ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းကို သွားလာခွင့် စစ်အာဏာရှင်တပ်က ပိတ်ထားသဖြင့် ရတနာပုံ သတ္တုမိုင်းတွင် ခဲတူးဖော်နေသူများ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောသည်။
ရတနာပုံမိုင်းသည် ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာတွင် ရှိသည်။
လေညာ-ရတနာပုံလမ်းပိုင်းကို စစ်အာဏာရှင်တပ်က ဧပြီလ အစပိုင်းမှစတင်၍ အဝင်အထွက် ပိတ်လိုက်သောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာများပြတ်လပ်သဖြင့် ခဲတူးဖော်နေသူများ ပြောင်းရွေ့ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ရတနာပုံမိုင်းတွင် ခဲတူးဖော်နေသည့် စက်ယန္တရား ၁၇၀ ဝန်းကျင်ရှိပြီး လက်ဖြင့်လုပ်ကိုင်နေသည့် ခဲလုပ်သားများလည်း ပြောင်းရွေ့သွားကြကြောင်း ၎င်းက ပြောဆိုသည်။
“လမ်းပိတ်တာရော၊ စစ်ကြောင်းထိုးဝင်လာတော့ တိုက်ပွဲဖြစ်တာရော၊ လေယာဥ်ပျံတာရောကြောင့်ပါ ပြောင်းကုန်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်သည် လမ်းပိတ်ပြီးနောက် စက်ယန္တရားများနှင့် ခဲတူးဖော်နေသည့် အလုပ်သမားများ တဖြည်းဖြည်း ပြောင်းရွေ့နေကြပြီး ယခုဇွန်လတွင် ကုန်လုနီးပါးဖြစ်နေပြီ ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ခဲတူးလို့ရပေမယ့် ပြောင်းကုန်ကြတယ်။ ဘယ်ကိုပြောင်းသွားလဲတော့ မသိရဘူး။ တူးထားတာက ဘုရားထံလိုဏ်ဂူ ဘေးပတ်လည်အထိ အကုန် ကုန်နေပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံရွာ (သတ္တုမိုင်း) ကို ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ထားသည်။ ရတနာပုံမိုင်းရွာကို လေညာ-ရတနာပုံလမ်းပိုင်းမှ ဝင်ရောက်ရသည်။
ဧပြီလမှ စ၍ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။







