ထားကြောင်း တိုင်စာအရ သိရသည်။