မြိတ်ထောင်၊ ကော့သောင်းထောင်နှင့် ရဲဘက်စခန်းများက အကျဉ်းသား၊ အကျဉ်းသူ ၇၀ကျော် လွတ်မြောက် ကြောင်း စစ်အုပ်စု၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ရက်တွင် မြိတ်အကျဥ်းထောင်က အကျဥ်းသား ၁၃ဦး ၊ အကျဥ်းသူ ၂ ဦး စုစုပေါင်း ၁၅ဦး လွတ်မြောက်လာကြောင်း ထုတ်ပြန်ထားသည်။
မြိတ်မြို့နယ် ကျောက်ဖြူတောင်ကုန်ထုတ် (ရဲဘက်) စခန်းက အကျဥ်းသား ၁၅ ဦး၊ နတ်စင်ကုန်း ကုန်ထုတ် (ရဲဘက်) စခန်းက အကျဥ်းသား ၃ဦး၊ အကျဥ်းသူ ၂ဦး စုစုပေါင်း ၃၃ဦး လွတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကော့သောင်းအကျဉ်းထောင်တွင်လည်း အကျဥ်းသား ၂ဝဦး၊ အကျဥ်းသူ ၅ဦး စုစုပေါင်း ၂၅ ဦးတို့ လွတ်မြောက် လာကြောင်း စစ်အုပ်စု၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မြိတ်ထောင်က လွတ်လာသူ ၁၅ဦးတွင်မူ နိုင်ငံရေးအကျဥ်းသားများ မပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ကော့သောင်းထောင်နှင့် ရဲဘက်စခန်းများမှ လွတ်လာသူများတွင် နိုင်ငံရေးအကျဥ်းသားများ ပါဝင်ခြင်း ရှိမရှိကို အတည်မပြုနိုင်သေးပေ။
ထားဝယ်ထောင်တွင်လည်း ယနေ့ လွတ်ငြိမ်းခွင့်ဖြင့် အကျဥ်းသား၊ အကျဥ်းသူ ၁၁ဦးလွတ်လာပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဥ်းသားများ ပါဝင်ခြင်း မရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်းများ အသိုင်းအဝိုင်းထံမှ သိရသည်။
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်အစိုးရ အကျဥ်းသား လေးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ အချို့ကို ပြစ်ဒဏ်လျှော့ခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများတွင် သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာသည်။







