မုတ်သုံကာလကို ရောက်ရှိလာချိန် သရက်ချောင်းနှင့် ပုလောမြို့နယ်က စစ်ဘေးရှောင်အချို့မှာ နေထိုင်ရေး အခက်ကြုံနေကြောင်း စစ်ဘေးရှောင်အချို့က ပြောသည်။
အဖွဲ့အချို့က လာရောက်လှူဒါန်းကြသော်လည်း အကူအညီရရှိမှုမှာ နည်းပါးနေကြောင်း ၎င်းတို့က ဆိုသည်။
နှစ်ဖက်တိုက်ပွဲနှင့် စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုတို့ ကြောင့် ဒေသခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာကျေးရွာများတွင် နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
သရက်ချောင်းမြို့နယ် ဝင်းစခန်းသိမ်းတိုက်ပွဲကာလတွင် နေအိမ်မီးရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေရကြောင်း စစ်ဘေးရှောင်အချို့က ဆိုသည်။
သရက်ချောင်းမြို့နယ်တွင် မင်းဒပ်၊ ဂုံညှင်းဆိပ်၊ စော်ဖျား၊ မိုးရွှေကုန်းရွာများက ဒေသခံများ စစ်ဘေးရှောင်များမှာ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရပြီး ဝင်းဝ၊ ချောင်းဝပြင်ရွာက ဒေသခံအချို့လည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
လနှင့်ချီကြာ နေထိုင်ပြီးနောက် လက်ခံနေထိုင်ခွင့်ပြုထားသည့် အိမ်ရှင်များတွင်လည်း အခက်အခဲကြုံရသဖြင့် အိမ် ရှာဖွေ ငှားရမ်းရကြောင်း ၎င်းတို့က ပြောဆိုသည်။
ယင်းသို့ အိမ်ငှားရမ်းနေထိုင်ရန် ငွေကြေးမတတ်နိုင်သူများမှာ အခက်ကြုံနေကြကြောင်း စစ်ဘေးရှောင်အချို့က ဆိုသည်။
“တတ်နိုင်တဲ့သူတွေကတော့ အိမ်လိုက်ငှားပြီးနေကြတယ်။ မတတ်နိုင်တဲ့သူတွေကျတော့လည်း သူများခြံထဲမှာ တောင်းနေ ကြတယ်။ တဲထိုးဖို့ သစ်၊ ဝါး၊ ဖက် (အမိုး) တွေ လိုတယ်လေ။ တဲတစ်ဆောက်ဆောက်ဖို့က လေးငါးခြောက်သိန်း မရှိရင် မရဘူး။ မတတ်နိုင်တဲ့သူတွေအတွက်ကျ အဲဒီငွေပမာဏတောင် မတတ်နိုင်တာတွေရှိတယ်” ဟု ဝင်းဝစခန်းအနီးရှိ ကျေးရွာ တစ်ရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်အရေး ကူညီသူများက စစ်ဘေးရှောင်များကို ဆန်၊ ဆီ၊ ဆား၊ အခြေခံစားသောက်ကုန်ထောက်ပံ့မှု နှစ်ကြိမ်၊ လူတစ်ဦးကို ငွေကျပ် သုံးသောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးမှု တစ်ကြိမ်ရှိကြောင်း ၎င်းက ပြောဆိုသည်။
“စစ်ဘေးရှောင်တွေက ဟိုတစ်စုသည်တစ်စု ပြန့်ကြဲနေတယ်။ စာရင်းကောက်ပေးသူတွေကလည်း လူများများရှိတဲ့နေရာက စစ်ဘေးရှောင်စာရင်းပဲ ကောက်သွားလားမသိဘူး။ သူများအိမ်မှာနေတဲ့သူတွေဆို ဦးစားပေးစာရင်းမှာ မပါဘူး။ တချို့ ချို့တဲ့တဲ့သူတွေဆို ရပ်တည်ရေးအတွက်တော်တော်အခက်အခဲဖြစ်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
စစ်ဘေးရှောင်များမှာ အလုပ် မရှိကြသလို ငွေကြေးပို့ပေးနိုင်မည့် ပြည်ပရောက် မိသားစုဝင်များလည်း မရှိသူများဆိုလျှင် တဲဆောက်ရန်ပင် အခက်အခဲများစွာရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
“လချီကြာလာပြီဆိုတော့ တချို့အိမ်ရှင်တွေလည်း ငြိုငြင်လာပြီ။ နေရာသစ်ရှာခိုင်းတာတွေရှိတယ်။ အစ်မတို့လည်း သူများခြံထဲမှာ အခုတဲဆောက်ပြီးနေတယ်”ဟု ပုလောမြို့နယ် ကျောက်လုံးကြီးရွာတွင် စစ်ဘေးရှောင်နေရသည့် ဆင်ထိုးကြီးရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်လုံးကြီးရွာမှာလည်း စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်မည်ဆိုသဖြင့် စာသင်ကျောင်းတွင် နေထိုင်နေရသည့် အိမ်ထောင်စု ဆယ်စုခန့်မှာ နေရာသစ်ရှာနေရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို ကူညီရေးအဖွဲ့တစ်ခုက မေလ ၂၁ ရက်တွင် ငွေကျပ် လေးသိန်းစီ ထောက်ပံ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုသည်။
“တဲဆောက်တဲ့သူ ဆောက်နေကြတယ်။ (တဲဆောင်သူတွေက) တဲတစ်ဆောင်ကို အပြီးအစီး ဆယ်သိန်းတောင်းတယ်တဲ့။ မတတ်နိုင်တဲ့သူတွေလည်း ဘယ်လိုလုပ်နေကြလဲမသိဘူး” ဟု ၎င်းက ပြောသည်။
ပုလောမြို့နယ်တွင် ဆင်ထိုးကြီးကျေးရွာက ဒေသခံများ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရာကြောင်း ဒေသခံများထံမှ သိရသည်။
FE5 Tanintharyi သုတေသနအဖွဲ့၏ မေလ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်း တိုက်ခိုက်မှု များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် ရှစ်သောင်းသုံးထောင်ကျော်ရှိကြောင်း သိရသည်။
ပုံစာ – သရက်ချောင်းမြို့နယ် အတွင်းမှ စစ်ဘေးရှောင်များ (ပုံဟောင်း)
ဓာတ်ပုံ – Dawei Watch







