တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
January 17, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကယ်လီဖိုးနီးယား တောမီး နေရာအချို့ ထိန်းချုပ်လာနိုင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက နေရာ ၂ နေရာကို မီးသတ်သမားတွေ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ဇန်နဝါရီလ ၁၆ရက်နေ့က ဆိုပါတယ်။ လေကလည်း အနည်းငယ် ငြိမ်သက်လာနေလို့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုတာပါ။ ဒါကြောင့် Los Angeles မြို့က အန္တရာယ် အများဆုံးနေရာလို့ သတ်မှတ်ထားတဲ့ နေရာတွေကိုသတိပေးချက်တွေ ရုတ်သိမ်းလိုက်ပါတယ်။ ပြည်နယ်ထဲက အဓိကအဆိုးဆုံးဖြစ်တဲ့ Palisades မှာလောင်နေတဲ့တောမီးကို ၂၇ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီး ဒုတိယ အဆိုးဆုံးဖြစ်တဲ့ Eaton မီးကိုတော့ ၅၅ ရာခိုင်နှုန်းလောက်ထိန်းချုပ်နိုင်ပြီလို့ ကယ်လီဖိုးနီးယားမီးသတ်က ထုတ်ပြန်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က အချိန်တစ်ပတ်ကျော်ကြာ လောင်ခဲ့တဲ့ တောမီးကြောင့် လူပေါင်း၂၇ ဦးအထိ သေဆုံးခဲ့သလို အဆောက်အဦးပေါင်း ၁၂၀၀၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ Ref: NBC News ……………………………….. ၂၀၂၄ ခုနှစ်က ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်မြင့်တက်လာခဲ့ပြီး စိုးရိမ်အမှတ်အပူချိန်အထိရောက်ရှိခဲ့တယ်လို့ မိုးလေဝသ စောင့်ကြည့်ရေး အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၂၀၂၃ ခုနှစ်က အပူချိန်ထက် ပိုများခဲ့တာပါ။ ၁၈၅၀ ခုနှစ်နောက်ပိုင်း စက်မှုခေတ်မတိုင်မီက အပူချိန်ရဲ့အထက် ၁ ဒသမ ၅ စင်တီဂရိတ်ကို မကျော်လွန်ဖို့ ကန့်သတ်ချက်ကိုတောင် ကျော်လွန်သွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အပူချိန်သာ ဒီလိုရေရှည်မြင့်တက်နေရင် လူသေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ မျိုးစိတ်တွေ ဆုံးရှုံးပျောက်ကွယ်တာတွေ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အပူချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့တာက မှတ်တမ်းတင်ထားသမျှ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ Ref: The Guardian ……………………………….. ကယ်စီနိုဥပဒေမူကြမ်း ထိုင်းအစိုးရအဖွဲ့ အတည်ပြု ထိုင်းနိုင်ငံမှာ တရားဝင်လောင်းကစား လုပ်ငန်းလုပ်ပိုင်ခွင့်ပေးမယ့် ကယ်စီနို ဥပဒေမူကြမ်းကိုဇန်နဝါရီ ၁၃ ရက်နေ့မှာ အစိုးရဖွဲ့က အတည်ပြုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ခရီးသွားလာရေးကဏ္ဍအတွက် ဆွဲဆောင်တဲ့အနေနဲ့ရော အလုပ်အကိုင်အခွင့်အလမ်းကိုပါ ပိုတိုးလာစေဖို့ ရည်ရွယ်ထားတာပါ။ ဥပဒေမူကြမ်းထဲမှာ ခရီးသွားတွေအလာများတဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရေကစားဥယျာဥ်တွေလို နေရာတွေမှာ ကာစီနိုဖွင့်ခွင့်ပေးထားပါတယ်။ ဥပဒေအသက်ဝင်လာရင် ခရီးသွားအရေအတွက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး အလုပ် အကိုင် ၂၀၀၀၀ လောက် တိုးလာမှာဖြစ်တယ်လို့ အစိုးရအဖွဲ့က ခန့်မှန်းထားပါတယ်။ Ref: The Nation ……………………………….. ယူကရိန်းစစ်မှာ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက်သေဆုံးလို့ဆို ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့် သေဆုံးနေတယ်လို့ တောင်ကိုးရီးယားဘက်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။ နောက်ထပ် မြောက်ကိုရီးယားစစ်သား ၂၇၀၀ လောက် ဒဏ်ရာရရှိထားတယ်လို့ ဆိုထားတာပါ။ ထိုအချက်အလက်တွေက ယူကရိန်းတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းတာတွေ ထောက်လှမ်းတာတွေအရသိရှိရတယ်လို့ ဆိုပါတယ်။ ရုရှားက ကာရှ်တိုက်ပွဲမှာလည်း မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ယူကရိန်းက ဖမ်းဆီးရမိထားပါတယ်။ ဒီမြောက်ကိုးရီးယားစစ်သားတွေနဲ့ ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သားတွေကို အပြန်အလှန်လဲလှယ်လိုတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။ Ref: Aljazeera ……………………………….. စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ထိန်းသိမ်းခံရ တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆုတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။ ဒီဖြစ်ရပ်က တောင်ကိုရီးယားသမိုင်းမှာ ပထမဆုံးအကြိမ် သက်တမ်းကျန်ရှိနေသေးတဲ့ သမ္မတတစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ […]


