ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့်တိုက်ပွဲများဖြစ်၊ ဒေသခံများတိမ်းရှောင်ကြရန်အသိပေး

April 23, 2026

တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။

ဧပြီလ ၂၁ရက်တွင် စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့တွင် အင်အားဖြည့်ပြီး ဗောဓိကမ်း-ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းရှိ ၆မိုင်ရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ဆိုသည်။

ယင်းနေ့ နံနက် ၉နာရီတွင် ၅မိုင်ရွာရှိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၂ရက် နံနက် ၈နာရီတွင် ခြောက်မိုင်ရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်တပ်က ၆မိုင်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတယ်။ မနက်ကတည်းက (တိုက်ပွဲ) ဖြစ်နေတယ်။ စစ်တပ်က ၆မိုင်ရောက်နေတယ်” ဟု ၎င်းက ဧပြီလ ၂၂ရက်တွင် ပြောသည်။

စစ်အာဏာရှင်တပ်သည် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာ လမ်းပိုင်းရှိ ဘန်လော၊ ၅မိုင်၊ ၆မိုင်၊ ထုံတော်ကျေးရွာ တစ်လျှောက်ကို အင်အားသုံးတပ်ဖြန့်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနိုင်သလို စစ်အာဏာရှင်တပ်က လေယာဉ်၊ ဒရုန်းတို့ဖြင့်လည်း အချိန်မရွေး တိုက်ခိုက်နိုင်ကြောင်း ဖော်ပြသည်။

စစ်ရေးတင်းမာနေသဖြင့် အဆိုပါလမ်းပိုင်းကို ဒေသခံများ အသုံးမပြုကြရန်၊ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်သဖြင့် ပြည်သူများ ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းကြရန် မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။

“ရွာသားတွေက ပြောင်းကုန်ပြီ။ အရင်တစ်ခါ တိုက်ပွဲဖြစ်တာ ပိတ်မိဖူးတယ်လေ။ အခုက ရွာထဲမှာရော ရွာအနီးမှာရော (တိုက်) ပွဲဖြစ်နေတယ်” ဟု အထက်ပါတော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းသည် တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ ခွဲထွက်ရသည့် လမ်းပိုင်းတစ်ခုဖြစ်သည်။