မြန်မြန် လာခေါ်ကြပါ

0
378

ဦးမောင်ဖြူတစ်ယောက် မနက် စောစောကတည်းက သူ့ကိုလာခေါ် မည့်သူများကို မျှော်နေရသည်က မောနေပြီ။

မနက်ကတည်းက မျှော်နေသော်လည်း ညနေစောင်းသည်အထိ သူ့ကို ခေါ်မည့်သူတစ်ဦးတစ်ယောက်မှ ပေါ် မလာခဲ့ပေ။ သူ့နေအိမ်တွင် ထိုင်စောင့် နေရသည်ဆိုသော်လည်း စိတ်အေး လက်အေးနေရသည်တော့ မဟုတ်။

စက်တင်ဘာလ ၁၁ ရက်ညက ထားဝယ်မြို့နေ အမျိုးသားတစ်ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိသည်ဆိုသည့် သတင်းကြောင့် ထိတ်ထိတ်ပြာပြာဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်။

ဦးမောင်ဖြူဆိုသည်မှာ အမည်လွှဲ ရေးသားထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအပေါ် လက်ရှိ လူထု၏ တုံ့ပြန်မှု အခြေအနေများအရ ယင်းသို့ ပြောင်းလဲထားခြင်းဖြစ်ပါသည်။

အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ်

ဦးမောင်ဖြူ ထိတ်လန့်ရသည့် အကြောင်းကလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည်။ သူ သုံးရက်ကြာ ထမင်းချိုင့်သွားပို့နေခဲ့သည့် သူမှာ ယမန်နေ့က ကူးစက်ခံရပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် ရောဂါပိုးရှိ သူနှင့် ထိတွေ့ဆက်နွှယ်သူ ဖြစ်နေသည်။

ယင်းညက သူအိမ်တွင်ရှိနေစဉ် ပရဟိတ အသင်းတာဝန်ရှိသူတစ် ယောက်က သူ့ဆီဖုန်းဆက်ပြောဆိုလာ သည်။ ပြောဆိုလာသည့်အကြောင်းက သူ့အတွက် သတင်းကောင်းတော့ မဟုတ်ပေ။

ကနဦးဓာတ်ခွဲစစ်ဆေးချက်အရ ထမင်းချိုင့်သွားပို့နေသူထံတွင် ကိုဗစ် ရောဂါရှိနေသည့်အတွက် နောက်တစ်နေ့ မနက်ပိုင်းတွင် ဆေးရုံသို့သွားရန် ကားဖြင့်လာခေါ်မည့်အကြောင်း ပြောဆိုလာခြင်းဖြစ်သည်။ ထိုသတင်းကြား ရပြီးကတည်းက ကြောက်စိတ်၊ စိုးရိမ် စိတ်တွေကြောင့် အိပ်မပျော်တော့ပေ။

မိုးလင်းလာတော့ ဆေးရုံလိုက် သွားရန် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ် သည်။ သို့သော် အချိန်နာရီပေါင်းများစွာသာ ကုန်သွားခဲ့ပြီး တာဝန်ရှိဌာနမှ ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ လာရောက် မေးမြန်းခြင်း လုံးဝမရှိခဲ့ပေ။

ညနေပိုင်းတွင်မူ အုပ်ချုပ်ရေး တာဝန်ရှိသူ၊ ပရဟိတအသင်းတာဝန် ရှိသူနှင့် သူငယ်ချင်းအချို့၏ အဆက်အသွယ်ဖြင့် စောင့်ကြည့်စခန်းတွင် မိမိ အစီအစဉ်ဖြင့် သွားနေရန် ဆုံးဖြတ်လိုက်တော့သည်။ သူ့နေအိမ်တွင် မိသားစုဝင်များခြင်းနှင့် ကလေးသူငယ်များရှိနေခြင်း တို့ကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နေဝင်ချိန်သာ နီးကပ်လာသည်။ သို့သော် စောင့်ကြည့်စခန်းသို့ ပို့ပေးမည့်သူ တစ်ဦးတစ်ယောက်မှ ပေါ်မလာသေး။

“တစ်နေ့လုံး အိမ်မှာပဲ ထိုင်စောင့် နေတာ။ အခုတော့ ကိုယ့်ဟာကိုယ် ဆိုင်ကယ်နဲ့လာတာ” ဟု ဦးမောင်ဖြူက ပြောသည်။

နောက်ဆုံး စောင့်ကြည့်စခန်းသို့ ရောက်သွားသော်လည်း ယောင်လည် လည်ပင်ဖြစ်နေသည်။

ကိုဗစ်စစ်ရန် နမူနာယူ/ မယူ လည်း သူမသိသေး။

ဦးမောင်ဖြူနှင့် ထိတွေ့မှုရှိသည် ဆိုသည့် အမျိုးသားမှာ နေမကောင်းဖြစ်သည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးစစ်မှုခံယူခဲ့သည်။

၎င်း၏ နမူနာကို ထားဝယ်ဆေးရုံကြီးတွင် စစ်ဆေးရာ ကိုဗစ်ရောဂါ ရှိနေသည်ဟု အဖြေထွက်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူ ထံမှ တစ်ဆင့်သိရသည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

အဆိုပါလူနာနှင့်ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးချက် အတည်ပြုချက် ရယူနိုင်ရန် မော်လမြိုင်ရှိ ဓာတ်ခွဲခန်းသို့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ပို့ထားသည်ဟု တိုင်းကျန်းမာရေးဌာန၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါအမျိုးသား၏ မိသားစုဝင်ငါးဦးနှင့် အခြားဆက်စပ် သူတစ်ဦးကို ထားဝယ်ဆေးရုံတွင် ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်ရောဂါမတွေ့ရကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ငါးနာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ရောဂါရှိနေသည်ဟုဆိုသူနှင့် ထိတွေခဲ့သည့်အတွက် မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိဘဲထိုင်စောင့် နေရသည်က ဦးမောင်ဖြူတစ်ဦးတည်းတော့ မဟုတ်သေးပေ။

အထက်ပါ အမျိုးသား၏ မိသားစုဝင်များထဲမှ တစ်ဦးမှာ တိုင်းအစိုးရ အဖွဲ့ရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်နေသည့်အတွက် အစိုးရအဖွဲ့ရုံး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအချို့ကလည်း စိုးရိမ်နေကြသည်။

သို့သော် သူတို့လည်း ဦးမောင်ဖြူ ကဲ့သို့ပင် တိကျရေရာသည့် သတင်း အချက်အလက်ရရှိခြင်းမရှိပေ။ ၎င်းတို့အနေဖြင့် စောင့်ကြည့်စခန်းတွင် သွားနေဖို့အရေးကလည်း မရေရာ။

သက်ဆိုင်ရာဌာနက စက်တင်ဘာ လ ၁၂ ရက်နေ့ ညနေတွင် ထုတ်ပြန်သည့် ကိုဗစ်ရောဂါမရှိကြောင်း အဖြေထွက်သည့် အချိန်မှသာ သက်ပြင်းချ နိုင်သည်ဟု မှတ်ချက်ပြုကြသည်။

ထို့အပြင် ဦးမောင်ဖြူ နေ့စဉ် နီးပါးသွားလာလေ့ရှိသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း စိုးရိမ်နေပြီ။

သို့သော် ဦးမောင်ဖြူတွင် ကိုဗစ် ရောဂါရှိ/ မရှိကို မည်သည့်အချိန်တွင် စစ်ဆေးမည်၊ မည်ကဲ့သို့ ဆက်လုပ်မည်ကို မသိရသည့်အတွက် သူတို့လည်း တွေဝေနေရသည်။

UDP ပါတီ ၁၃ နှစ်ပြည့်မြောက်အခမ်းအနား မြစ်အတွင်းကျင်းပ

ထိုကဲ့သို့ ဆုံးဖြတ်ချက်ချရမည့် အချိန်အထိ မည်သည့်သတင်းအချက်အလက်မှ မရသော်လည်း လက်ဖက်ရည် ဆိုင်ပိုင်ရှင်၏ ကိုယ်တိုင်အသိစိတ်ဓာတ်ဖြင့် ဆိုင်ပိတ်ထားရန် ဆုံးဖြတ် လိုက်ရသည်။

ဆိုင်ပိတ်ပြီး နေအိမ်တွင် သီးခြား နေထိုင်သော်လည်း ဘာဆက်လုပ်ရ မှန်းတော့ မသိကြပေ။

ထိုသို့သော အခြေအနေမျိုးတွင် မိသားစုအားလုံးက ကြောက်လန့်နေကြပြီး မည်ကဲ့သို့ ဆက်လုပ်ရမည်ကို ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေရသည် ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး က ရင်ဖွင့်သည်။

ထို့အပြင် လက်ရှိအချိန်ကလည်း ကိုဗစ်ကပ်ဘေးကြောင့် လူတန်းစား အလွှာစုံက စီးပွားရေးကျပ်တည်းနေပြီ ဖြစ်သည်။

“အခုလိုမျိုးဆိုရင် မျောက် သစ်ကိုင်းလွတ်သလိုပဲ။ ဆိုင်ပဲ ပြန်ဖွင့်ရ မလားပေါ့” ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

Dawei Watch