ထားဝယ်ပင်မသပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး အနည်းဆုံး သုံးဦး အဖမ်းခံရ
diz_admin
May 17, 2021စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး အနည်းဆုံး လူသုံးဦးခန့် အဖမ်းခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ဆန္ဒပြစစ်ကြောင်း စထွက်ပြီးချိန်တွင် ရဲနှင့် စစ်တပ်က ကားနှစ်စီးဖြင့်ရောက်လာပြီး သေနတ်ပစ် ဖြိုခွင်းခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသူအချို့က ပြောသည်။ ထိုသို့ပစ်ခတ်ဖမ်းဆီးရာ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အနည်းဆုံး သုံးဦးအဖမ်းခံထားရကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသူ လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။ “ကားက အရှိန်ပြင်းပြင်းနဲ့ ရောက်လာပြီး စစ်ကြောင်းကို လာပစ်တယ်”ဟု အထက်ပါ လူငယ်က ပြောသည်။ လက်ရှိတွင် ပုံကျွန်းရပ်ကွက်ရှိ နေရာအချို့တွင် ရဲနှင့် စစ်သားများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။


