မြိတ်မြို့တွင် ကိုရင်ငယ်တစ်ပါးအား အပြင်းအထန်ရိုက်နှက်ခဲ့သည့် ပဋိပတ္တတောရကျောင်းဆရာတော် ဦးတေဇကို ခံဝန်ထိုးခိုင်းပြီးနောက် လူဝတ်လဲ၍ အမှုဖွင့်ကြောင်း မြိတ်မြို့ သာသနာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းတွင် မူလဒွါရဂိုဏ်းအုပ် မြို့နယ်သံဃနာယက ဥက္ကဋ္ဌကျောင်းက ခေါ်ယူဆုံးမပြီး ခံဝန်ထိုးခိုင်း ပြီးနောက် ညနေပိုင်း၌ လူဝတ်လဲကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း မြိတ်မြို့နယ်၊ သာသနာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပုဒ်မသည် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။
ကိုရင်ငယ်အား ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းမှာ ဧပြီလ ၂၁ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက် ယင်းသို့ အရေးယူမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ရုပ်သံတွင် ရဟန်းတစ်ပါးသည် ကိုရင်ငယ်တစ်ပါးကို ဒရွတ်တိုက်ဆွဲကာ တုတ်ဖြင့် အချက်ရေများစွာ ရိုက်နေသဖြင့် ကိုရင်ငယ်က အသံကျယ်လောင်စွာငိုယိုနေသည်ကို တွေ့ရသည်။
“စာကျက်ထားခိုင်းချိန် ဖုန်းခိုးသုံးလို့ ရိုက်တယ်လို့ သိထားရပါတယ်။ ဖြစ်စဥ်က (၂၀၂၅ခုနှစ် အောက်တိုဘာ) ဝါတွင်းကာလက ဖြစ်ခဲ့တာပါ။ ဗီဒီယိုက ကျောင်းတိုက်မှာ မနေတော့တဲ့ ဘုန်းကြီးတစ်ပါးပါးဆီက ပျံ့သွားတာမျိုး ဖြစ်နိုင်တယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ရုပ်သံတွင်ပါသည့် ကိုရင်ငယ်မှာလည်း ယခုကျောင်းတိုက်၌ပင် ကျန်းကျန်းမာမာရှိကြောင်း ၎င်းက ပြောဆိုသည် ။







