မြိတ်မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ၁၀ နှစ်ဝန်းကျင် ကိုရင်ငယ်တစ်ပါးကို ရဟန်းတစ်ပါးက အပြင်းအထန် ရိုက်နှက်ခဲ့တဲ့ ရုပ်သံတစ်ခု ဧပြီလ ၂၁ ရက်ညမှာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ရုပ်သံပျံ့နှံ့ပြီးတဲ့နောက်မှာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ဧပြီလ ၂၁ရက်မှာ ခံဝန်ထိုးခိုင်းတာ၊ လူဝတ် လဲခိုင်းတာနဲ့ ဧပြီလ ၂၂ရက်မှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားတာတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာတော့ ဓာတ်ပုံအမှားတွေ၊ သတင်းအချက်အလက် အမှားတွေ ပျံ့နှံ့နေတာကိုလည်း တွေ့ရှိရပါတယ်။
အမှုနောက်ဆုံးအခြေအနေ
ကိုရင်ငယ်ကို ရိုက်နှက်ခဲ့တဲ့ ရဟန်းကို ဧပြီလ ၂၁ ရက် ညနေပိုင်းမှာ လူဝတ်လဲပြီး ဧပြီလ ၂၂ ရက်မှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ တရားစွဲဆိုဖို့ မြိတ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားတယ်လို့ မြိတ်မြို့နယ်သာသနာရေးဌာန တာဝန်ရှိသူတစ်ဦးက Dawei Watch ကို ပြောပါတယ်။
လူဝတ်မလဲခင် ဧပြီလ ၂၁ရက် မွန်းလွဲပိုင်းမှာ မူလဒွါရဂိုဏ်းအုပ် မြို့နယ်သံဃနာယက ဥက္ကဋ္ဌကျောင်းက ခေါ်ယူ ဆုံးမခဲ့ပါသေးပါတယ်။
ပျံ့နှံ့နေတဲ့ရုပ်သံပါ ဖြစ်စဥ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလလောက်က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ကိုရင်က စာကျက်ချိန် ဖုန်းခိုးသုံးတာကြောင့် ရိုက်ခဲ့တာဖြစ်တယ်လို့ သိထားရကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။
အဲဒီအကြောင်းအရာတွေကို ဖော်ပြထားတဲ့ Dawei Watch ရဲ့ သတင်းလင့်ခ် – https://shorturl.at/MUufv
စစ်အစိုးရရဲ့ သာသနာရေးဝန်ကြီးဌာနကလည်း အရေးယူထားတယ်လို့ ထုတ်ပြန်ရှင်းလင်းထားပါတယ်။ ထုတ်ပြန်ပြောဆိုချက်ကို အောက်ဖော်ပြပါပုံမှာ ကြည့်နိုင်ပါတယ်။

ရဟန်းဓာတ်ပုံ မှားယွင်းပျံ့နှံ့
ကိုရင်ငယ်ကို ရိုက်နှက်ခဲ့တဲ့ ရဟန်းဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နေတဲ့ ရဟန်းပုံက မှားယွင်းနေတာကို စိစစ်တွေ့ရပါတယ်။
အဲဒီပျံ့နှံ့နေတဲ့ပုံမှာ ရဟန်းတစ်ပါးက ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့လက်မှတ်ယူနေတဲ့ပုံဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံမှာ ကြည့်နိုင်ပါတယ်။

အဲဒီဓာတ်ပုံထဲက ရဟန်းဟာ ကိုရင် ကို ရိုက်ခဲ့တဲ့ ရဟန်းမဟုတ်ဘဲ ကိုရင်အရိုက်ခံနေရတဲ့ ရုပ်သံကို လူမှုကွန်ရက်မှာ တင်ခဲ့သူသာ ဖြစ်တယ်လို့ မိတ်ဆွေရဟန်းတွေကနေ တစ်ဆင့် ပြန်သိရပါတယ်။
ပျံ့နှံ့နေတဲ့ ဓာတ်ပုံထဲက ရဟန်းဟာ ရန်ကုန်ဇာတိဖြစ်ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့နဲ့ အခြားသာသနာဆိုင်ရာ ဒီပလိုမာ ဘွဲ့တစ်ခု ရရှိထားပြီးနောက် မြိတ်မြို့မှာ ရဟန်းဘဝနဲ့ သီတင်းသုံးခဲ့ဖူးတယ်လို့ မိတ်ဆွေရဟန်းတစ်ပါးက ပြောပြပါတယ်။
အဲဒီရဟန်းဟာ လွန်ခဲ့တဲ့ ခြောက်လလောက်ကနေ ရဟန်းဘဝနေ လူဝတ်လဲလိုက်ပြီလို့လည်း ဆိုပါတယ်။
“ဦးပဉ္စင်း အထင်ပြောရင် သူ ဗီဒီယိုဖိုင် တင်ဖို့အတွက် သူရဟန်းဘဝနဲ့တုန်းက သုံးခဲ့တဲ့ (Facebook) အကောင့်ကို အသုံးပြုလိုက်တာ ထင်တယ်” ဟု အထက်ပါမိတ်ဆွေရဟန်းက ပြောဆိုပါတယ်။
Dawei Watch က ကာယကံရှင် ရဟန်းနဲ့ ဆက်သွယ်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရှိသေးပါဘူး။
ကိုရင်ငယ် ရိုက်နှက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ Dawei Watch က ကနဦးသတင်းဖော်ပြရာမှာလည်း ရဟန်းပုံ မှားယွင်းခဲ့ပြီး တစ်နာရီလောက်အကြာမှာ ဓာတ်ပုံကို ပြန်လည်ပြင်ဆင်ဖော်ပြခဲ့ပါတယ်။
ကိုရင်ငယ် ရိုက်နှက်ခံရမှုမှာ အရေးယူဆောင်ရွက်နိုင်ဖို့ လိုက်ပါဆောင်ရွက်နေတဲ့ ရဟန်းတစ်ပါးကလည်း ရိုက်နှက်သူအဖြစ် လူမှုကွန်ရက်မှာ ဖော်ပြနေကြတဲ့ ရဟန်းရဲ့ ဓာတ်ပုံမှားယွင်းနေတယ်ဆို ရေးသားဖြေရှင်းထားပါတယ်။
ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တဲ့ မြိတ်မြို့၊ ပဋိပတ္တိတောရကျောင်း ဆရာတော် ဦးတေဇရဲ့ ပုံနဲ့ မှားယွင်းဖော်ပြနေကြတဲ့ ရဟန်းရဲ့ ဓာတ်ပုံကို ယှဥ်တွဲဖော်ပြပြီး ဖြေရှင်းခဲ့တာပါ။

ရိုက်ခံရတဲ့ကို ရင်ငယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ရုပ်သံအမှား
အခုဖြစ်စဥ်မှာ ရိုက်ခံရတဲ့ ကိုရင်ငယ်ရဲ့ ဓာတ်ပုံလို့ ဆိုပြီး ဆေးရုံခုတင်တစ်ခုပေါ်မှာ မျက်နှာဒဏ်ရာနဲ့ ကိုရင်ငယ်တစ်ပါးရဲ့ ရုပ်သံနှင့် ဓာတ်ပုံကို အများအပြားကူးယူဖော်ပြနေကြတာ တွေ့ရပါတယ်။
ရိုက်နှက်ခံရတဲ့ ကိုရင်ငယ်နဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကိုရင်ငယ်ရဲ့ ဓာတ်ပုံကို တိုက်ဆိုင်စိစစ်ကြည့်တဲ့အခါ ရုပ်ချင်း မဆင်သလို မျက်နှာအသွင်အပြင် ကွဲပြားတာကို တွေ့ရှိရပါတယ်။ ကိုရင်ငယ်တွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိနိုင်တဲ့ အတွက် မျက်နှာပုံကို မဖော်ပြဘဲ အသွင်အပြင်ကို ကြည့်နိုင်ဖို့အတွက်ပဲ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ပြောပြချက်နဲ့ မြိတ်မြို့နယ် သာသနာရေးဌာန တာဝန်ရှိသူရဲ့ ပြောပြချက်တွေအရ အခုဖြစ်စဥ်ဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ကိုရင်ငယ်ဟာ ဆေးရုံတက်ခဲ့ရတာမျိုးမရှိဘဲ လက်ရှိမှာလည်း ကျောင်းတိုက်မှာပဲ ကျန်းကျန်းမာမာရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ဒါ့ကြောင့် အခု ပျံ့နှံ့နေတဲ့ ကိုရင်ရဲ့ ဓာတ်ပုံဟာ ရိုက်နှက်ခံရတဲ့ ကိုရင်ရဲ့ ဓာတ်ပုံ မဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရပါတယ်။
စိစစ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်
အခုအဖြစ်အပျက်ဟာ လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်း ပျံ့နှံ့လာချိန် ဝေဖန်ပြောဆိုမှုတွေကြောင့် နောက်ဆက်တွဲ အရေးယူမှုတွေ လုပ်ဆောင်တာကို တွေ့ရပါတယ်။
ဖြစ်စဉ်အပေါ် လူစိတ်ဝင်စားမှု၊ နောက်ဆက်တွဲအရေးယူမှုကို စောင့်ကြည့်မှု မြင့်တက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်သလို အခြားတစ်ဖက်မှာလည်း သတင်းအမှားတွေ၊ ဓာတ်ပုံအမှားတွေ လျင်လျင်မြန်မြန် ပျံ့နှံ့ခဲ့တာ၊ လက်ရှိအချိန်အထိလည်း ပျံ့နှံ့နေတာမျိုးကို စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







