ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း ဥတ္တူနှင့် စော်ဖျားရွာကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးအပါအဝင် သုံးဦးသေဆုံး

May 21, 2026

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် စောဖျားရွာတို့ကို ယနေ့ မေလ ၂၁ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၄နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ စစ်ရေးလှုပ်ရှားမှု မရှိဘဲ ဥတ္တူနှင့်‌ စော်ဖျားရွာတို့ကို လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

နေ့လယ်ပိုင်း ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဥတ္တူရွာထဲကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ရာ နေအိမ် နှစ်အိမ်ကြား ကျရောက်ပေါက်ကွဲပြီး အဆိုပါနေအိမ် နှစ်အိမ်အပါအဝင် နေအိမ် သုံးအိမ်က မိသားစုဝင်များ ထိခိုက်သေဆုံး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့ သေဆုံးပြီး အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး ဒဏ်ရာရကြောင်း ဥတ္တူရွာ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အိမ်နားမှာပဲ ကြဲသွားတာ။ အခုအထိ ခေါင်းမူးနေတုန်းပဲ။ လေယာဉ်က နှစ်စီးလို့ပြောတယ်။ မြင်တဲ့သူ မြင်ကြတယ်” ဟု ၎င်းက ပြောသည်။

အသက် ၁၄နှစ်အရွယ် မိန်းကလေးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတို့မှာ မောင်နှမ ဖြစ်ပြီး ဒဏ်ရာရသူများတွင် ၎င်းတို့၏ မိဘနှစ်ပါး ပါဝင်ကြောင်း ဒေသခံအမျိုးသမီးက ပြောဆိုသည်။

“၁၄နှစ်ကလေးမက အိမ်အောက်မှာ ပုခက်ထဲ အိပ်ပျော်နေရင်း ထိသွားတာ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းအပြင် စော်ဖျားကျေးရွာ ဘုရားကုန်းကိုလည်း မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်ပင် လေယာဉ်ဖြင့် ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ရာ ဓမ္မာရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။