ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောရဝတီရေတပ်အနီးရှိ ကျေးရွာချင်းဆက်တံတား ပျက်စီးနေမှု ပြန်မပြင်ပေးနိုင်ဟု စစ်အုပ်စုဆို

July 20, 2026

ပုံစာ - တံတားကျိုးပြီးနောက် သံဘောင်ဘေလီဖြင့် အစားထိုးထားသည့် သဘွတ်ချောင်းရွာတံတား။ (ပုံဟောင်း) ဓာတ်ပုံ - သဘွတ်ချောင်းရွာ ပရဟိတ။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့်သဲချောင်းကျေးရွာအုပ်စုအကြားရှိ ကျေးရွာချင်းဆက် တံတားပျက်စီးနေ၍ ပြုပြင်ပေးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်ရာ လုံခြုံရေးအကြောင်းပြချက်ဖြင့် အငြင်းခံလိုက်ရကြောင်း လွှတ်တော်မှတ်တမ်းများအရ သိရသည်။

ဇူလိုင်လ ၈ ရက်က ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ကြံ့ခိုင်ရေးပါတီမှ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဦးမောင်စိန်က ယင်းအဆိုကို တင်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုတွင် ပါရှိသည့် သဲချောင်းကျေးရွာအုပ်စု သဘွတ်ချောင်းရွာတံတားသည် အလျား ၂၅ ပေ၊ အနံ ပေ ၂၀၊ အမြင့် (၁၀) ပေခန့်ရှိသည့် တံတားဖြစ်ပြီး ၂၀၁၉ ခုနှစ်က တောင်ပြို၍ ရေကြီးရေလျှံမှုကြောင့် ကွန်ကရစ်တံတား ကျိုးသွားပြီးနောက် သံဘောင်ဘေလီ၊ သစ်သားအခင်းဖြင့် ယာယီပြုပြင်ပေးထားပြီး ယနေ့အထိ ယင်းအတိုင်း သွားလာနေရကြောင်း ရွာသားများက ပြောသည်။

“တံတားက ပြန်ဆောက်သင့်တာကတော့ ကြာပြီလေ၊ သဲချောင်းအုပ်စုနဲ့ ကျွဲသုံးညီမအုပ်စုက ရွာတွေအကုန် ဒီလမ်းက ဖြတ်နေရတာပဲ။ ပြန်မဆောက်ပေးတာက ဘာလို့လဲမသိဘူး” ဟု သဘွတ်ချောင်းရွာသားတစ်ဦးက ပြောသည်။

သဲချောင်းကျေးရွာအုပ်စုသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ၏ တည်ဆောက်ရေးဧရိယာတွင် ပါဝင်သဖြင့် အထက်ပါအဆိုနှင့် ပတ်သက်၍ စစ်အစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားနေရာသို့ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကွင်းဆင်းစိစစ်ရန် လတ်တလော လုံခြုံရေးအခြေအနေအရ အခက်အခဲရှိကြောင်း၊ တံတားပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်မှသာ မြေပြင်ကွင်းဆင်းစိစစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် ငြင်းဆိုခံရသည့် ယင်းတံတားတည်ရှိရာ သဘွတ်ချောင်းရွာသည် အုန်းပင်ကွင်းရွာရှိ စစ်အုပ်စု၏ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် သုံးမိုင်ခန့်၊ ကင်းတောင်ရွာရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည့် ဧရိယာတွင် တည်ရှိသည်။

“လုံခြုံရေးအကြောင်းပြချက်ဆိုပြီး ငြင်းတာက အကြောင်းပြချက် မခိုင်လုံဘူး။ မြေပြင်အခြေအနေအရလည်း ဘာမှမှန်ကန်မနေဘူး။ ရေတပ်နဲ့ ကပ်နေတဲ့ရွာတွေ ဖြစ်တဲ့အပြင် ဘာတိုက်ပွဲမှ မဖြစ်ဖူးတဲ့နေရာတွေဖြစ်တယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက သုံးသပ်ပြသည်။

ယင်းအပြင် သဘွတ်ချောင်းရွာအပါအဝင် သဲချောင်းကျေးရွာအုပ်စုတွင် မောရဝတီရေတပ်က လက်နက်တပ်ဆင်ပေးထားသည့် အင်အားဆယ်ဂဏန်းဝန်းကျင်ရှိ ပျူစောထီး (ပြည်သူ့စစ်) တပ်ဖွဲ့လည်း အခြေစိုက်ထားကြောင်း ဒေသခံများထံမှ သိရသည်။