ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးတက်ပြီး စားဖိုဆောင်သီးနှံများ ဈေးငြိမ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ် ဇူလိုင်လ ၅ရက်က ထားဝယ်ဈေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် စိန်သရဖူမှော် ဆန် တစ်အိတ်လျှင် ၁၂၇,၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ဇူလိုင်လ ၁၂ရက်တွင် ၁၂၉,၀၀၀ကျပ်၊ အောင်စင်္ကြာ ၁၁ အပြာ တစ်အိတ်လျှင် ၁၀၁,၅၀၀ကျပ်မှ ၁၁၀,၅၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားသည်။
ထိုကြောင့် တစ်ပတ်အတွင်း စိန်သရဖူမှော် ဆန်တစ်အိတ်လျှင် ၂,၀၀၀ကျပ်၊ အောင်စင်္ကြာ ၁၁ အပြာ ဆန်အမျိုးအစားတစ်အိတ်လျှင် ၉,၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအချို့ ဈေးတက်သော်လည်း တိုင်းထဲက ထွက်သည့် ဆန်အမျိုးအစားများမှာ ဈေးငြိမ်နေသည်။
ယင်းအပြင် ယခုသီတင်းပတ် ထားဝယ်ဈေးကွက်တွင် စားဖိုဆောင်သီးနှံများ အားလုံးနီးပါးမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။
အာလူးမှာမူ ယခုသီတင်းပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးတက်သွားသည်။
ဇူလိုင်လ ၅ ရက်တွင် အာလူးတစ်ပိဿာ ၄,၅၀၀ကျပ်မှ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ၅,၀၀၀ကျပ် ဖြစ်လာသည်။










