ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြောင်းလဲမှု၊ စံတန်ဖိုးနှင့် ကိုယ်ပိုင်အမှတ်အသား

April 25, 2026

ခေတ်အခြေအနေ တွေကြောင့် resilience ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးနေကြပြီး ဖြစ်မယ် မဟုတ်ပါလား။ ဆိုရှယ်မီဒီယာပိုစ့်တွေမှာခပ်စိပ်စိပ်တွေ့မြင်နေကြရတဲ့ “ကြံ့ကြံ့ခံခြင်း၊ ခံနိုင်ရည်ရှိခြင်း“ ဆိုပြီး သင်တန်းတွေ ကြေညာပိုစတာတွေဟာ ဒီကနေ့တော်လှန်ရေးခေတ်အတွက် မစိမ်းတဲ့ စကားလုံး ဖြစ်လို့နေပါပြီ။

ကြံ့ကြံ့ခံနိုင်ခြင်း Resistance၊ ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့သပ္ပာယ ဖြစ်အောင်ပြုပြင်ယူခြင်း Adaptation တို့ကလည်း အရေးပါသလို Identity မပျောက်ပျက်သွားဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ထင်မြင်မိပါတယ်။

Adaptation without losing identity လို့ဆိုရင် ပိုမှန်ကန်သင့်လျော်သလို ပိုလည်းဖြစ်သင့်တယ်လို့ ယူဆမိပါတယ်။ မူရင်းစရိုက်လက္ခဏာတွေကိုမပျောက်ပျက်စေမယ့် ခေတ်ကာလနဲ့လျှော်ညီအောင် ပြုပြင်ယူခြင်းမျိုးလို့ဆိုရမှာြဖစ်ပါတယ်။

“ကိုယ်ပိုင်တံဆိပ်နဲ့ လိုက်လျှောညီထွေပြောင်းလဲခြင်း “လို့ နားလည်ပါတယ်။

လူ့သမိုင်း၊ လူ့အဖွဲ့အစည်း၊ လူမျိုးစုတွေမှာ ယဉ်ကျေးမှုတွေရှိကြတယ်။ လွှမ်းမိုးမှုတွေရှိကြတယ်။

ဆင့်ကဲပြောင်းလဲခြင်းတွေရှိကြတယ်။ ဘယ်နေရာဒေသဖြစ်ဖြစ် အခြေအနေအခွင့်အခါနဲ့ လုပ်ကိုင်နိုင်မှုနဲ့ အတူ လွှမ်းမိုးမှုတွေပြောင်းလဲခြင်းတွေဖြစ်ပေါ်စမြဲပါ။

လူတစ်ဦး၊ အိမ်တစ်အိမ်၊ မိသားစုတစ်စု၊ ပတ်ဝန်းကျင်တစ်ခု၊ လူမျိုးစုတစ်စု၊ ကိုးကွယ်ယုံကြည်မှုတစ်ခု၊ နိုင်ငံတစ်နိုင်ငံ စီတိုင်းမှာ မူပိုင်အမှတ်လက္ခဏာ တွေရှိကြတယ်။ ဘယ်ခေတ်ရောက်ရောက် မူပိုင် အမှတ်လက္ခဏာ ပျောက်ပျက်မသွားစေဘဲ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ရှင်သန်နေကြဖို့ အရေးကြီးပါတယ်။

ကမ္ဘာ့တော်လှန်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဗီယက်နမ် နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းဟာ ထူးခြားခဲ့တဲ့ နာမည်ကြီးတော်လှန်ရေးသမိုင်း တစ်ခုဖြစ်ခဲ့တယ်။

ပြင်သစ်အုပ်ချုပ်မှုကာလ (၁၈၅၈-၁၉၄၅) အတွင်း ဗီယက်နမ်လူမျိုးတွေရဲ့ စားသောက်မှုပုံစံတွေလည်း ပြောင်းလဲလာကြပြီး ကိုလိုနီယဉ်ကျေးမှုရဲ့ ကျူးကျော်ခြင်း၊ လွှမ်းမိုးခြင်း၊ ဖလှယ်ခြင်း၊ ပြောင်းလဲခြင်းတွေ ဖြစ်လာခဲ့ပါတယ်။

သမိုင်းရဲ့သက်ရောက်မှုကိုခံယူထားတဲ့ Banh Mi(ဘန်မီ) နဲ့ ကော်ဖီယဉ်ကျေးမှုကတော့ ဗီယက်နမ်ရဲ့ အစားအသောက်ယဉ်ကျေးမှုမှာ အရေးကြီးတဲ့ အစားအသောက်မီနူး တွေအဖြစ်နာမည်ကြီးလှပါတယ်။

Banh Mi (ဘန်မီ) ဆိုတာ ဟိုတုန်းကတော့ ပြင်သစ်ပေါင်မုန့် (Baguette) ကို ပြင်သစ်လူမျိုးတွေနဲ့ မှူးကြီးမတ်ကြီးစတဲ့အထက်တန်းစား ကိုလိုနီလူ့မလိုင်တွေသာ စားသုံးခဲ့ကြရတဲ့ အစားအစာတစ်ခုဖြစ် ခဲ့တာပါ။ ၂၀ ရာစု အစောပိုင်းမှစပြီး ဗီယက်နမ်လူမျိုးတွေရဲ့ ကိုယ်ပိုင်အစားအသောက်ပုံစံတစ်ခုအဖြစ် ပြောင်းလဲဆန်းသစ်ပြီးစားသုံးလာကြတယ်။ ဒီကနေ့မှာတော့ နာမည်ကြီး Bank Mi (ဘန်မီ) အဖြစ် ဒေသထွက်ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငရုတ်သီး စသဖြင့်ပေါင်းစပ် စားသုံးပြီး ကြွပ်ရွတဲ့ အရသာခံစားမှုအသစ်အဖြစ် ဒေသစာပုံစံပြောင်းလာြပီး ဗီယက်နမ်ရဲ့ နာမည်ကြီး အစားအစာတစ်ခု အဖြစ်ရပ်တည်နေနိုင်ပါြပီ။

ကော်ဖီယဉ်ကျေးမှု ကိုကြည့်လိုက်ရင်လည်း ၁၈၅၇ ခုနှစ် ပြင်သစ်လူမျိုးတွေရဲ့ ရေကြောင်း သယ်ယူပို့ဆောင်တင်သွင်းရောင်းချမှုတွေကနေ ၂၀ ရာစုအစောပိုင်းမှာ စတင်တိုးချဲ့စိုက်ပျိုးတယ်။ အဲဒီနောက် ယနေ့ခေတ် ထိပ်တန်းကော်ဖီထုတ်လုပ်မှုနဲ့အတူ အင်အားကောင်းတဲ့ ဗီယက်နမ် ကော်ဖီယဉ်ကျေးမှုကို တည်ဆောက်နိုင်ခဲ့တယ်။ ဗီယက်နမ်ရဲ့ခေတ်သစ်စီးပွားရေးလို့ ဆိုလိုက်တာနဲ့ကော်ဖီအကြောင်းမပါရင် မပြီးတဲ့အနေအထားအထိရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဗီယက်နမ်ရောက်လို့ ကော်ဖီလေးတစ်ခွက်မှ မသောက်လိုက်ရရင် ခရီးသွားခြင်းဆိုတာ ဘာမှအဓိပ္ပာယ်မရှိ ဖြစ်သွား ပါလိမ့်မယ်။

ဗီယက်နမ်တွေဟာ Robusta coffee အမျိုးအစားကိုစိုက်ပျိုးထုတ်လုပ်တာဖြစ်ပါတယ်။ ဗီယက်နမ် ကော်ဖီဟာ ကဖိန်းပမာဏပိုမြင့်မားပြီး ပိုပြင်းတဲ့ကော်ဖီအရသာရှိပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ရာသီဥတု၊ မြေအနေအထားနဲ့ စျေးကွက်လိုအပ်ချက်တွေအရ ထိုမျိုးရင်းကို စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ပြင်သစ်ကော်ဖီမှာ နွားနို့ကိုသုံးကြပေမယ့် ဗီယက်နမ်တွေကတော့ condensed milk (နို့ဆီ) ကိုပြောင်းလဲ အသုံးပြုကြပါတယ်။ ကော်ဖီကို စစ်ခံသောက်ကြပြီး တဖြည်းဖြည်းချင်းနှပ်ယူတဲ့ ပုံစံနဲ့အတူ အချိန်ယူ သောက်ကြတဲ့ ကော်ဖီယဉ်ကျေးမှုအသစ်တစ်ခုကို ယနေ့တိုင် ဆင့်ကဲလက်ဆင့်ကမ်းရင်း ယဉ်ကျေးမှုပုံစံ အသစ်တစ်ခုဆီကို ပြောင်းလဲခဲ့ကြပါတယ်။

အစားအသောက်ဆိုတာ စားကောင်းရုံ၊ အရသာခံရကောင်းရုံ၊ ဗိုက်ပြည်ရုံ၊ အာဟာရ ရရှိရုံထက်ပိုတဲ့ ယဉ်ကျေးမှုတွေ၊ လူနေမှုအဆင့်အတန်းတွေ၊ လူမှုဘဝတွေ၊ ခံစားမှုတွေ၊ ခံစားချက်တွေ လုပ်ဆောင်မှုတွေ၊ သမိုင်းကြောင်းတွေ ၊အခွင့်အလမ်း တွေနဲ့ တန်ဖိုးတစ်ခုရှိတဲ့ ခေတ်တစ်ခေတ်ရဲ့ မူပိုင်လက္ခဏာ ကိုပါညွှန်းဆို ပြသပါတယ်။

ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကိုဖော်ပြတဲ့ မီဒီယာနဲ့အတူ ဒေသတစ်ခုရဲ့ ယဉ်ကျေးမှုတွေလည်း စီးမျော ဆက်နွယ်လေ့ရှိတတ်ကြပါတယ်။ ယဉ်ကျေးမှုနဲ့အတူ စျေးနှုန် နဲ့ ထပ်ဆင့်တန်ဖိုးတို့ပါ တစ်ပါတည်း ပြောင်းလဲကြဟန်ရှိကြပါတယ်။

အရင်ခေတ်ကတည်းက ပေါ်ပေါက်စားသုံးခဲ့တဲ့ ထားဝယ်ဒေသရဲ့ အစားအသောက်တစ်ခု ဖြစ်တဲ့ မုန့်လက်သုပ်(မုလပ်သောင့်) ရဲ့တန်ဖိုးဟာ ဒီကနေ့မှာ ကျပ်ငွေ ၁၅၀၀ အထိ မြင့်တက်လာခဲ့ပါပြီ။

ထား၀ယ်ရိုးရာသွားရည်စာြဖစ်တဲ့မုန့်လက်သုပ်ရဲ့ အဓိက ပါဝင်ပစ္စည်း တစ်ခုဖြစ်တဲ့ ပအုန်းရည်ရဲ့ ဖြစ်တည်မှုနောက်က လူမှုဘဝတွေ၊ ယုံကြည်အသုံးဝင်မှုတွေ၊ ခေတ်အဆက်ဆက်ယဉ်ကျေးမှုသမိုင်းတွေနဲ့ ထား၀ယ်လူမျိုးစုရဲ့ ကိုယ်ပိုင်အမှတ်အသားကို ဖော်ပြနိုင်တဲ့ အဓိပ္ပာယ်ရှိတဲ့ မူပိုင်လက္ခဏာ တစ်ခုမဟုတ်ပါလား။

ပင်လယ်ငါး၊ ပအုန်းရည်၊ စပါးလင်၊ ကြက်သွန်တွေအဓိကပါ၀င်တဲ့ မုန့်လက်သုပ်ချက်နည်းချက်ဟန်နဲ့အတူ ထပ်ဆင့်ပြောင်းလဲလာတဲ့ အရသာခံစားမှု ဟာလည်း ရိုးရှင်းတဲ့၊ ထား၀ယ်ဒေသလူနေမှုဘ၀နဲ့ နီးစပ်တဲ့ အစားအသောက်တစ်ခုလို့ပြောလို့ရတယ်။ ဒေသထွက်ပါဝင်ပစ္စည်းတွေနဲ့ အတူ ဗမာ၊မွန်၊ထိုင်း စတဲ့ နီးစပ်ရာ ယဉ်ကျေးမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ချဉ်ငံစပ် အရသာလွှမ်းမိုးမှုတစ်ခုလည်းဖြစ်ပြန်တယ်။ ထားဝယ်မုန့်လက်သုပ်ဟာ ဒေသအစားအစာ တစ်ခုထက်ပိုတဲ့ တန်ဖိုးရှိတဲ့ ထား၀ယ်တွေရဲ့ မူပိုင်လက္ခဏာ ကို ထပ်ဟပ်ပုံဖော်နိုင်တဲ့ အရေးကြီးတဲ့ အစားအသောက်ယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်။

ပြောင်းလဲခြင်းဟာ အရေးကြီးပါတယ်။

လွှမ်းမိုးခံရမှုနဲ့အတူ ကိုယ်ပိုင်အမှတ်အသား မပျက်ပျောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ဘယ်ခေတ်ကိုရောက်ရောက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အမှတ်အသားတွေကို ထိန်းသိမ်းပြီး ရှင်သန်ပြောင်းလဲနိုင်ဖို့၊ ထပ်ဆင့်ပုံဖော်နိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ပြောင်းလဲခြင်းတိုင်းမှာ ဖန်တီးမှုနဲ့ စံတန်ဖိုးတွေ ပါဝင်ပါစေ။

Gar