ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အစိုးရလွတ်ငြိမ်းတွင် ထားဝယ်ထောင်က ၁ ဦး၊ မြိတ်ထောင်က ၁၃ ဦးလွတ်

April 30, 2026

ဓာတ်ပုံ - Dawei Watch

အသွင်ပြောင်းစစ်အစိုးရက လွတ်ငြိမ်းဖြင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ရာတွင် ထားဝယ်နှင့် မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၄ ဦး လွတ်မြောက်လာကြောင်း အကျဉ်းသားမိသားစုဝင်အချို့ထံမှ သိရသည်။

ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့) လွတ်ငြိမ်းတွင် မြိတ်အကျဉ်းထောင်က လွတ်ရက်နီးသည့် အကျဉ်းသား ၁၃ ဦးနှင့် ထားဝယ်ထောင်က အသက်ကြီးပိုင်းအကျဉ်းသား ၁ ဦး ပြန်လွတ်လာကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်အကျဉ်းထောင်က ပြန်လွတ်လာသူ ၁၃ ဦးမှာ လွတ်ရက်ပြည့်ခါနီးသည့် အမျိုးသားဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်းမရှိကြောင်း အကျဉ်းသားမိသားစုဝင်တစ်ဦးက ဆိုသည်။

“အပြင်ဘုတ်မှာ ကျနေတဲ့ လွတ်ခါနီးသူတွေပဲ ပါတယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်အကျဥ်းထောင်တွင်လည်း သက်ကြီးပိုင်းအမျိုးသားတစ်ဦးသာ ပြန်လွတ်လာကြောင်း ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့သည့် အကျဥ်းသားမိသားစုဝင်များထံမှ သိရသည်။

ပြန်လွတ်လာသူက နိုင်ငံရေးအကျဥ်းသား ဟုတ်၊ မဟုတ်ကို မသိရသေးပေ။

ကော့သောင်းထောင်နှင့် အလုပ်စခန်း(ရဲဘက်စခန်း)များမှ ပြန်လွတ်လာသည့် အကျဉ်းသား ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့တွင် စစ်အစိုးရက အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးနှင့် အကျဉ်းကျနေသည့် နိုင်ငံခြားသား ၁၁ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသည်။

“နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

နှစ်ဆန်းတစ်ရက်နေ့နှင့် ယနေ့ လွတ်ငြိမ်းဖြင့် အကျဉ်းသားများ ပြန်လွှတ်ပေးရာ၌ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုနည်းပါးသည့်အပေါ် ပြည်တွင်းပြည်ပက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။