ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

0
558

လောင်းလုံးမြို့နယ်၊ ကျောင်တွင်း ကျေးရွာရှိ ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ဘဲ အများပြည်သူပိုင် နေရာတစ်ခုသာဖြစ်ကြောင်း ကမ်းခြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကမ်းခြေသဲသောင်ပြင်တွင် ရောင်းချနေသည့် စားသောက်ဆိုင်ပိုင်ရှင်အများစုမှာ ကမ်းခြေမြေနေရာသည် အများပြည်သူပိုင်နေရာဟု မသိကြဘဲ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်ဟုသာ ထင်မြင်ယူဆနေကြသည်။

ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

ယင်းသို့ထင်မြင်ရသည့်အကြောင်းမှာ ပြီးခဲ့သည့်နှစ်က ကုမ္ပဏီတစ်ခုက ဖိုးဖိုးကျောက်ကမ်းခြေကို ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုကာ ပင်လယ်ကမ်းခြေရေစပ် အထိ မှတ်တိုင်လာစိုက်ခဲ့ဖူးကြောင်း ယင်းကမ်းခြေတွင် ရောင်းချနေသော စားသောက်ပိုင်ရှင်အချို့က ဖွင့်ပြောကြ သည်။ ထို့အပြင် ကမ်းခြေတွင် စားသောက်ဆိုင်များကို ရောင်းချခွင့်ပေးတော့မည် မဟုတ်ကြောင်းလည်း ကုမ္ပဏီဝန်ထမ်းဟုဆိုသူတို့က ပြောဆိုမှုများရှိကြောင်းလည်း ၎င်းတို့က ပြောသည်။

ယခုနှစ် သြဂုတ်လ ဒုတိယအပတ်ကလည်း ၎င်းကုမ္ပဏီကပင် အလားတူ မှတ်တိုင်များ လာရောက်စိုက်ထူခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မှတ်တိုင်များကို စာသောင်ဆိုင်ကျောဘက်ကပ်လျက်တွင် လာရောက်စိုက်ထူထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ မှတ်တိုင်လာရောက်စိုက်ထူလိုက်သည်နှင့်အတူ လာမည့် နွေရာသီတွင် ကမ်းခြေ၌ ဈေးရောင်းခွင့် မရတော့မည်ကို စားသောက်ဆိုင်ပိုင်ရှင်အချို့ စိုးရိမ်မှုများဝင်လာခဲ့သည်။

“ကျွန်တော်တို့ ဒေသခံတွေက တွေးပြီးတော့ ကြောက်နေရတာပေါ့။ နွေကျရင် ရောင်းချဖို့တောင် ကျွန်တော်တို့ ဘာမှ မပြင်ဆင်ရသေးဘူး။ ကျွန်တော်တို့ သူတို့က လာလာပြီး လှန့်နေကြတာ ဆိုတော့” ဟု ယင်းကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်ထားသူ ဦးလှစိုးက သြဂုတ်လ ၁၇ ရက်က ပြောသည်။

ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည်

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးကမူ သဲသောင်ပြင်နှင့် ကပ်လျက် ကမ်းခြေအနေရာအချို့ကို မြေယာလုပ်ကိုင်ခွင့်လက်မှတ်(ပုံစံ ၇) ထုတ်ပေးထားသော်လည်း လက်ရှိ စားသောက်ဆိုင်ဖွင့်ထားသော နေရာများသည် အများပြည်သူပိုင် နေရာသာဖြစ်ကြောင်း ပြောဆိုသည်။

“ဘယ်ကုမ္ပဏီကမှ တားပိုင်ခွင့် မရှိဘူး။‌ သောင်ပြင်တွေ၊ ကမ်းခြေတွေက ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရှိဘူး။ အဲဒါအများပြည်သူပိုင် ဧရိယာပဲ” ဟု ဦးအောင်စိုးမိုး က ဆိုသည်။

နွေရာသီတွင် အဆိုပါကမ်းခြေရှိ စားသောက်ဆိုင်တန်းများကို စနစ်တကျ နေရာချထားပေးရန်လည်း စီစဉ်နေကြောင်း ၎င်းက ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေတွင် နွေရာသီဆိုပါက ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင် ၂၀ ခန့်ရှိပြီး လက်ရှိတွင် ခြောက်ဆိုင်မှာ ဖွင့်လှစ် ရောင်းချလျက်ရှိသည်။

ကျော်သူစိုး