မြိတ် မဇောရွာလမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးသေဆုံး
diz_admin
January 25, 2023မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြည်ထောင်စုလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးရွာ၊ မရင်းငယ်လမ်းဆုံတွင် ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က လူနှစ်ဦး ဆိုင်ကယ်စီးလာစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ တစ်ဦးတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်။နောက်တစ်ဦးကတော့ လမ်းမှာသေတယ်။ ပေါက်ကွဲတဲ့ဗုံးက သူတို့နဲ့အတူ ပါလာပုံရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ ကရင်တိုင်းရင်းသားဟု ထင်ရပြီး မဇောကျေးရွာအုပ်စုအတွင်းနေထိုင်သည့် ဒေသခံမဟုတ်ကြောင်း ရွာသားများကဆိုသည်။ “ဆိုင်ကယ်လဲကျပြီး ဗုံးပေါက်တတ်တယ်လို့ ပြောနေကြတယ်။ သေတဲ့နှစ်ဦးက ဘယ်ရွာကလဲဆိုတာ မသိရသေးဘူး”ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch မှဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ မဇောကျေးရွာအုပ်စုသည် မြိတ်မြို့နှင့် ၂၂ မိုင်ခန့်ဝေးပြီး ကျေးရွာဆယ်ရွာခန့်ဖြင့် ဖွဲ့စည်းထားသည့်ရွာကြီးတစ်ရွာဖြစ်သည်။ […]


