ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သင်္ကြန်အပြီး မြိတ်-ထားဝယ် အမြန်ရေယာဉ်တိုက်ရိုက်ပြေးဆွဲမည်

April 11, 2026

ဓာတ်ပုံ - Dawei Watch

မြိတ်မှ ထားဝယ်သို့ အမြန်ရေယာဉ် တိုက်ရိုက်ခရီးစဉ်ကို သင်္ကြန်ကာလအပြီးတွင် စတင်ပြေးဆွဲမည်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

ခရီးသည် နှစ်ရာဦးခန့် တင်ဆောင်နိုင်သည့် ၉၉၉ ကမ်းရိုးတန်း အမြန်ရေယာဉ်ဖြင့် ဧပြီလ ၁၉ ရက်ကစပြီး ပြေးဆွဲမည် ဖြစ်ကြောင်း မြိတ်မြို့ရှိ ပုဂ္ဂလိကခရီးသွားဝန်ဆောင်မှုလုပ်ငန်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလ ၁၉ ရက် နံနက်ပိုင်းကစပြီး မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားမှ ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း ဆိပ်ကမ်းသာဘောတံတားသို့ တိုက်ရိုက်ပြေးဆွဲမည် ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းအနီး ပင်လယ်၀တွင် ရပ်နားခဲ့ပြီး ထားဝယ်မြို့သို့ စပိဘုတ်များဖြင့် တစ်ဆင့်ခံ ပြန်လည် ပို့ဆောင်ရသည်။

“ခရီးသည်တွေကို စပိဘုတ်နဲ့ တစ်ခါ ပြန်ကဲ့ (သယ်) ရတော့ ခရီးသည်တွေက မကြိုက်ကြဘူး။ အခုကျတော့ ထားဝယ်ကို တိုက်ရိုက်ဝင်မယ်လို့ စီစဉ်တာပေါ့နော်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ထားဝယ်သို့ တိုက်ရိုက်သွားရာတွင် ရေလမ်းကြောင်း ရှာဖွေသွားလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခရီးစဉ်မှာ ခြောက်နာရီခန့် ကြာမည်ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ၂၅ကီလိုဂရမ် အထိ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါခရီးသွားလုပ်ငန်းထံမှသိရသည်။

မြိတ်-ထားဝယ် အမြန်ရေယာဉ်ခရီးစဉ် တစ်ကြောင်းလျှင် လူတစ်ဦး ကျပ်နှစ်သိန်းခွဲခန့် ကောက်ခံနေရာမှ တိုက်ရိုက် ပြေးဆွဲချိန်တွင် ခရီးစဉ်တစ်ကြောင်း ကျပ်နှစ်သိန်းသာ ကောက်ခံမည်ဖြစ်ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

သင်္ကြန်ပြီးချိန်ကာလသည် မိုးကြိုရာသီဖြစ်ခြင်းကြောင့် စပိဘုတ်အစား အမြန်ရေယာဉ်ဖြင့် ပြေးဆွဲလျှင် ပိုမိုအဆင်ပြေကြောင်း ထားဝယ်မြိုခံခရီး အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မိုးတွင်းဆိုတော့ စပိဘုတ်က မသေချာဘူး။ အမြန်ရေယာဉ်ပြေးဆွဲမယ် ဆိုရင်တော့ ခရီးသွားတွေအတွက် အန္တရာယ်ကင်းတယ်။ ပိုအဆင်ပြေတယ်ပေါ့လေ” ဟု ၎င်းက ပြောသည်။

ဧပြီလ ၂၀ ရက်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ ၉၉၉ အမြန်ရေယာဉ်ခရီးစဉ်အပြင် Spead Boat လည်း ပြေးဆွဲမည်ဖြစ်ကြောင်း အထက်ပါခရီးသွား ဝန်ဆောင်မှုလုပ်ငန်းထံမှ သိရသည်။

ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ကို ခရီးစဉ်ကို ဆယ်နှစ်ကြာရပ်နားထားရာမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ မြိတ်-ထားဝယ် ကားလမ်းတွင် တိုက်ပွဲများကြောင့် ရေလမ်းခရီးစဉ်ကို ပြန်လည် ပြေးဆွဲခြင်း ဖြစ်သည်။

မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲများကြောင့် ကားလမ်းပိတ်နေဆဲဖြစ်သည်။