ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ဖုန်းလိုင်း အပိတ်ခံရမှုများ ဆက်တိုက်ဖြစ်၊ စစ်အစိုးရကို အခွန်မဆောင်၍ဟုဆို

June 11, 2026

ထားဝယ်ခရိုင်တွင် ဒေသခံပြည်သူများ၏ ဖုန်းလိုင်းများ ဖြတ်တောက်ခံနေရပြီး စစ်အစိုးရကို ဖုန်းအတွက် အခွန်မပေးဆောင်၍ လိုင်းပိတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

စစ်အစိုးရသည် မိုဘိုင်းဖုန်းများကို ထိန်းချုပ်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်မှစပြီး စတင်အကောင်အထည်ဖော်လာပြီးနောက် ထိုကဲ့သို့ ဖုန်းလိုင်းများ ဖြတ်တောက်ခံလာရခြင်းဖြစ်သည်။

စစ်အစိုးရမှ အကောင်အထည်ဖော်နေသည့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ထဲတွင် မိမိဖုန်းရှိ ဂဏန်း ၁၅ လုံးပါရှိသော IMEI နံပါတ်ကို မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းများအား မြန်မာပြည်ရှိ မည်သည့်ဆင်းကတ်ကိုမှ ထည့်သုံးနိုင်ခြင်းမရှိအောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။

IMEI နံပါတ်ကို မှတ်ပုံမတင်ရသေးသော ဖုန်းဖြစ်ပါက ဖုန်းထဲသို့ ဆင်းကတ်စထည့်ချိန်မှစပြီး ရက်ပေါင်း ၃၀ တိတိ ပုံမှန်အတိုင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်သုံးစွဲခြင်းတို့ကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း ထိုကာလအတွင်း ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်အစိုးရက ကြေညာထားသည်။

သတ်မှတ်ရက် ၃၀ ပြည့်သည့်အထိ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) တွင် မှတ်ပုံတင်ခြင်းမရှိပါက ထိုဖုန်းအား မြန်မာပြည်ရှိ မည်သည့်ဆင်းကတ်ကိုမှ ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိအောင် စစ်အစိုးရက လုပ်ဆောင်ထားခြင်းဖြစ်သည်။

အထူးသဖြင့် နယ်ကျေးရွာများတွင် နေထိုင်သည့် ဒေသခံများ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသည့် ဒေသခံများမှာ စစ်အစိုးရ၏ ဖုန်းလိုင်းဖြတ်တော်မှုကို ကြုံတွေ့နေရခြင်းဖြစ်သည်။

“ကျွန်တော့်ဖုန်းဆိုရင် ရွာကိုရောက်ကတည်းက ဘယ်ဆင်းကတ်မှထည့်လို့မရဘူး။ ဘာဖြစ်လို့ထည့်လို့မရတာလဲဆိုပြီး မေးကြည့်တော့လည်း မသိကြဘူး” ဟု ကျန်းမာရေးမကောင်းသဖြင့် ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လာသည့် သရက်ချောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

နယ်ကျေးရွာများတွင် နေထိုင်သော ဒေသခံများမှာ စစ်အစိုးရ၏ ဗဟိုမိုဘိုင်းစက် ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) တွင် မှတ်ပုံတင်ရမည်ကိုလည်း မသိရှိကြသလို မည်သို့ မှတ်ပုံတင်ရမည်ကိုလည်း မသိကြသဖြင့် မှတ်ပုံမတင်ဘဲ သုံးစွဲနေကြရာမှ ရုတ်တရက် ဖုန်းလိုင်းအဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“ပြေးရင်းလွှားရင်းနဲ့ ဖုန်းဆက်လို့မရဘဲ ဖြစ်သွားလို့ ဆိုင်သွားပြတာ အခွန်ဆောင်ရမယ်ပြောလို့ တစ်သိန်းငါးသောင်းကျပ် ကုန်ပြီးမှ ဖုန်းပြန်ပြောလို့ရသွားတာ” ဟု လောင်းလုံးမြို့နယ်မှ စစ်ဘေးရှောင် အိမ်ထောင်ရှင်မတစ်ဦးက ပြောဆိုသည်။

အချို့ဒေသခံများမှာ ဖုန်းသုံးစွဲမရဖြစ်နေသော်လည်း ဆောင်ရမည့် အခွန်အခကြီးမြင့်နေခြင်း၊ မည်သို့အခွန်ဆောင်ရမည်ကို မသိခြင်းတို့ကြောင့် လက်ရှိသုံးစွဲနေသော ဖုန်းများအား စွန့်ပစ်ထားလိုက်ကြသူများလည်း ရှိနေကြသည်။

“ကျွန်တော့်ဖုန်းက ဝယ်ထားတုန်းက ဆယ်သိန်းကျော်တယ်။ သုံးနေတာကလည်း သုံးနှစ်ကျော်ပြီဆိုတော့ ဟောင်းနေပြီ။ အဲဒါအခု ဖုန်းလိုင်းဖြတ်ခံရလို့ အခွန်ဆောင်မယ်လုပ်တော့ ခုနစ်သိန်းဆောင်ရမယ်တဲ့။ ကျွန်တော့်သမီးကိုင်နေတဲ့ဖုန်းက ငါးသိန်းဆောင်ရမယ်တဲ့။ နှစ်ယောက်ပေါင်းဆို ဆယ်သိန်းကျော်လေ။ အဲဒါအခု အခွန်ပဲဆောင်ရမလား၊ မဆောင်ရဘူးလား စဉ်းစားမရဘဲ ဖြစ်နေတယ်” ဟု ထားဝယ်မြို့ပေါ်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်အစိုးရသည် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အခွန်သတ်မှတ်ထားခြင်းကြောင့် ဈေးကြီးသည့်ဖုန်းများမှာ အခွန်အခလည်း ပိုမိုကြီးမြင့်စွာ ပေးဆောင်ရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

၁၅၇၇ နှင့် ၁၇၅၅ Call Center နံပါတ်တို့ကို ဆက်သွယ်ပြီး မိမိမိုဘိုင်းဖုန်းကို ကိုယ်တိုင်အခွန်ဆောင်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ အဆိုပါဖုန်းနံပါတ်များကို ဆက်သွယ်၍မရသည်က များကြောင်းလည်း ဒေသခံတို့နှင့် ဖုန်းဆိုင်ပိုင်ရှင်တို့က ပြောဆိုသည်။

“ကိုယ်တိုင်အခွန်ဆောင်ဖို့ဆိုပြီး အခွန်ရုံးကို ဘယ်လိုလုပ်ရမလဲ ဖုန်းဆက်မေးတာလည်း သူတို့လည်း ဒီကိစ္စကို မသိဘူးဆိုပြီး ဖြေတယ်” ဟု မေလက ကိုယ်တိုင် အခွန်ရုံးသို့ ဖုန်းဆက်မေးမြန်းဖူးသူ တစ်ဦးက ပြောဆိုသည်။

ယင်းအတွက်ကြောင့် ဖုန်းဆိုင်တစ်ဆိုင်သို့သွားပြီး အခွန်ဆောင်ခိုင်းရာ အခွန်ဆောင်ခအပြင် ဝန်ဆောင်ခ ကျပ်တစ်သောင်းပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အခွန်ဆောင်ပြီးပါက ၁၅ မိနစ်အတွင်း ပုံမှန်အတိုင်း ဖုန်းပြန်ခေါ်ဆို၍ ရသွားကြောင်းလည်း ဝန်ဆောင်မှုပေးနေသည့် ဖုန်းဆိုင်ပိုင်ရှင်တို့က ပြောဆိုသည်။

လက်ရှိတွင် စစ်အစိုးရအား အခွန်မဆောင်သဖြင့် ဖုန်းလိုင်းဖြတ်တောက်ခံရသူများ များပြားလာသည်ဖြစ်ရာ အခကြေးငွေယူပြီး အခွန်ဆောင်ပေးသည့် ဈေးကွက်တစ်ခုလည်း ပေါ်ပေါက်လာနေပြီး ဖုန်းတစ်လုံးလျှင် ဝန်ဆောင်ခ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုသည်မှာ မိုဘိုင်းဖုန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ၏ စက်ပစ္စည်းအမှတ်အသား (IMEI) များကို မှတ်ပုံတင်ပြီး ကွန်ရက်အတွင်း အသုံးပြုခွင့်ကို ထိန်းချုပ်သော စနစ်တစ်ခုဖြစ်သည်။