ကိုဗစ်ကြားက ခရီးသည်

0
433

နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။


တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။


တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို ထွေးပွေ့ထားသည့် အမျိုးသမီးများ အပါအဝင် အသက် ၇၀ ကျော်အရွယ်အထိ အသက်အရွယ်အမျိုးမျိုး ပါဝင်သည်။


ကိုဗစ်ကပ်ဘေးကြောင့် တိုင်းကျော်ပြေးဆွဲသည့် ခရီးသည်တင်ကားများ ပိတ်ထားရာမှ ဇွန်လ ၃ ရက်နေ့မှစတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။


ထိုသို့ပြေးဆွဲခွင့်ပြုလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းသို့ ခရီးသည်များ အများအပြား ဝင်ရောက်လာသည်။


သို့ရာတွင် တနင်္သာရီတိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားသည်။


ယင်းသို့ထုတ်ပြန်ထားသဖြင့် မလွှဲတောင်ဂိတ်ကို ဖြတ်မည့်ကားများက ည ၁၂ နာရီကျော်ချိန်တွင် ဖြတ်သန်းခွင့်မရတော့ဘဲ စစ်ဆေးရေးဂိတ် အနီးတစ်ဝိုက်တွင် ညအိပ်စောင့်နေရသည်။


မလွှဲတောင်စစ်ဆေးရေးဂိတ် တာဝန်ကျရဲတပ်ဖွဲ့ဝင်များကလည်း ညမထွက်ရအမိန့် စတင်သည့် ည ၁၂ နာရီတိတိခန့် တွင် လမ်းကိုကန့်လန့်ဖြတ် တားဆီးသည့် မောင်းတံချလိုက်ပြီး လမ်းအလယ်တွင် ဘယ်ရီဂိတ်များ ချထားလိုက်သည်။


ထိုသို့ ဖြတ်သန်းခွင့်ကန့်သတ်ချိန်မှစပြီး ကားပေါ်ပါခရီးသည်များက စက်ရပ်ထားသည့်ကားပေါ်တွင်ပင် အိပ်စက်ကာ ဂိတ်ဖွင့်မည့်အချိန်အထိ စောင့်ဆိုင်းကြရသည်။


တနင်္သာရီအပတ်စဉ်က ဇွန်လ ၇ ရက်နေ့က မလွှဲတောင်ဂိတ်တွင် ညအိပ်ကာ အခြေအနေများကို လေ့လာခဲ့သည်။ ယင်း နေ့ နံနက် ၃ နာရီခန့်တွင် ညအိပ်စောင့်ဆိုင်းနေသည့် ခရီးသည်တင်မှန်လုံကား၊ အိမ်စီးကား၊ ခရီးသည်တင်ကားငယ်များနှင့် ကုန်တင်ကား စုစုပေါင်း ၄၂ စီးရှိသည်။


နံနက် ၄ နာရီထိုးခါနီးအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသည့် မလွှဲတောင်ဂိတ်တစ်ဝိုက် စပြီးအသက်ဝင်လှုပ်ရှားစ ပြုလာသည်။ နံနက် ၄ နာရီတွင် မှတ်ပုံတင်နှင့် ကျန်းမာရေးစစ်ဆေးခံရန် ကားပေါ်မှဆင်းပြီး တန်းစီစောင့်ဆိုင်းနေရကြခြင်း ဖြစ်သည်။


မှတ်ပုံတင်စစ်ဆေးသည့်နေရာတွင် တန်းစီအစစ်ခံပြီးနောက် ကျန်းမာရေးစစ်ဆေးခံသည့် နေရာတွင်မူ တစ်ဦးနှင့်တစ်ဦး အသားချင်းထိလုမတတ်ပင်။


ကျန်းမာရေးဌာန၏တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေခြားပြီးနေထိုင်ရန် အကြံပြုချက်က ယင်းနေရာတွင် အကျုံးမဝင်သယောင်။ တန်းစီနေကြသူ တစ်ဦးနှင့် တစ်ဦးမှာ တစ်ပေပင် မခြားနိုင်။
ကျန်းမာရေးစစ်ဆေးရန် ကျန်းမာရေးဝန်ထမ်း ၃ ဦးတာဝန်ချထားသည့် အဆောက်အအုံကလည်း အကျယ်အဝန်းအားဖြင့် ၁၅ ပေဝန်းကျင်သာရှိသည်။


ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကမူ ခရီးသည်များ ကျန်းမာရေးစစ်ဆေးခံရန် တန်းစီချိန်တွင် အနည်းဆုံး ၃ ပေခွာနေကြရန် ပြောဆိုနေရသည်ဟု ဆိုသည်။


“ဒါပေမယ့် လူဆိုတဲ့သဘော သဘာဝကတော့ အလျင်လိုကြတာကိုး။ သွားဖို့အလျင်ဆိုတယ်ဆိုတော့ တိုးဝှေ့ ပြီးတော့ပဲ တန်းစီကြပါတယ် ခင်ဗျား” ဟု ဦးအောင်နိုင်က ပြောသည်။


ယင်းသို့ စစ်ဆေးရန် ထွေအုပ်ဝန်ထမ်း ၂ ဦး ၊ ကျန်းမာရေးဝန်ထမ်း ၅ ဦးနှင့် ပရဟိလူနာတင်ယာဉ်အသင်းမှ စေတနာ့ဝန်ထမ်းများက အလှည့်ကျတာဝန်ယူ စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။


ကျန်းမာရေးဝန်ထမ်း ၃ ဦးအနက် ၁ ဦးက ခရီးသည်များ၏ အမည်၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များ မှတ်သားနေပြီး ကျန်သူများက ကိုယ်အပူချိန်လည်း တိုင်းတာသည်ကို တွေ့ရသည်။


ဂိတ်ဖွင့်ခါနီးတွင် ရန်ကုန်ဘက်မှ လာသည့်ခရီးသည်တင် ကား ၃၀ ခန့်သာ ရှိသော်လည်း ဂိတ်ဖွင့်ပြီး ၁ နာရီခန့်ကြာတွင်မူ ကားအစီးရေ များသထက်များလာသည်။


အမျိုးမျိုးသော ခရီးသည်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည် ဦးရေတစ်ထောင်ကျော်ကို ကျန်းမာရေးဝန်ထမ်း ၃ ဦးဖြင့် ကျန်းမာရေးစစ်ဆေး နေရသည်က မသက်သာလှ။


ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူးကမူ ကျန်းမာရေးစစ်ဆေးခံရန် တစ်ကြိမ်လျှင် ကား ၅ စီးနှုန်းသာ တန်းစီစေသည်ဟု ဆိုသည်။


ဥပမာအားဖြင့် ကားတစ်စီးလျှင် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ ၄၀ ဆိုပါက လက်ရှိထုတ်ပြန်ချက်အရ ခရီးသည် ၂၀ ဦးသာ တင်ဆောင်နိုင်သည်။ ထိုကြောင့် တစ်ကြိမ်လျှင် ခရီးသည်တင် ကား ၅ စီးနှုန်း အလှည့်ကျတန်းစီပါက တစ်ကြိမ်လျှင် ၁၀ဝ ဦးစီ တန်းစီစောင့်ဆိုင်းရသည့် သဘောဖြစ်သည်။


ထိုကြောင့် ကျန်းမာရေးစစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့ နေရသည်ဟု ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဆိုသည်။


“ကျန်းမာရေးဝန်ထမ်းကို ထပ်ပြီး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ ဒီမှာ ခရီးသည်တွေ ကြန့်ကြာမှုမရှိဘဲနဲ့ အဆင်ပြေပြေ သွားလာနိုင်မယ်” ဟု ဦးအောင်နိုင်က ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးခံရသည့်အချိန် လမ်းတစ်လျှောက်တွင် အမိုးအကာမရှိ သည့်အတွက် ခရီးသည်များအဖို့ မသက်သာလှပေ။


မိုးမရွာသည့်အချိန်တွင် ထိုသို့တန်းစီ စောင့်ဆိုင်းရသည်က သိပ်အခက်အခဲ မရှိလှ။ မိုးရွာသွန်းချိန်တွင်မူ မိုးခိုရန်နီးစပ်ရာ အဆောက်အအုံများအတွင်းသို့ ပြေးဝင်ကြရသည်။


သို့သော် အဆောက်အအုံကလည်း မများလှပေ။ ရှိသည့်အဆောက်အအုံကလည်း ဂိတ်တာဝန်ကျဝန်ထမ်းတွေ နေထိုင်နေသည့်အတွက် အဆောက်အအုံအစွန်အဖျားလေးမှာပင် မိုးမစိုအောင် ခိုအောင်းနေရသည်။


ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ အမှတ်တံဆိပ်ပါ ၅ ပေခန့်အကျယ်ရှိသည့် ထီးအရိပ်အောက်တွင်လည်း ခရီးသည် ၁၀ ဦးအထိမိုးခိုပြီး ကျန်းမာရေးစစ်ဆေးခံရန် စောင့်ဆိုင်းကြရသည်။


ယင်းကဲ့သို့ စစ်ဆေးသည့်နေရာတွင် ခရီးသွားများ မိုးလုံစေမည့်အမိုးအကာ လုပ်ပေးပါက ပိုအဆင်ပြေမည်ဖြစ်ကြောင်း ခရီးသည်အမျိုးသားတစ်ဦးက ဆိုသည်။


“အမိုးအကာလေးနဲ့ဆို ပိုကောင်း တာပေါ့နော်” ဟု ယင်းအမျိုးသားက ပြောသည်။


တိုင်းကျော် ကားများပြန်လည် ပြေးဆွဲခွင့်ပြုရာတွင်လည်း တင်ဆောင်နိုင်သည့်ခရီးသည်ဦးရေ၏ ထက်ဝက်ကိုသာ တင်ဆောင်ပြေးဆွဲရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။


ယင်းစည်းကမ်းချက်ကို ခရီးသည် တင်ကားကြီးအများစုက လိုက်နာကြသော်လည်း ခရီးသည်တင်ကားငယ်အချို့က လိုက်နာခြင်းမရှိသည်ကို တွေ့ရသည်။


မလွှဲတောင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခံရန် အန်စာတုံးကားတစ်စီးပေါ်မှ ခရီးသည် ၁၀ ဦးဆင်းလာသည်ကို တွေ့ရသည်။


ယင်းကဲ့သို့ သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်လာသည့် ကားအချို့ကို စစ်ဆေးအရေးယူနေသည့် အခြေအနေမျိုးလည်း မတွေ့ရပေ။


ကိုဗစ်ကပ်ဘေးအကြား ညမထွက်ရ အမိန့်ရှိနေသမျှ မလွှဲတောင်ထိပ်ညသည် လူတန်းရှည်ကြီး ရှိနေဦးမည်။ အဆင်မပြေမှုများဖြင့် အခြေအနေအရ သည်းခံစောင့်ဆိုင်းနေရသော်လည်း ကန့်ကွက် စေဒကတက်ခြင်းမရှိသော ခရီးသည်များ ရှိနေဦးမည်။

ကိုဇော်