ပုလော မင်းထိန်ရွာတွင် ဆန်ပြတ်လပ်
diz_admin
April 20, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် ဆန်အပါအဝင် စားနပ်ရိက္ခာအချို့ ပြတ်လပ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ မင်းထိန်ကျေးရွာသို့ ပြီးခဲ့သည့် တစ်လကျော်ကတည်းက ဆန်များသယ်ယူခွင့် မပေးတော့ခြင်းကြောင့် လက်ရှိအချိန်တွင် ပြတ်လပ်နေပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။ “ဆန်ကို လုံးဝပေးမသယ်ဘူး။ ဆန်စက်မှာသွားဝယ်လည်း စပါးကကုန်ပြီဆိုတော့ ဆန်ကမရတော့ဘူး။ ဒီမှာထမင်းမစားရတဲ့လူတွေရှိလာတော့ ဝိုင်းမျှဖို့ဖန်ပြီးတော့ စားနေရတယ်”ဟု မင်းထိန်ရွာဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။ မင်းထိန်ကျေးရွာသည် ပုလောမြို့အနီးတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့်အတွက် ရွာသားများ ထွက်ပြေးရခြင်းမရှိဘဲ ပုံမှန်နေထိုင်နေကြသည့် ကျေးရွာဖြစ်သည်။ သို့သော် ယင်းရွာအနီးရှိ ပဝတ်ကုန်း၊ သင်္ကန်းတော၊ကဒဲ စသည့်ကျေးရွာများတွင်မူ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ကြာပြီဖြစ်ပြီး မင်းထိန်တစ်ရွာတည်းသာ ဒေသခံများ နေထိုင်နေကြခြင်းဖြစ်သည်။ “ပုလောမြို့၊ မကျည်းကုန်းဂိတ်မှာစစ်တယ်။ ဆန်ကိုလုံးဝမပေးသယ်ဘူး။ မာမား(ခေါက်ဆွဲခြောက်)လည်း ပါကင်လိုက်ဆို ပေးမသယ်ဘူး။ ယူထားရစ်တယ်။ စားဆီလည်း တစ်ဘူးပဲသယ်လို့ရတယ်။ […]


