ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်၊ဆီ၊ငရုတ်နှင့် ကြက်သွန် အပါအဝင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ် ဧပြီလ ၁၉ ရက်နေ့က ထားဝယ် ကမာကြည် ဆန်တစ်အိတ်လျှင် ၉၆,၅၀၀ ကျပ် ရှိရာမှ ယခုသီတင်းပတ် ဧပြီလ ၂၅ ရက်နေ့တွင် ၁၀၀,၅၀၀ ကျပ်သို့ လည်းကောင်း၊ တိုင်းပြင်ပမှ တင်သွင်းသည့် ရွှေမြင့်မိုရ် အမှတ်တံဆိပ် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၂၅၆,၀၀၀ ကျပ်မှ ၂၆၁,၅၀၀ ကျပ်သို့လည်းကောင်း ဈေးနှုန်းများ အသီးသီး မြင့်တက်သွားသည်။
တစ်ပတ်အတွင်း ထားဝယ်ကမာကြည်ဆန်တစ်အိတ်လျှင် ၄,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) တစ်အိတ်လျှင် ၅,၅၀၀ ကျပ်စီ ဈေးတက်လာခြင်းဖြစ်သည်။
အခြားစားသောက်ကုန်များဖြစ်သည့် ကြက်သွန်ဖြူ မှာ ပြီးခဲ့သည့် သီတင်းပတ် ဧပြီလ ၁၉ ရက်နေ့က တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ် ရှိရာမှ ဧပြီလ ၂၅ ရက်နေ့တွင် ၁၃,၀၀၀ ကျပ်သို့လည်းကောင်း၊ ရွှေအပ် ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၁၈,၅၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်သို့လည်းကောင်း၊ဇွဲ အမှတ်တံဆိပ် ပဲဆီတစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်သို့လည်းကောင်း ဈေးတက်သွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်၊ ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၁,၅၀၀ ကျပ်နှင့် ဇွဲအမှတ်တံဆိပ် ပဲဆီတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်စီ အသီးသီး ဈေးတက်သွားခြင်း ဖြစ်သည်။
သို့သော် ကြက်သွန်နီ မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့် ဈေးပြန်ကျလာသည်။ ဧပြီလ ၁၉ ရက်နေ့က ကြက်သွန်နီတစ်ပိဿာလျှင် ၃,၈၀၀ ကျပ် ရှိရာမှ ဧပြီလ ၂၅ ရက်နေ့တွင် ၃,၅၀၀ ကျပ်သို့ ဈေးပြန်ကျသွားခြင်း ဖြစ်သည်။
ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးနှင့် ပုစွန်ဈေးနှုန်းများသည်လည်း ယခုသီတင်းပတ်တွင် ဇယားပါဈေးနှုန်းများအတိုင်း ဆက်လက်မြင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။










