မန္တလေးမြို့ရှိ ပရိတ္တဝါဂယ်လာရီပြခန်းတွင် ထားဝယ်သူ ပန်းချီဆရာမတစ်ဦးဖြစ်သည့် ဆရာမကြူကြူ၏ “The Next” အမည်ဖြင့် ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။
မေလ ၈ ရက်နေ့မှ ယနေ့ ၁၂ ရက်နေ့အထိ ပြပွဲရက်များအဖြစ် သတ်မှတ်ထားသော်လည်း ပြခန်းတွင် နောက်ထပ်ပြပွဲတစ်ခု မကျင်းပမီ မေလ ၂၀ ရက်နေ့အထိ ဆက်လက်ပြသထားဦးမည်ဖြစ်ကြောင်း ပြခန်းတာဝန်ရှိသူထံမှ သိရသည်။
ပြပွဲတွင် အငယ်ဆုံး ၁ ပေခွဲ × ၂ ပေ အရွယ် ပန်းချီကားများမှ အကြီးဆုံး ၃ ပေ × ၄ ပေ အရွယ် ပန်းချီကားအထိ Acrylic ဆေးအမျိုးအစား ပန်းချီကားများကို ပြသထားသည်။
တန်ဖိုးကျပ် ဆယ်သိန်းဝန်းကျင်မှ ကျပ်သိန်းသုံးဆယ်ဝန်းကျင်အထိ တန်ဖိုးရှိ စုစုပေါင်း ပန်းချီကား ၂၅ ကား ပြသထားပြီး မေလ ၁၂ ရက်နေ့အထိ ၁၁ ကား ရောင်းချထားပြီးဖြစ်ကြောင်း ပြခန်းထံမှ သိရသည်။












ဆရာမ၏ ခေတ်ပြိုင်အနုပညာလက်ရာဟန်ကို သဘောကျ၍ ပြခန်းဘက်မှ ချိတ်ဆက်ဖိတ်ခေါ်မှုဖြင့် ပန်းချီပြပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြခန်းတာဝန်ရှိသူက ပြောသည်။
၂၀၂၅ ခုနှစ်က ရန်ကုန်မြို့ရှိ Gallery Ohmar ပြခန်းတွင် ပြုလုပ်ခဲ့သည့် ဆရာမကြူကြူ၏ “Link” အမည်ရ ပန်းချီပြပွဲ၏ အဆက်အဖြစ် “The Next” အမည်ရ ပြပွဲကို မန္တလေးတွင် ဆက်လက်ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။
အသက် ၆၀ အရွယ် ခေတ်ပြိုင်အနုပညာ ဆရာမကြူကြူသည် ထားဝယ်မြို့ဇာတိဖြစ်ပြီး ပန်းချီအခြေခံကို ဆရာဦးရဲမြင့်ထံတွင် စတင်သင်ယူခဲ့ကာ ရေဆေးနှင့် အခရိုင်းလစ်ဆေး ပန်းချီပညာကိုမူ ထားဝယ်သား ပန်းချီဆရာကြီး ဦးသိန်းမြင့်သိန်း (ကွယ်လွန်) နှင့် ဆရာကိုကျော်ဝင်းတို့ထံတွင် သင်ယူခဲ့သည်။
ဆရာမကြူကြူသည် တစ်ကိုယ်တော် ပန်းချီပြပွဲ ၁၁ ကြိမ် အပါအဝင် ပြည်တွင်းပြည်ပ ပန်းချီပြပွဲ ၄၀ ကျော်တွင် ပါဝင်ခဲ့သည့် ပန်းချီဆရာမတစ်ဦး ဖြစ်သည့်အပြင် ပါဖောမန့် (Performance – သရုပ်ဖော်) အနုပညာရှင်တစ်ဦးဖြစ်ပြီး ခေတ်မီပန်းပုများကိုလည်း ဖန်တီးသူဖြစ်သည်။







